.

ရှာမှရှား-သတင်းစာဆရာ {ဒုတိယပိုင်း}

Saturday, 12, 07, 2008. / ၁၃၇၀ ခုနှစ်၊ ၀ါဆိုလဆန်း (၁၀) ရက်။

ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်လာတော့ အဂ္ဂါစနိုးဟာ သတင်းစာဆရာပီပီ ကမ္ဘာအနှံ့ စစ်ကျုံးဝင်ရာ ဒေသတွေ လျှောက်သွားပြီး သတင်းအမျိုးအမျိုးကို ရယူ ရေးသားပြန်တယ်။ အမေရိကန် သတင်းစာတိုက်တွေကို သတင်းတွေ ပို့ပေးနေပြန်တယ်။
ဒိနောက် ကမ္ဘာစစ်ကြီး ပြီးလို့ ကမ္ဘာ့နိုင်ငံတွေရဲ့ အနေအထား အပြောင်းအလဲ အမျိုးမျိုး ဖြစ်ပေါ်လာတဲ့အခါ အမေရိကန် ပြည်ထောင်စုမှာ မက္ကာသီတို့ လူသိုက် ကြီးစိုးပြီး၊ ကွန်မြူနစ် ဆန့်ကျင်ရေး၊ ပြည်သူ့ ဆန့်ကျင်ရေး တိုက်ပွဲကြီး အကြီးအကျယ် ဆင်နွှဲလာပြန်တယ်။

အဲဒီ အချိန်မှာ အမေရိကန်အာဏာပိုင်တွေက အဂ္ဂါစနိုးဟာ ကွန်မြူနစ်ဆန်လွန်းတယ်၊ တရုတ် အပေါ်ညွှတ်လွန်းတယ်ဆိုပြီး နှိပ်ကွပ်မှုတွေ ပြုလာတာကြောင့် သူ့အရေးအသားတွေကို ထည့်ဝံ့တဲ့ စာနယ်ဇင်းတွေ မရှိသလောက် နည်းလာတယ်။ ဒါကြောင့် အဂ္ဂါစနိုးအဖို့ စီးပွါးရေး အလွန် ထိခိုက်နစ်နာ ခဲ့ရတယ်။ နို့ပေမယ့် ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ် အဂ္ဂါစနိုးက သူ့ ယုံကြည်ချက်ကို အပွန်းမခံဘူး၊ တရွေးသားမှလည်း ဆုတ်မပေးခဲ့ဘူး။


၁၉၆၀ ပြည့်နှစ်မှာ အဂ္ဂါစနိုး တရုတ်ပြည်ကို တခေါက် အလည်ပြန်ရောက်ခဲ့တယ်။ ဒီတခေါက်မှာ သူနဲ့ အကြာကြီး ကွဲကွါနေခဲ့တဲ့ မိတ်ဟောင်းဆွေဟောင်း၊ ပေါင်းဟောင်း သင်းဟောင်းတွေနဲ့ ပြန်တွေ့ရရုံမကဘူး၊ အဂ္ဂါစနိုးက သူအရင်က နေဖူး ရောက်ဖူးတဲ့ အရပ်တွေအားလုံး တခေါက်ပြန်ကြည့်တယ်။ ကြည့်ရင်း တွေ့သမျှ မြင်သမျှ အပြောင်းအလဲ ကွဲပြားခြားနားမှုတွေကိုလည်း မှတ်သားတယ်။ ပြီးတော့ ၁၉၆၂ ခုနှစ်မှာ စာမျက်နှာ (၈၀၀) ရှိတဲ့ 'ဘ၀ချင်းမတူတဲ့တရုတ်ပြည်' (The Other Side of The River) ဆိုတဲ့ ခေတ်သစ် တရုတ်ပြည်ကြီးသမိုင်းကို ရေးသားထုတ်ဝေလိုက်ပါတယ်။

