.

အစဉ်ပြောင်းလဲနေသောကမ္ဘာကြီးနှင့် မြန်မာပြည်

၁၃၇၀ ပြည့်နှစ်။ တပေါင်းလပြည့်။ အင်္ဂါနေ့။


ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးဂေါ်ဘာချော့ဗ် (သို့)
မြင့်မြတ်သောဆိုဗီယက်ယူနီယံကို အဆုံးသတ်သွားခဲ့တဲ့ မြင့်မြတ်တဲ့ခေါင်းဆောင် ဂေါ်ဘာချော့ဗ်

-မြတ်စိုး-

စစ်အေးခေတ်နှောင်း တိုက်ပွဲကာလအတွင်း ဆိုဗီယက်ယူနီယံကို ဦးဆောင်ခဲ့တဲ့ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဂေါ်ဘာချော့ဗ်က လက်ရှိ ရုရှားဝန်ကြီးချုပ် ဗလက်တီမီရာ ပူတင်ဦးဆောင်တဲ့ ရုရှားညီညွှတ်ရေးပါတီကြောင့် ရုရှားနိုင်ငံမှာ ကွန်မြူနစ်များဟာ အဆိုးဝါးဆုံးသော အခြေအနေကို ရင်ဆိုင်နေရပြီလို့ ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးကို လိုလားပြီး ပွင့်ပွင့်လင်းလင်းဝေဖန်မှုကို အားပေးထောက်ခံခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဂေါ်ဘာချော့ဗ်က ရုရှားနိုင်ငံရဲ့ ပါလီမန်နှင့် တရားစီရင်မှုတွေမှာ လွတ်လပ်မှုမရှိဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့သလို ယနေ့ ကမ္ဘာမှာရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းဟာ အနောက်နိုင်ငံတွေ အနေနဲ့ အရင်းရှင်စံနစ် အပေါ် ယုံကြည်မှုလွန်ကဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးလို့ အေပီသတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းတစ်ခုမှာ ပြစ်ပြစ်နစ်နစ်ပဲ ဝေဖန်သွားခဲ့တယ်။


အမေရိကန်ဟာ စစ်အေးတိုက်ပွဲကို အနိုင်ရခဲ့တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေပေမဲ့ ၊ ဒီနေ့ ကမ္ဘာမှာ စီးပွားရေးအကြပ်အတည်းတွေ၊ ကပ်ဆိုးကြီးတွေ ဖြစ်ပျက်နေတာတွေဟာ အရင်းရှင်စံနစ် ကျဆုံးခန်းအတွက် သင်ခန်းစာယူဖို့ အချိန်ကျရောက်နေပါပြီလို့ ရှုံ့ချပြောဆိုသွားခဲ့တယ်။ အရင်းရှင်စံနစ်ရဲ့ ကျဆုံးမှုတွေကို ဒီနေ့ အမေရိကန်သတင်းမီဒီယာတွေမှာ ခင်ဗျားတို့ ကျယ်ကျယ် လောင်လောင်ကြားနေရပြီမဟုတ်လားလို့ သူရဲ့သုံးသပ်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။

ဒါပေမဲ့ ဂေါ်ဘာချော့ဗ်ကို ကမ္ဘာ့နံမည်ကြီးနှင့် ဈေးကြီးတဲ့ Louis Vuitton ကုမ္ပဏီနဲ့ Pizza Hut ကုမ္ပဏီ တွေရဲ့ကြော်ညာ အခန်းအနားတွေမှာတွေ့ရှိခဲ့ကြတယ်။ ဒီတွေ့ရှိခဲ့မှုအပေါ် သတင်းထောက်ရဲ့ မေးမြန်းချက်ကိုတော့ သူတည်ထောင်ထားသော အသင်းအဖွဲ့လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် ငွေလို လို့လုပ်ခဲ့ရကြောင်း ရယ်မောပြောဆိုခဲ့တယ်။

ဆိုဗီယက်သမ္မတဟောင်း ဂေါ်ဘာချော့ဗ်ဟာ ၁၉၉၂ ခုနှစ်မှာ ဒီမိုကရေစီ အရေးပါမှုအခန်းကဏ္ဍ၊ ကိုယ်ကျင့်တရားနှင့်သိက္ခာ၊ လူသားများ၏ ကျင့်ဝတ်တွေကို အားပေးကူညီတဲ့ (Gorbachev Foundation) အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး၊ ရုရှားနိုင်ငံမှာလည်း ဒီမိုကရေစီနဲ့ လွတ်လပ်စွာ ပွင့်ပွင့်လင်းလင်းဝေဖန်မှုတွေကို ထောက်ခံအားပေးနေသူတစ်ယောက် အဖြစ် ထင်ရှားစွာရပ်တည်နေခဲ့တယ်။

