တရံရောအခါ၊ သာဝတ္ထိအမည်ရှိသည့် တခုသော ရွာငယ်တွင်၊ တဆောင်သော တဲပုတ်၌၊ တယောက်သော မောင်ပျင်းသည် ကိန်းအောင်လျက် ရှိလေသတတ်။ မောင်ပျင်းသူသော အမည်သည် အနွတ္တအမည် ဖြစ်သတည်း။ အဘယ့်ကြောင့် ဆိုသော် မောင်ပျင်းသည် အလွန်ပျင်းရိသောကြောင့်တည်း။
မကြာသေးမီက ဓနရှင်ကြီးများဟု သခင်တို့ သမုတ်အပ်သော သူ့မိဘနှစ်ပါး ကွယ်လွန်အနိစ္စ ရောက်သောအခါ၊ မောင်ပျင်းတသက်လုံး စားမကုန်နိုင်သည့် ငါးဧကမျှသော စပါးလယ်တကွက် ကျန်ရစ်ခဲ့လေ၏။ မောင်ပျင်းသည် ထို ကျယ်ပြန့် လှစွာသော စပါးလယ်ကို ချစ်တီးလက်တွင် ရောင်းလိုက်ပြီးသော်၊ ရသမျှသော အသပြာကို အချို့ ဖဲရိုက်၊ အချို့ အရက် ၀ယ်သောက်၊ အချို့ကို ဘိန်းရှူလိုက်ရာ မကြမီ အသပြာပြတ်၍ ငတ်မတတ် ဖြစ်သွားလေ သည်။
မောင်ပျင်းသည် တို့ဗမာ ဖြစ်ပါသည်။ တို့ဗမာတို့သည် အတိဒုက္ခ ရောက်လတ်သော် အားကိုးရာကို မရမက ရှာတတ်စမြဲတည်း။ ထို့ကြောင့် မောင်ပျင်းသည် သူ၏အားကိုးရာ ဘိုးဘိုးအောင်ကို သတိရမိလေ၏။ သူသည် သူ့အားကယ်မ, မည့်သူ ဘိုးဘိုးအောင်ထံသို့ သ၀ဏ်လွှာ ဆက်သရန် စိုင်းပြင်းလေသည်။
ဘိုးဘိုးခင်ဗျား။-
ဘိုးဘိုးသည် တို့ဗမာအပေါင်းတို့၏ အားကိုးအားထားရာကြီး ဖြစ်ပါသည်။ သာဝတ္ထိရွာ တခုဝယ် အတိဒုက္ခရောက်ကာ အဟာရပြတ်၍ ငတ်နေသော တို့ဗမာတယောက်ဖြစ်သူ မောင်ပျင်းကိုလည်း ဘိုးဘိုးကယ်မလိမ့်မည်ဟု အထူးမျှော်လင့်ပါသည်။ သို့အတွက် ယခု စာရလျင်ရခြင်း ကျွန်တော့်ထံသို့ ငွေသုံးဆယ်လောက် စာတိုက်မှ မန်နီအော်ဒါနှင့် အမြန်ဆုံး ပို့လိုက်ပါမည့်အကြောင်း။
ဘိုးဘိုးနှင့်တကွ စကြ်ာမင်းကလေးပါ ကျန်းမာ၍ မြန်မာပြည်သို့ အမြန်ဆုံး ပြန်လာစေ ရန် ဆုတောင်းပါသည် ခင်ဗျား။
မောင်ပျင်း
သာဝတ္ထိရွာ
သာယာဝတီခရိုင်။
သ၀ဏ်လွှာကို 'ဘိုးဘိုးအောင်-၀ိဇ္ဇာဘွဲ့ရ-ဟိမ၀န္တာတောင်တန်း' ဟု လိပ်တပ်ကာ၊ စာတိုက်က ထည့်လိုက်လေ၏။