ဒီစာအုပ်ကြီးလည်း 'တရုတ်ပြည်ပေါ်ကကြယ်နီ' လိုပဲ ဂန္ထ၀င်မြောက်တယ်။ ကနေ့ တရုတ်ပြည်ကြီး အကြောင်းကို သမိုင်းဝင် မော်ကွန်းထိုးတာပဲလို့ ကမ္ဘာ့စာဖတ်ပရိသတ်က လက်ခံအတည်ပြု ထားကြပါတယ်။ ၁၉၆၅ ခုနှစ်မှာ အဂ္ဂါစနိုးတရုတ်ပြည်ကို တခေါက်ပြန်လာတယ်။ အချက်အလက်တွေ စုဆောင်းပြန်တယ်။ ဒါပေမယ့် မကြာခင်အတွင်း တရုတ်ပြည်ကြီးမှာ ယဉ်ကျေးမှု တော်လှန်ရေး ကြီး ပေါ်ပေါက်လာတော့ သူရေးမယ့်စာအုပ်ကို မရေးသေးပဲ အချက်အလက်တွေကိုသာပဲ စုဆောင်းထားပြီး အခြေအနေကို စောင့်ကြည့်တယ်။

၁၉၇၀ ပြည့်နှစ်မှာ တရုတ်ခေါင်းဆောင်များက သူ့ကို တကြိမ် ဖိတ်ကြားပြန်တယ်။ ဒီတချီ ဖိတ်တဲ့အခါမှာ တရုတ်ခေါင်းဆောင်တွေ ဖြစ်တဲ့ မော်စီတုန်းတို့၊ ချိုအင်လိုင်းတို့နဲ့ အဂ္ဂါစနိုး တွေ့ဆုံမေးမြန်းတဲ့အခါ တရုတ်ခေါင်းဆောင်တွေကလည်း အနောက်နဲ့ ပြေလည်မှု ရချင်တဲ့ လေသံတွေ ပါလာတာမို့ အဂ္ဂါစနိုးနဲ့ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမေးမြန်းမှု သတင်းတွေဟာ ကမ္ဘာအရပ်ရပ်က သတင်းစာတွေမှာ သတင်းကြီးအဖြစ်နဲ့ ဖော်ပြတာ ခံရတယ်။

အဲဒီအခေါက်မှာတော့ အဂ္ဂါစနိုးရဲ့ ကျန်းမာရေးဟာ အရင့်အရင် အခေါက်တွေကလို မကောင်းရှာတော့ဘူး။ ဒါကြောင့် ရေးတာ သားတာတွေ အရင်ကလို မြန်ဆန်သေးပေမယ့် ခဏနဲ့ပန်းတဲ့ လက္ခဏာတွေ ပြပြလာပြီ။ ဒါထဲက သူက ငယ်သွေးငယ်မူ မပျောက်စေဘဲ ရယ်စရာ မောစရာလေးတွေကို ပြောနေကျအတိုင်း မကြာခဏ ပြောတတ်ပါသေးတယ်။ ဒီတခေါက် သူက သူ့ဇနီးကိုပါ ခေါ်လာတာမို့ သူ့ဇနီးက သူ့ကို စက္ကရီတေရီတယောက်နဲ့မခြား အစစ အရာရာမှာ ကူညီနိုင်တာမို့ သူ့ဆောင်းပါးတွေဟာ နိုင်ငံတကာ စာနယ်ဇင်းတွေမှာ ဆက်တိုက် ပါလာနိုင်ခဲ့တယ်။

