.

မြန်မာ့ပညာရေးအစဉ်အလာရဲ့လမ်းဆုံး

Wednesday, 10, 09, 2008./ ၁၃၇၀ ပြည့်နှစ်။ တော်သလင်းလဆန်း (၁၀) ရက်။

ပညာရေးအကြောင်းကို ဘာကြောင့် ကျနော် တင်ပြရပါသလဲဆိုတာ သိရအောင် ကျနော်နဲ့ ပညာရေး ပတ်သက်ပုံကလေးကို အရင်တင်ပြခွင့်ပြုပါ။

ကျနော်က တသက်လုံးလုပ်လာတာက ကျောင်းဆရာပါ။ နောက်ပိုင်းမှာ အခြေခံပညာ
သင်ရိုး အဖွဲ့ (ကျောင်းသုံး စာအုပ်ကော်မတီ) မှာ သင်ရိုးလက်ထောက် အဖြစ် လုပ်လာခဲ့
ပါတယ်။ ဒါကြောင့် ပညာရေးဆိုတာ ကျနော်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အကြောင်းအရာ ဖြစ်
နေပါတယ်။ ဒီလို မိမိကိုယ်မိမိ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေမယ့် ပညာရေးသဘောတ
ရားကြီးတွေကို မပြောတတ်ပါဘူး။ ပြောဖို့လည်း မရည်ရွယ်ပါဘူး။ ကိုယ်တွေ့လောက်သာ
ပြောနိုင်မှာပါ။

ခေတ်ပညာဆိုတာ အင်္ဂလိပ်လက်အောက်ရောက်မှ ကျနော့်ကို တွေ့ကြုံရတာပါ။ ရှေးခေတ် ကတော့ ဘုန်းကြီး ကျောင်းပညာရေးပဲ ရှိခဲ့ပါတယ်။ တကယ်တော့ ဘုန်းကြီးကျောင်း ပညာရေးဟာ ဒီနေ့အထိ ရှိနေဆဲပါပဲ။ ဦးနုလက်ထက်တုန်းကတော့ ဘုန်းကြီးကျောင်းနဲ့ အစိုးရကျောင်းပညာရေး တွဲဖက်ထားခဲ့တာတွေ ရှိခဲ့ပါတယ်။ “ဘ-က” ပညာရေးလို့ခေါ်ပါတယ်။ ထုံးစံအတိုင်း ဒါတွေလည်း ဗိုလ်နေဝင်း ဖျက်ဆီးတဲ့အထဲမှာ ပါသွားခဲ့ပါပြီ။

ဘုန်းကြီးကျောင်းပညာရေးအကြောင်းကို ပညာရေးတက္ကသိုလ် မြန်မာစာသင်နည်းဌာနက ဆရာဦးသန်းထွတ် (နောင်-ပါမောက္ခ) က ပညာရေး မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုထားတာ ရှိပါတယ်။ စာအုပ်အဖြစ်လည်း ပုံနှိပ်ထုတ်ဖူးလို့ တချို့ဖတ်ဖူးကောင်း ဖတ်ဖူးကြ ပါလိမ့်မယ်။ အင်္ဂလိပ်လက်ထက်မှာ ဆာအာသာဖယ်ယာက ဘုန်းကြီးကျောင်းပညာရေးကို ခေတ်မီအောင် ပြုပြင်ထားရင် ကျောင်းအဆောက်အအုံကိစ္စနဲ့ အုပ်ချုပ်ရေးကိစ္စ တပိုင်းတစ သက်သာမယ်ဆိုပြီး အကြံပေးဖူးပါတယ်။ ဘုန်းတော်ကြီးအချို့က ကမ္ဘာကြီးလုံးတဲ့အကြောင်း ပထဝီတွေ၊ လောက ဓာတ်ပညာတွေ သင်မှာကို မလိုလားခဲ့ကြဘူး။ နောက်ပိုင်းမှာ သံဃာတွေက ပညာရေး သင်တန်းတွေကို လူတွေထံမှာ သင်ယူကြရမှာမျိုးကိုလည်း မလိုလားဘူး။ ဒါကြောင့် ဘုန်းကြီး ကျောင်းတွေဟာ ဘာသာရေး ကျောင်းများအဖြစ် ဆက်လက်ဆောင်ရွက်နေကြပါတယ်။