တချိန်က ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံကို ဦးဆောင်ခဲ့တဲ့ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဆိုဗီယက် သမ္မတဟောင်း ဂေါ်ဘာချော့ဗ်ဟာ သူရဲ့ယုံကြည်ချက်တွေကို သတိရှိရှိ၊ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ပြောဆိုနေတုန်းပါ။ တနေ့မှာ Ukraine, Kazakhstan and Belarus နိုင်ငံတွေဟာ ရုရှားနိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းလာလိမ့်မယ်လို့ ယုံကြည်ကြောင်း သူရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့တယ်။ သူဟာ ကမ္ဘာ့အရေးအခင်းတွေမှာလည်း သူရဲ့ထင်မြင်ချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနေတဲ့ အထင်ကရကမ္ဘာ့ခေါင်းဆောင်တဦးအဖြစ် ဆက်လက် တည်ရှိနေပါတယ်။

ချက်သမ္မတဟောင်း ၊ ပိုလန်ဝန်ကြီးချုပ်ဟောင်း၊ ရိုမေးနီးယား၊ ဘူဂေးရီးယား၊ဟန်ဂေရီ အပါအ၀င် အရှေ့ဥရောပနိုင်ငံရေးခေါင်းဆောင်ဟောင်းတွေကတော့ ဂေါ်ဘာချော့ဗ်ဟာ အများကောင်းစားဖို့ နဲ့ လွတ်မြောက်ဖို့တွေအတွက် လူနည်းစုရှေးရိုးစွဲ ကွန်မြုနစ်များရဲ့ အမုန်းကို ရဲရဲဝံ့ဝံ့ရင်ဆိုင် တိုက်ပွဲဝင်ခဲ့တယ်။ ဂေါ်ဘာချော့ဗ်ရဲ့ Perestroika နှင့် glasnost နိုင်ငံရေး အတွေးအခေါ်ဟာ ဘာလင်တံတိုင်းကြီး ပြိုကျခဲ့ပြီး အရှေ့နှင့်အနောက် ဂျာမာန်နှစ်နိုင်ငံ ပေါင်းစည်းနိုင်ခဲ့သလို၊ အရှေ့ဥရောပနိုင်ငံတွေရဲ့ လွတ်မြောက်ရေးကို ရရှိစေခဲ့တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အရှေ့ဥရောပ ခေါင်းဆောင်တွေကတော့ ဂေါ်ဘာချော့ဗ်ကြောင့်သာ တိုးတက်ပြောင်းလဲမှုတွေကို အဆုံးအရှုံးနည်းနည်း အကြမ်းဖက်မှုနည်းနည်းနဲ့ အရှေ့ဥရောပနိုင်ငံများရဲ့ လွတ်လပ်မှုကို ပြုလုပ်လာစေနိုင်ကြောင်း၊ ကွန်မြူနစ်စံနစ်ဆိုးကြီးအောက် လွတ်မြောက်လာစေခဲ့ကြောင်း၊ ဒီလို လုပ်ဆောင်ပေးခဲ့မှုအပေါ် အထူးကျေးဇူးးတင်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။

ဂေါ်ဘာချော့ဗ်ရဲ့ Perestroika နှင့် glasnost နိုင်ငံရေးအတွေးအခေါ်ဟာ အရှေ့ဥရောပနိုင်ငံတွေသာမက အာရှတိုက်ရှိ ကွန်မြူနစ်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေကို ရိုက်ခတ် ခဲ့ပြီး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့အတွက် တွန်းအားပေးစေလာခဲ့တယ်။ အနှစ် ၂၀ အတွင်း အာရှနိုင်ငံတွေရဲ့ နိုင်ငံရေးမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို တွေ့လာရတယ်။ တရုတ်ပြည်မှာ လူငယ်အတက်ပညာရှင် ခေါင်းဆောင်တွေနဲ့ အစားထိုးခဲ့တယ်။ အာရှ အာဏာရှင်တွေ ဖြစ်ကြတဲ့ အင်ဒိုနီးရှားမှာ ဆူဟာတို၊ ဖိလစ်ပိုင်မှ မားကို့စ်၊ မလေးရှားမှ မဟာသီ၊ စင်္ကာပူက လီကွမ်ယု တို့ဟာ အာရှနိုင်ငံရေးလောကမှ ဒီနေ့ ကွယ်ပျောက်သွားခဲ့ပါပြီ၊ အဲဒီနိုင်ငံတွေမှာ နိုင်ငံရေး၊ စီးပွားရေး သိသိသာသာ တိုးတက်ပြောင်းလဲလာမှုတွေ တွေ့လာရတယ်။ ဒီနေ့ အရှေ့ နဲ့ အနောက်ကို ကာစီးထားတဲ့ ဘာလင်တံတိုင်းကြီးမရှိတော့ဘူး၊ ယူဂိုစလားဗီးယား၊ ဆိုဗီယက်ယူနီယံ ဆိုတာမရှိတော့ဘူး၊ အရှေ့တီမောနိုင်ငံဟာ လွတ်လပ်ရေးရရှိသွားခဲ့ပါပြီ။