အဂ္ဂါစနိုးကိုယ်တိုင်လည်း သူကြားသိရတဲ့ အကြောင်းအရာ တွေနဲ့ ပါတ်သက်ပြီး တအံ့တသြ သဲထိတ်ရင်ဖို ရှိခဲ့တာကိုး။ အဂ္ဂါစနိုးဟာ တရုတ်ခေါင်းဆောင် တွေ အပေါ်ကို လေးစားချစ်ခင် ယုံကြည်မှု နည်းနည်းမှ မလျော့တဲ့အပြင် တနေ့တခြား ပိုလို့သာ ကြီးမားလာခဲ့သူ မဟုတ်လား။ အဲဒီတခေါက်ပြီးလို့ ဆွစ်ဇီလန်ပြန်ရောက်တော့ သူ လူမမာ လုံးလုံးဖြစ်ရှာတာပဲ။ တရုတ်ပြည် မလာခင်ကလေးကမှ ခွဲစိတ်ကုသမှုတခု လုပ်ခဲ့ရသေးတယ်။ ခုအပြန်မှာ နောက်တကြိမ် ခွဲစိတ်ကုသ ခံရဦးမယ်တဲ့။

ဒါသာဖြစ်တယ်။ မစ္စတာ ရယ်ဝီအယ်လီတို့ဆီကို သူဆွစ်ဇာလန်ကနေပြီး ရေးတဲ့ စာတွေထဲမှာ သူ့အလုပ်အတွက်ရော၊ တရုတ်ပြည်ကြီးအတွက်ရော၊ မျှော်လင့်ချက်တွေ အပြည့်နဲ့ချည့်ပဲ။ သူလဲ တရုတ်ပြည်ကို လာခဲ့ဦးမယ်လို့ ရေးခဲ့တာချည်းပဲ။
နို့ပေမယ့် သူထင်သလို ဖြစ်မလာခဲ့ပါဘူး၊ သူရတဲ့ရောဂါက ပထမတော့ ခါးနာတာ သာမန်လောက် သူက သဘောထားခဲ့တာ ဖြစ်ပေမယ့် နောက်တော့ ကနေ့ သိပ္ပံပညာက ကျော်လွှားအောင်မြင်မှု မရရှိသေးတဲ့ ကင်ဆာရောဂါ ဖြစ်နေတာကို တွေ့ရတယ်။

အဂ္ဂါစနိုး မကျန်းမမာနဲ့ စိုးရိမ်ဖွယ် အခြေအနေမှာ ဖြစ်နေတယ်လို့ ကြားကတည်းက သူချစ်တဲ့ တရုတ်မိတ်ဆွေတွေက သူတို့ ဘာများကူညီနိုင်မလဲ ဆိုပြီး တရုတ်ဆရာဝန်တွေနဲ့ တရုတ်သူနာပြုဆရာမတွေကိုလည်း လွှတ်ပေးတယ်။ အဂ္ဂါစနိုး ယင်အန်းကို သွားတုန်းက အဂ္ဂါစနိုးနဲ့ ရဲဘော်ရဲဘက်အဖြစ် အတူလိုက်ပါတဲ့ ဒေါက်တာဂျော့ဟေတမ်၊ အခုတရုတ်ပြည်မှာ ဆရာဝန်ကြီး မဟိုင်တေ့လို့ ကျော်ကြားတဲ့ သူ့အချစ်ဆုံး မိတ်ဆွေတယောက်ကိုလည်း စေလွှတ်ပေးပါတယ်။ ချန်ကေရှိတ်တို့ နယ်မြေကနေ ကွန်မြူနစ်တွေရှိရာကို ခိုးထွက်ကြတော့ လမ်းပြအဖြစ် လိုက်ခဲ့တဲ့ ကောင်ကလေး။ ခုတော့ နယူးယောက်မှာ ကုလသမဂ္ဂဆိုင်ရာ တရုတ် ကိုယ်စားလှယ်တော်ကြီး ဖြစ်နေတဲ့ မစ္စတာဟွမ်ဟွာကိုလည်း အဂ္ဂါစနိုးဆီကို လူမမာမေး လွှတ်ပါတယ်။