ရှေးက ဘုန်းကြီးကျောင်း (၂) မျိုးရှိခဲ့ပါသတဲ့။ “ဂါမဝါသီ” မြို့မှီ ဝါကပ်တဲ့ကျောင်းနဲ့ “အရည ဝါသီ” တောမှီ (ရွာဝေးကျောင်း) တို့ဖြစ်ပါတယ်။ နောက်တော့ အရညဝါသီ တောမှီကျောင်း ရယ်လို့ မရှိတော့ဘဲ မြို့မှီ ရွာကပ် ကျောင်းတွေပဲရှိပါတော့တယ်။ အဲဒီကျောင်းတွေထဲမှာ ဓားခုတ်၊ လှံထိုး၊ မြင်းစီး၊ စစ်တိုက် စတဲ့ အရပ်သား ပညာတွေကို သင်ပေးတဲ့ “ပွဲကျောင်း” ဆိုတာလည်း ရှိလာခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းတွေမှာ ရာဇဝင် ကျမ်း၊ ဆေးကျမ်း၊ ဗေဒင် နက္ခတ်ကျမ်းတို့ကိုလည်း သင်ပေးပါတယ်။ ဒါမှလည်း ကျောင်းထွက်သွားရင် အသုံးဝင်မှာ ဖြစ်ပါတယ်။ လောကီ လောကုတ္တရာ (၂) မျိုးသင်ပေးပါတယ်။

ရာဇဝင်ဆိုရာမှာ မြန်မာ့ရိုးရာ သင်ရိုးအရ “မဟာရာဇဝင်” အဓိကပါပဲ။ လူသိများတဲ့ ရာဇဝင် စာအုပ်တအုပ်က တော့ “ရာဇဝင်ကျော်” တဲ့။ မူလအမည်က “မဟာသမ္မတဝံသ”ကျမ်းပါ။ မဟာသမ္မတခန်း၊ သီဟိုဠ် ရာဇဝင်ခန်း နဲ့ မြန်မာရာဇဝင်ခန်း ဆိုပြီး (၃) ခန်းပါရှိပါတယ်။ မဟာသမ္မတခန်းမှာ ကမ္ဘာဦးလူသားတို့က ရွေးကောက်တင် မြှောက်တဲ့ မဟာသမ္မတမင်း အကြောင်း ပါရှိပါတယ်။ ဒါကြောင့် မြန်မာတွေဟာ “ရွေးကောက်တင်မြှောက်တဲ့ မင်း” ဆိုတာကို အစွဲအလန်းရှိခဲ့ပါတယ်။

မင်းအကြောင်းရေးရင် မင်းကျင့်တရားတရားတွေ ပါလာတော့တာပါပဲ။ ရာဇဝင်မှာသာမက ဇာတ်တော်ကြီး၊ ငယ်တွေမှာလည်း အနည်းနဲ့အများပါရှိတာပါပဲ။ ကျနော်တို့ ဒီနေ့အထိ ကျောင်းသုံးဖြစ်နေတဲ့ ဝေသန္တရာဇာတ်၊ မဟော်သဓာဇာတ် စတဲ့ ဇာတ်တော်တွေမှာ လည်း ပါတာပဲ။ ကိုးခန်းပျို့၊ သံဝရပျို့၊ ဥမ္မာဒန္တီပျို့စတဲ့ ပျို့တွေမှာလည်း ပါတာပါပဲ။ ဘုန်းကြီး ကျောင်းမှာ စာလာသင်ကြတဲ့ လူတွေထဲမှာ မင်းဖြစ်မယ့်လူ၊ အမတ်ဖြစ်မယ့်လူ၊ တရားသူကြီး၊ ရွာလူကြီး စတာတွေဖြစ်မယ့်လူ စသဖြင့် လူအမျိုးမျိုးပါမှာပဲ။