ထို ထူးဆန်းထွေပြားစွာ လိပ်တတ်ထားသည့် စာအိပ်သည် စာတိုက်ဗိုလ်လက်ထဲမှ မြို့ပိုင်မောင်ပြုံးချိုလက်ထဲသို့သက်ဆင်းလေသတည်း။ သူတထူးကို အထူးသနားတတ်သော မောင်ပြုံးချိုသည် မောင်ပျင်း၏ စာကို ဘတ်ပြီးသည်၏ အခြားမဲ့၌ အထူးစိတ်မချမ်းသာ ဖြစ်မိလေ၏။ ငါ၏ ပိုင်နက်အတွင်းဝယ် ဤကဲ့သို့ ငတ်နေသောသူများ ရှိရပါမည်လောဟု အကြီးအကျယ် ယူကျုံးမရ ဖြစ်မိလေ၏။ အဟာရပြတ်၍ ငတ်သေမည့်ဆဲဆဲ မောင်ပျင်းအား ကယ်တင်ရန် မိမိတာဝန်ပေတကားဟု ရှေးမင်းကောင်း မင်းမြတ်တို့၏ ထုံးကိုလည်း နှလုံးသွင်း မိလေသတည်း။
မောင်ပြုံးချိုသည် အရေးတကြီးနှင့် သာဝတ္ထိရွာသူကြီး၏ အိမ်သို့ ရောက်ရှိလာလေ၏။
"သူကြီးမင်းရဲ့ ရွာမယ် ထမင်းငတ်နေတဲ့ မောင်ပျင်းဆိုတဲ့ လူများ ရှိသလား"
"ရှိပါတယ်ဘုရား"
"ကျုပ်ကို ဘာပြုလို့ အစက အစီရင် မခံသလဲ"
"ဟာ ငတ်တာက သူပျင်းလို့ ငတ်တာပဲ၊ အလုပ်လဲ မလုပ်ဘူး၊ ရှိတဲ့ ပစ္စည်းလေးတော့ အကုန်လုံး ဖဲရိုက်၊ အရက်သောက်၊ ဘိန်းရှူလုပ်ပြစ်တယ်" "အို ... သူကြီးမင်း ဒီလိုမပြောပါနဲ့၊ ဒီလိုပြောတာဟာ ဟိုနှစ်ပေါင်း တရာလောက်က သူကြီးတွေ ပြောတဲ့စကားပါ။ အခု ၄၇ ခုနှစ်၊ သူကြီးက ဒီလိုပြောရင် အားကြီးရုပ်ဆိုးပါတယ်။ ရွာသူရွာသားတွေကို ကိုယ့်သားသမီး အရင်းလို သဘောထားပါ"
"မှန်ပါဘုရား" သူကြီးမင်းက အောင့်သက်သက်နှင့် ၀န်ခံလေ၏။
"မောင်ပျင်းအိမ်ဘယ်မှလဲ၊ ကျုပ်တို့ သွားကြည့်မယ်"
သူကြီးမင်းသည် မောင်ပြုံးချိုနောက်က ကောက်ကောက်ပါအောင် လိုက်သွားလေ၏။
"ဒီတဲပါဘုရား" သူကြီးမင်းက ညွှန်ပြလေရာ မောင်ပြုံးချိုသည် တဲအတွင်းသို့ ၀င်သွား လေ၏။
မောင်ပျင်းသည် အုတ်ခဲကို ခေါင်းအုံးကာ ဖျာစုတ်ပေါ်တွင် ခွေနေလေ၏။
"ဟင်.. သူကြီးမင်း သေများနေပလား၊ ထမင်းငတ်လို့ သေရတယ်ဆိုရင် ရာဇ၀င် ရိုင်းတာဘဲ" သူကြီးမင်းသည် အနားတွင် ထိုင်ကာ ချက်ချင်း ပြန်ထလိုက်လေ၏။
"မသေသေးပါဘူး ဘုရား- ဘိန်းမစားရသေးလို့ မြော့နေတာပါ"
"မောင်ပျင်း" သူကြီးမင်းက ခေါ်လိုက်လေ၏။
"ခင်ဗျား" မောင်ပျင်းက ပြော့ပြောင်းစွာ ထူး၏။