အဂ္ဂါစနိုးက အားနာတတ်သူ၊ သူများအတွက်သာ စဉ်းစားတတ်သူမို့ မစ္စတာဟွမ်ဟွာ၊ ချူအင်လိုင်းစာကို ယူလာပြီး ပို့တဲ့ ဆွစ်ဇာလန်သံအမတ်ကြီး ချန်ချီဖန်းတို့ကို မြင်တော့ "ကျွန်တော့်အတွက် ဒုက္ခရှာလို့ ဒါလောက်ခရီးဝေးကြီးက ဘာလို့ လာကြသလဲ၊ ခင်ဗျားတို့က အလုပ်များတဲ့ လူတွေပါ၊ ကျွန်တော်က ကိစ္စမရှိ ပါဘူး" လို့ အားနာစကား ပြောသေးသတဲ့။
တရုတ်ဆရာဝန်တွေ၊ သူနာပြုတွေကိုလည်း သူ့ဝေဒနာ ခံစားနေတဲ့ကြားက သူ့အိမ်သားတွေက ဂရုစိုက်ရဲ့လား၊ စားတာ နေတာအဆင်ပြေအောင် စီမံပေးရဲ့လားလို့ တမေးမေးနဲ့ နေပါသေးတယ်။

တကယ်တော့ သူ့ဝေဒနာကို သူသိပါတယ်။ သူ ဒီတောင်က မကျော်နိုင်ပါဘူးဆိုတာ လည်း သူ သိပြီးပါပြီ။ နို့ပေမယ့် သူနာပြုတွေ အားမငယ်ရအောင် သူက မသိဟန်ဆောင် လိုက်သေးတယ်။ သူ့ သူငယ်ချင်း ဂျော့ဟေတမ်ရဲ့ လက်ကို ဆုပ်ထားပြီး "ကဲ ခင်ဗျားတို့ ဘာလုပ်ပေးကြမှာလဲ၊ လုပ်စရာ ရှိတာ လုပ်ပေးကြဗျာ၊ ကျုပ်ဘယ်တော့ အလုပ်ပြန်လုပ်နိုင် မှာလဲ" လို့ ပြုံးပြီးပြောသေးသတဲ့။

ကုလသမဂ္ဂကိုယ်စားလှယ် ဟွမ်ဟွာနဲ့ ဆရာဝန် ဂျော့ဟေတန်တို့နှစ်ယောက် အဂ္ဂါစနိုး အိပ်ရာဘေး ရောက်တဲ့အချိန်မှာ လွန်ခဲ့တဲ့ (၃၆)နှစ်က ယင်အန်း အတူသွားခဲ့တာကို ရည်ရွယ်ပြီး 'တောပုန်းကြီးသုံးယောက်' ဆုံမိကြပြန်ပြီကောလို့ သူက ရယ်စရာ ပြောလိုက်သေး တယ်။ ဟိုတုန်းက ကွန်မြူနစ်တွေကို 'တောပုန်းဓားပြ' တွေလို့ ချန်ကေရှိတ်တို့ ဘက်က ခေါ်သကိုး။

အဂ္ဂါစနိုးဟာ သူ့နောက်ဆုံးအချိန်ကို သူချစ်ခင်တဲ့ ဇနီး၊ သားသမီးနဲ့ မိတ်ဆွေ ရဲဘော်များ အကြားကနေပြီး ၁၉၇၂ ခု ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ မပြန်လမ်းကို အပြီး ထွက်ခွါသွားပါတော့တယ်။ အဂ္ဂါစနိုး မဆုံးခင်က အလွန်အရေးကြီးတဲ့ စာတအုပ် ပြုစုနေတာ တော်တော်ပြီးတဲ့ အခြေအနေနဲ့ ကျန်ရစ်တယ်လို့ သိရတယ်။ သူ့ဇနီးက ဒီလက်ငုတ်ကို အပြီးသတ် ထုတ်ဝေနိုင်မလားတော့ မသိဘူး။ သူအနိစ္စရောက်ပြီး တလကျော် အကြာမှာ ကျန်ရစ်တဲ့ဇနီး မစ္စစ်လိုဂီဝှီလာစနိုးနဲ့ သားသမီးများကို တရုတ်ပြည်က စိတ်ပြေလက်ပျောက် အလည်လာဖို့ ဖိတ်ကြားလို့ မတ်(၂၆) ရက်နေ့က မစ္စစ်စနိုးနဲ့ သူ့ညီမ ကာရှင်ဝှီလာ၊ သူ့သား ခရစ္စတိုဖာစနိုးတို့ ပီကင်းကို ရောက်လာကြတယ်။