ဒါကြောင့် မြန်မာ့ရိုးရာ ဘုန်းကြီး ကျောင်းသင်ရိုးတွေမှာ မင်းကျင့်တရား (၁၀)ပါး၊ နာယဂုဏ် (၆) ပါး၊ ဆရာ့ ဝတ်၊ တပည့်ဝတ်၊ မိဘဝတ်၊ သားသမီးဝတ်ဆိုပြီး နီတိတွေမှာ ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ရာဇောဝါဒ- မင်းကို ဆုံးမတဲ့စာ၊ အမစောဝါဒ- အမတ်ကိုဆုံးမတဲ့စာ၊ ပုတ္တောဝါဒ- သားကို ဆုံးမတဲ့စာ၊ မာတောဝါဒ- အမိကို ဆုံးမတဲ့စာ စသဖြင့် စာပေကျမ်းဂန်၊ ပျို့လင်္ကာဆိုတာတွေလည်း အမျိုးမျိုးပါရှိပါတယ်။ ဘုန်းကြီးကျောင်း ပညာရေးဟာ ဒီလိုစာတွေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို သဟဇာတဖြစ်အောင် လုပ်ပေးခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ တကယ်တော့ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် ပညာရေး သင်ရိုးမှာ ခေတ်က လိုအပ်နေတာတွေကို ထည့်ပေးရတာပါပဲ။

ကျနော်တို့မျက်မှောက်ခေတ်မှာ အုပ်စိုးသူ (မင်း) ဆိုတာ ရှိနေတာပါပဲ။ ဒီအုပ်စိုးသူ အစိုးရ တွေဟာ ရှေးအစဉ် အလာအရ ရှေးကအုပ်စိုးသူတွေ ဘယ်လိုအုပ်စိုးခဲ့တယ်ဆိုတာ အကောင်း-အဆိုး အစုံသိရပါမယ်။ ဒါကြောင့် ပညာရေးသမားကြီးတွေက သမိုင်းနဲ့မြန်မာစာမှာ ဒါမျိုး တွေကို ထည့်ပေးခဲ့ပါတယ်။ ကျောင်းသုံးစာအုပ်တွေ ပြစုခဲ့ကြတဲ့သမိုင်းမှာ ဦးဖေမောင်တင်၊ ဇော်ဂျီ၊ မင်းသုဝဏ် တို့ကျေးဇူးတွေဟာ အကြီးဆုံးပါပဲ။ ဒီဆရာကြီး တွေက ပညာရေးကို နားလည်ကြတယ်။ “ဘာသာစကား” သင်နည်း ပညာနဲ့ “စာပေသင်နည်း” ပညာတွေ ကိုလည်း နားလည်ကြတယ်။

ပညာရေးသဘောတရားတွေကိုလည်း သိရှိထားတာဖြစ်လို့ မြန်မာပြည်သူ တွေ အဖို့ သူတို့ကျေးဇူးတွေဟာ ဆပ်လို့မကုန်ပါဘူး။ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးဘကောင်း၊ ဦးဘဂျမ်း (တင်မိုး)၊ ဒေါ်အုန်းခင် (နွယ်-စစ်တွေ)၊ ဦးကံညွှန့် (ညွှန့်အေး-အင်းဝ) နဲ့ ကျနော်တို့ဟာ ကျောင်းသုံးစာအုပ် ပြုစုရေးမှာ ပါဝင်ခဲ့ကြရပါပြီ။ ဆရာ့ဆရာကြီးတွေရဲ့ အမွေကို ဆက်ခံကြရလို့ အစစ ရှောရှောရှုရှု ဖြစ်ခဲ့ရပါတယ်။ ဗိုလ်နေဝင်းတို့လို စစ်ဗိုလ်တွေ မနှောင့်ယှက်၊ ဝင်မစွက်ဖက်ရင်တော့ ပိုကောင်းမှာပေါ့။