"မြို့ပိုင်မင်းလာတယ်" သူကြီးမင်းက ဆိုလေသော် မောင်ပျင်းသည် ခွေနေရာမှ ညင်သာစွာ ထ၍ ကြုံ့ကြုံ့ကလေး ထိုင်နေလေ၏။
"အေး-အေး-မင်းငတ်နေတယ် ကြားလို့ လာကြည့်တာကွဲ့။ မင်းဘိန်းစားတယ်ကြား တယ်၊ အရက်လဲသောက်ထင်ပါရဲ့၊ နောက်ဒီလိုမလုပ်နဲ့နော်၊ ကောင်းကောင်းနေ ယောက်ျားဆို တာ အလုပ်လုပ်ရတယ်ကွဲ့ သိလား၊ တို့ဗမာပြည်ကြီး မကြာခင် လွတ်လပ်တော့မယ်၊ မင်းလိုလူတွေချည်း ဆိုရင် မခက်ဘူးလားကွဲ့။ ရော့ ငွေတဆယ် မင်းသုံးဘို့"
မောင်ပြုံးချိုက မောင်ပျင်းအား တဆယ်တန် ငွေစက္ကူတချပ်ကို လှမ်းပေးလိုက်ရာ မောင်ပျင်းသည် တုန်ရီသော လက်ဖြင့် လှမ်းယူလိုက်လေ၏။ မောင်ပြုံးချိုလည်း သူကြီးမင်းအား မိမိရွာသားများအပေါ် ရင်ဝယ်သားကဲ့သို့ မေတ္တာဓါတ် ဖြန့်ဖြူးရန် သြ၀ါဒ ပေးခဲ့ပြီးလျှင် မိမိကိုယ်ကို မိမိ ဒုတိယဝေဿန္တရာမင်းကြီးဟု ထင်မှတ်ကာ ပြန်လာခဲ့လေ သတည်း။ နောင် (၅)ရက်ခန့်ကြာသောအခါ ဘိုးဘိုးအောင်သို့ လိပ်တပ်ထားသော စာတစောင် မောင်ပြုံးချိုလက်သို့ သက်ဆင်းကျရောက် လာပြန်လေ၏။ မောင်ပြုံးချိုသည် အရေးတကြီးနှင့် ဘတ်လိုက်ရာ၊ ဘတ်ယင်း၊ ဘတ်ယင်း သူ၏ ပြုံးရွှင်နေသော မျက်နှာထားပေါ်တွင် နဖူးရေကြီးများ တွန့်လာကာ မျက်မှောင်ကြီး ကြုတ်သွားသတည်း။ မောင်ပျင်း၏ စာကား ဤသို့တည်း။
ကျေးဇူးရှင် ဘိုးဘိုးခင်ဗျား
ငွေပို့လျင် ကျွန်တော့်ထံသို့ တိုက်ရိုက်ပို့စေလိုပါသည်။ အလျင်က ဘိုးဘိုးထံမှ တဆင့်ငွေ သုံးဆယ်ပို့လိုက်ရာ ကျွန်တော်က တဆယ်သာ ရရှိပါသည်။ မြို့ပိုင်နှင့် သူကြီးက နှစ်ဆယ်ဖြတ်ယူ လိုက်ပါသည်။
မောင်ပျင်း
သာဝတ္ထိရွာ
သာယာဝတီခရိုင်။
မန်းတင်
{တာရာမဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၃) ၁၉၄၇။}
[မာယာ စာအုပ် August 15, 2003 မှာ ဖော်ပြပြီး ဖြစ်ပါတယ်။
ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်
Print this post
0 comments:
Post a Comment