မစ္စတာစနိုး ဆုံးတယ်ဆိုတော့ ဥက္ကဌကြီးမော်စီတုန်းက "တရုတ်ပြည်သူတွေရဲ့ အသည်း နှလုံးထဲမှာ သူ့ကို အမြဲသတိရနေကြမှာပါ" လို့ သူ့ဇနီးဆီကို (၁၆-၂-၇၂) နေ့မှာ ၀မ်းနည်းကြောင်း ကြေးနန်းရိုက်ကြားရာမှာ ဖော်ပြပါတယ်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက ပို့ပေးတဲ့ ၀မ်းနည်းသ၀ဏ်လွှာမှာတော့ မစ္စတာစနိုး ရွက်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေကို ဖော်ပြပြီးတဲ့နောက် "မစ္စတာစနိုးကတော့ ကျွန်တော်တို့ကို ခွဲခွါသွားရှာပြီ၊ နို့ပေမယ့် သူ့တသက်လုံး လုပ်ဆောင်သွားခဲ့တဲ့ တရုတ်အမေရိကန် ပြည်သူချင်း ချစ်ကြည်ရေးကတော့ တနေ့တခြား ကြီးထွားနေမှာ အမှန်ပါဘဲ" လို့ ရေးသားထားပါတယ်။

မဒမ် ဆွန်ချင်လင်းက ပို့တဲ့ သ၀ဏ်မှာတော့ "ဖောက်ပြန်တဲ့ တိုင်းရင်းသား ဖက်ဆစ် တွေနဲ့ ဂျပန်စစ်ဝါဒီတွေရဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်ရာမှာ မစ္စတာစနိုးရဲ့ မဆုတ်မနစ် ထောက်ခံအားပေးမှုကို သတိရတယ်" ဆိုတဲ့အကြောင်း ဖော်ပြပါရှိပါတယ်။
သူ့ရဲဘော် ဆရာဝန် ဂျော့ဟေတန်ကတော့ မစ္စတာစနိုးဟာ သေလုမျောပါး နာမကျန်း ဖြစ်လာတော့ သတင်းစာတစောင်ကိုတောင် ဖတ်ဖို့ လက်က ကိုင်မထားနိုင်တော့ဘူး။ အဲဒီအချိန်မှာ သူ့သားနဲ့သမီးကို အင်ဒိုချိုင်းနားစစ်သတင်းတို့၊ တရုတ်အမေရိကန်ဆက်ဆံရေး သတင်းတို့ကို ဖတ်ပြခိုင်းပြီး နားထောင်သတဲ့။ ဒီလို ကိုယ့်ဝေဒနာကြီးကို ဘေးဖယ်ထားပြီး ကမ္ဘာ့ပြည်သူတွေရဲ့ အတိဒုက္ခကို စဉ်းစားနိုင်တယ်ဆိုတာ တော်ရုံသဖြင့် စိတ်ထားကြီးမြင့်တဲ့ သူမျိုး မဟုတ်ဘူး။