ဗိုလ်နေဝင်းက စာရေးဆရာကြီး ကွယ်လွန်ပြီး နှစ်ပေါင်း (၂၀) ကြာမှ အဲဒီ့ဆရာရဲ့စာကို သုံးပါ လို့ အမိန့်ထုတ် လိုက်တယ်။ ဆရာကြီး မင်းသုဝဏ်ကို ရည်စူးတာ ထင်ပါတယ်။ ဒါပေမယ့် အခြေခံပညာရေးမှာ မြန်မာစာသင် ကြားရေးဆိုတာ “ခေတ်စား၊ ခေတ်စကား၊ ခေတ်အတွေး၊ ခေတ်အရေးအသား” ကို ပေးရတာပါ။ ခုလို သူကလုပ်တော့ ခေတ်စာတွေ ဘာမှမပါတော့ ဘူးပေါ့။ ခေတ်ကျောင်းသားကို တခေတ်၊ နှစ်ခေတ် နောက်ကျတဲ့ စာတွေလည်း သင်နေရ ပါတယ်။

ခုကျောင်းသုံးစာအုပ်၊ အထက်တန်း မြန်မာစကားပြေမှာ အင်းဝခေတ်က ရှင်မဟာသီလဝံသရဲ့ ရာဇဝင် ကျော်မှာပါတဲ့ မဟာသမ္မတအခန်းက “အပရိဟာနိယတရား (၇) ပါး” ကို ထည့်ထား ပါတယ်။ “တိုင်းပြည်စည် ကားကြောင်း” လို့ ခေါင်းစဉ် တပ်ထားပါတယ်။ “မဆုတ်ယုတ်ရာသော တရား (၇) ပါး” လို့ တိုက်ရိုက် အဓိပ္ပာယ်ရပါတယ်။ မူရင်းမှာတော့ “ပြည်ထဲစီးပွားရာသော အကျင့် (၇) ပါး” လို့ဆိုထားပါတယ်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေ ကျင့်ရမယ့် တရားတွေ ပါပဲ။ မင်းကိုဆုံးမတဲ့စာအုပ်လို့အဆိုရှိတဲ့ ယောမင်းကြီးဦးဖိုးလှိုင်ရဲ့ ရာဇဓမ္မသင်္ဂဟကျမ်းမှာ လည်း အပရိဟာနိယတရား (၇) ပါးကို အဓိကထားပါတယ်။

မြတ်စွာဘုရားက လိစ္ဆဝီမင်းများကို ဟောခဲ့တဲ့တရားပါ။ အနောက်နိုင်ငံတွေက ပါလီမန် ဒီမိုကရေစီစနစ်ကို လမ်းခင်းပေးတဲ့ စာအုပ်မှာ အပရိဟာနိယတရားဟာ ရှေ့ဆုံးကပါလာခဲ့ပါတယ်။ တဦးတည်း (တအာဏာတည်း) မအုပ်ချုပ်သင့်ဘူး။ “သမဂ္ဂ” ခေါ် အဖွဲ့အစည်းဖွဲ့ပြီး “သန္နိပါတ” ခေါ် အမြဲစည်း ဝေးတိုင်ပင် အုပ်ချုပ်ရမယ့် အများညှိနှိုင်းတိုင်ပင်ထားတဲ့ “တရားဥပဒေ” ရှိရမယ်။ “လူကြီးသူမ” (ပညာမဲ့ လူမိုက်မဟုတ်တဲ့) တွေရဲ့စကားကို နာယူကျင့်သုံးရမယ်။ “အမျိုးသမီးများကိုလည်း မတရားအနိုင်ကျင့်ခေါ် ယူတာ” မလုပ်ရဘူး စသဖြင့် ပါရှိပါတယ်။ မဟာအတုလဆရာတော်ရဲ့ “ကုန်းဘောင်နီတိ” ကောက်နုတ်ချက်များကိုလည်း ထည့်သွင်းထား ပါတယ်။ ရှင်ဘုရင်မှူးမတ်တို့ရဲ့ သားသမီးဆွေမျိုး မိတ်သင်္ဂဟတွေကိုလည်း သူတို့နဲ့ မတန်မရာ တဲ့ ရာထူးဂုဏ်ထူးများ မပေးသင့်တဲ့အကြောင်း အဓိကထားပါတယ်။