တချိန်တုန်းက အစာရေစာငတ်မွတ်ခေါင်းပါးမှုကြောင့် မိသားစုအလိုက် ရေထဲခုန်ချ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတဲ့ တရုတ်နိုင်ငံဟာ ဒီနေ့ ကမ္ဘာမှာစီးပွားရေး အင်အားကြီးနိုင်ငံ တခု အဖြစ်ရပ်တည်နေပါပြီ။ တောင်နဲ့မြောက်စစ်ပွဲကြောင့် အတိဒုက္ခရောက်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံဟာ လည်း နည်းပညာနဲ့စီးပွားရေး တိုးတက်နေမှုမှာ ဒေသတွင်းနိုင်ငံတွေကတောင် အသိအမှတ်ပြုခြင်းခံထားနေရပါပြီ၊ ရေဘေးဒဏ် အမြဲလိုလိုခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်၊ စစ်တလင်းဖြစ်ခဲ့ရတဲ့ ကမ္ဘောဒီယားနိုင်ငံတွေမှာ နိုင်ငံရေး၊စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သိသာထင်ရှားစွာပြုလုပ်နေတာကို ကမ္ဘာနိုင်ငံတွေက အသိအမှတ်ပြုလာနေကြပါပြီ။

အနှစ် ၂၀ အတွင်း ကမ္ဘာကြီးဟာ ပြောင်းလဲသွားခဲ့ပေမဲ့၊ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စံနစ်က ကွယ်ပျောက်မသွားခဲ့တဲ့ အပြင် လွန်ခဲ့တဲ့ အနှစ် ၂၀ က အခြေအနေထက်တောင် ပိုမို ဆိုးယုတ်သွားခဲ့တယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတောင် လျှပ်စစ်မီးမရတော့ဘူး။ အတ္တတွေကြီး ပြီး တနိုင်ငံလုံးကို အမှောင်ချဖို့ လုပ်ခဲ့ကြတယ်။ ပညာရေး၊ကျန်းမာရေးတွေမှာ ကမ္ဘာနောက်ဆုံး အဆင့် ကျရောက်နေသလို၊ ဒုက္ခသည်ဦးရေဟာ အိမ်နီချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမှာ သန်းနဲ့ချီရှိနေတယ်။ တချိန်က ကမ္ဘာ့အဆင်းရဲဆုံးနဲ့ အဆိုးဝါးဆုံးနိုင်ငံတွေဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေမှာတောင် မြန်မာလူမျိုးတွေ သွားရောက်လုပ်ကိုင်နေကြရတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့တယ်။ မြန်မာပြည်သူတွေ ဆင်းရဲအတိဒုက္ခရောက်နေကြပြီး၊ လူနေမှုအဆင့်အတန်း အနိမ့်ဆုံးအခြေအနေ ရောက်ရှိ နေတယ်ဆိုတာ နားဂစ်မုန်တိုင်းကြီးက တကမ္ဘာလုံးကို သိရှိနားလည်လာစေခဲ့တယ်။

ဒီလို ကပ်ဆိုးကြီး၊ အဖြစ်ဆိုးကြီး ဘာကြောင့်များ မြန်မာပြည်သူတွေ ၀မ်းနည်းစွာ ရင်ဆိုင်နေကြရတာလဲ?။ မြန်မာပြည်က စာရေးဆရာ ဒေါက်တာကိုတာကတော့ သူ့ အမြင်ကို အခုလို ပွင့်ပွင့်လင်းလင်း ဆွေနွေးတင်ပြခဲ့ဘူးပါတယ်။

"စစ်အာဏာရှင်တွေဟာ သူတို့က ရန်ဖြစ်ဖို့ကို ငယ်ငယ်ကတည်းက သင်ထားတဲ့သူတွေ ဖြစ်နေတော့ ရန်သူကိုဘဲ လိုက်ရှာနေကြတဲ့ စိတ်ကူးယဉ်လောကမှာ နေကြလို့တဲ့။ မိတ်ဆွေရယ်လို့ မရှာဘဲ ရန်သူကိုဘဲရှာတော့ ရန်သူကိုဘဲတွေ့တာပေါ့။ ဒီတော့လည်း လမ်းပျောက်တော့တာပေါ့။"

မှန်ပါတယ်။ စစ်အာဏာရှင်တွေဟာ မြန်မာပြည်မှာ လူတန်းစားပေါင်းစုံ၊ အသင်းအဖွဲ့ပေါင်းစုံနဲ့ ရန်သူတွေ ဖြစ်နေသလို နိုင်ငံတကာအသိုင်းအ၀န်းကို ရန်သူလိုသဘောထားနေပြီး စိတ်ကူးယဉ် ကမ္ဘာထဲမှာ နေနေကြတယ်။ ကျိန်းသေတာကတော့ ကမ္ဘာကြီးက တိုးတက်ပြောင်းလဲနေတယ်။ မြန်မာပြည်ကတော့ ကမ္ဘာကြီး နဲ့ဆန့်ကျင်တဲ့ လာရာဘက်ကို နောက်ပြန်သွားနေတယ် ဆိုတာပါဘဲ။

မိုးသီးဇွန်မှ----

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့