အင်မတန် စိတ်စေတနာကောင်း ရှိသူမို့ ဒီလိုပြုမူနိုင်တာ ဖြစ်တယ်။ ဒါကြောင့် မစ္စတာစနိုး ကွယ်လွန်သွားပြီဆိုတော့ ဆရာဝန် မဟိုင်တေ့က - "လူသားတိုးတက်မှုအတွက် ကိုယ့်ယုံကြည်ချက်ကို တစက်မှ အလျှော့မပေးဘဲ တသက်လုံး လုပ်ဆောင် အောင်မြင်သွားတဲ့ လူများကို ကျုပ်တို့ အလေးပြုရမယ်၊ အဂ္ဂါစနိုးဟာ ဒီလို လူစားပဲ" လို့ ရေးသားလိုက်ပါတယ်။ သူ့ရဲဘော်ကြီး ရယ်ဝီအယ်လီကတော့ အဂ္ဂါစနိုး ဆုံးပြီဆိုတဲ့အချိန်မှာ သူက သူ့နေရင်း တိုင်းပြည် နယူးဇီလန်မှာ ရောက်နေတယ်။ ခရိုက်ချပ်မြို့ထုတ် သတင်းစာတစောင်မှာ အဂ္ဂါစနိုးရုပ်ပုံနဲ့ ကွယ်လွန်ရှာပြီ ဆိုတဲ့သတင်းကို ဖတ်လိုက်ရတော့ ဒီသတင်းကို မအံ့သြပေမယ့် တုန်လှုပ်သွားသတဲ့။

နောက်တော့ သူ့ရုပ်ပုံလေးကို စိုက်ကြည့်နေမိတယ်။ သူ့ရုပ်ပုံထဲက အဂ္ဂါစနိုးရဲ့ တည်ငြိမ်ပြီး အမြဲစူးစမ်းနေတဲ့ မျက်လုံးကို မြင်ရတော့ တရုတ်ပြည် အနောက်မြောက်ပိုင်းဒေသမှာ ချမ်းချမ်းစီးစီး ခေါင်းခေါင်းပါးပါးနဲ့ လေတဟူးဟူး ဖုံတထောင်း ထောင်း ဒေသကြီးမှာ အင်မတန် သတ္တိပြောင်မြောက် ရဲရဲ့တဲ့ တပ်သားကြီးတွေ အများအပြား ပဲ။ သူတကာ ကောင်းကောင်းမွန်မွန် နေရပါစေတော့ ဆိုပြီး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြ တယ်။ ခုလည်း အဂ္ဂါစနိုးတယောက် ကျဆုံးရှာပြန်ပြီ။ အဂ္ဂါ သူ့ချည်းမဟုတ်ပါဘူး။

အဖော် အလှော် ကောင်းတွေ အများကြီးနဲ့ နေမှာပဲလို့ တွေးရင်း သူ့အတွက် လွမ်းချင်းကဗျာတပုဒ် ရေးစပ်လိုက်ပါတယ်။
အဂ္ဂါစနိုးလို လူတော်လူကောင်းတယောက်ကို တရုတ်တွေ၊ အမေရိကန်တွေကသာ လွမ်းကြတာ မဟုတ်ဘူး။ အမှန်တရားကို သတ္တိနဲ့ ရှာဖွေဖော်ထုတ်မှုကို တန်ဖိုးထားတတ်တဲ့ လူသားတိုင်းက လွမ်းဆွတ်တမ်းတကြမှာ အမှန်ပါပဲ။

လူထုဒေါ်အမာ

[ရှုမ၀ ရုပ်စုံမဂ္ဂဇင်း၊ အတွဲ-၂၆၊ အမှတ် ၃၀၅၊ ၁၉၇၂ အောက်တိုဘာမှာ ဖော်ပြခဲ့တာ ဖြစ်ပြီး၊ မာယာက ဥတ္တလမင်းစာပေကထုတ်တဲ့ 'လူထုဒေါ်အမာရဲ့ လွမ်းသူ့စာ' စာအုပ်၊ ၂၀၀၃ခုနှစ် မှ ပြန်လည်ကူးယူပါတယ်။]

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့