အဲဒီ (၂) ပုဒ်ကို (၁၀) တန်းစာမေးပွဲမှာ မေးလေ့မရှိပါဘူး။ ဆရာအများစုကလည်း မေးလေ့ မရှိတာကို အချိန်ကုန်ခံပြီး မသင်ပါဘူး။ ဆရာကသင်မိရင်လည်း ကျောင်းသားက “ဒါတွေစာမေးပွဲပါမှာလား” လို့ ထောက်လေ့ရှိပါတယ်။ ဒီခေတ်ကျောင်းသားတွေ “မင်း” ဖြစ်လာရင်လည်း ဒီလို မင်းကျင့်တရားတွေ မသိတဲ့ အုပ်ချုပ်သူတွေပဲ ဖြစ်လာတော့မှာပါ။ “မင်းကောင်းမင်းမြတ်တို့ရဲ့ ကျင့်အပ်တဲ့တရား တွေဆိုတာ ကျောင်းသားတွေကို မသင်အပ်တဲ့တရား၊ ဆရာတွေ မသင်ရဲတဲ့တရား၊ မေးခွန်းထဲမထည့်ရဲတဲ့တရားတွေ ဖြစ်မှန်းမသိဖြစ လာခဲ့ပြီ။ ”အာဏာပိုင်တွေကတော့ ဒါတွေဖတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စာမေးပွဲကြီးမေးခွန်းမှာ ပါလာရင်တော့ ဘေးက အဆင်း တွန်းကြမယ့်လူတွေက စောင့်နေကြမှာ မလွဲပါဘူး။ ဒါဒို့ဗမာကိုး။

အလားတူပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ “လူကြီးနဲ့လူငယ်” ညီညွတ်ရေးတရားနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့“ပြည်သူ့ညီလာခံ” ဆောင်းပါး (မိန့်ခွန်း) တို့ကိုလည်း သင်လေ့မေးလေ့ မရှိပါဘူး။ မေးခွန်းတိုလေးတခုပဲ မေးတာတွေ့လိုက်ဖူးပါတယ်။ ဒီခေတ် ကျောင်းသုံးစာအုပ်တွေထဲမှာ ခေတ်နဲ့အညီ ကျောင်းသားတွေသိသင့် သင်ယူသင့်တာ တွေ ပါခွင့်မရှိ။ ပါလာရင်လည်း မသင်ရဲကြပါဘူး။ ဘာမှလွတ်လပ်ခွင့်မရှိလို့ ပညာရေးလည်း လွတ်လပ်ခွင့်မရှိ။ ပညာရေးမှာ တာဝန်ယူ အုပ်ချုပ်နေကြသူ ညွှန်မှူးညွှန်ချုပ်တွေဟာ ပညာရေးကို မသိနားမလည်တဲ့ စစ်ဗိုလ်တွေချည်းပါပဲ။

ပညာရေးဝန်ထမ်း ဆရာ ဆရာမလေးတွေဟာ စစ်ဗိုလ်ပညာရေးအရာရှိတွေ ထမင်းပွဲမှာ ယပ်ခတ်ပေးရသူ၊ လူသတ်ပွဲပြန်စစ်ဗိုလ်တွေကို ပန်းစည်းဆက်ရသူတွေပဲ ဖြစ်နေပါတော့တယ်။ ကျနော်တို့ ကျောင်းဆရာတွေက စစ်မတိုက်ချင်လို့ ကျောင်းဆရာ ဖြစ်လာတာပါ။ တိုင်းပြည်ကို ချစ်လွန်းလို့၊ အသက်ပေးကာကွယ်လို သူတွေ ဆိုတဲ့စစ်ဗိုလ်တွေဟာ ဘာကြောင့် ကျောင်းဆရာတွေရဲ့နေရာကို ဇွတ်ဝင်ယူချင်ပါသလဲ။ စစ်ပညာမတတ်တဲ့ စစ်ဗိုလ်က ပညာရေးဝင်လုပ်ရင်လည်း တိုင်းပြည်ပျက်မှာပါပဲ။ ကိုယ့်နေရာကိုယ်နေပြီး၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြပါစို့။

မောင်စွမ်းရည် (၅-၉-၀၈)။ ။

ခေတ်ပြိုင်မှ ကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့