.

စနစ်ဆိုးတံထွေးကို ပြန်မြိုနေရသူများ

Tuesday, 08, 07, 2008. / ၁၃၇၀ ခုနှစ်၊ ၀ါဆို လဆန်း (၆) ရက်။

စနစ်ဆိုးလို့ ပြောတာက စစ်တပ်ကတိုင်းပြည်ကို မင်းမူနေပြီး ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ မရှိတာတခုတည်းကို ဆိုလိုချင်တာ မဟုတ်ပါ။ ဒီစနစ်ဆိုးကြီးကို မြန်မာပြည်သားတွေ ခံစားလာခဲ့ရတာ နှစ်ပေါင်းငါးဆယ်နီးပါး ရှိပြီဆိုတော့ အထူး တလည် ရှင်းပြ နေဖို့ မလိုတော့ပါဖူး။ အဲသည့်စနစ်ဆိုးကြီးအောက်မှာ နောက်ထပ်ပေါက်ဖွားလာတဲ့ စနစ်ဆိုး လေးတွေလည်း အများအပြား ရှိနေပါသေးတယ်။ အမျိုးအစားများလှတဲ့ စနစ်ဆိုးကလေးတွေ အထဲမှာမှ အဆိုးဆုံး တခုကတော့ မိုက်ရိုင်းတဲ့၊ ရမ်းကားတဲ့၊ အနိုင်ကျင့် ဗိုလ်ကျတဲ့စနစ်က အဆိုးဝါးဆုံး ဖြစ်ပြီး အဲသလိုအနိုင်ကျင့်တဲ့ အပြု အမူအကျင့် အကြံကနေ ပေါက်ဖွားလာတဲ့ စိုးရိမ်စိတ် ကြောက်စိတ်တွေကို နောက်ဆုံးမှာ စစ်ဗိုလ်တွေကိုယ်တိုင်ပါ ပြန် ပြီးရင်ဆိုင်နေရပါတယ်။


ပုံခိုင်းပြောရမယ်ဆိုရင်တော့ အခွင့်ထူးခံစစ်ဗိုလ်တွေဟာ သူတို့ထွေးပြီးသား တံထွေးကို ကြိတ်မှိတ်ပြီး ပြန်မြိုနေရတဲ့ လူတွေနဲ့ တူလှပါတယ်။ သူများကရမ်းကားမိုက်ရိုင်းတာ၊ အနိုင်ကျင့်တာကို သူတို့ကိုယ်တိုင်ပြန်ခံရမှာ အလွန်စိုးရိမ် လာပါတယ်။ သူတို့ ကိုအနိုင်ကျင့်မဲ့သူတွေ မိုက်ရိုင်းမဲ့သူတွေကလည်း တခြားသူတွေမဟုတ်ပါ။ သူတို့လိုလက်နက်ကိုင် စစ်ယူနီဖေါင်းဝတ်ထားတဲ့ လူတန်းစားတွေပဲ ဖြစ်ပါတယ်။

ဒီလိုအဖြစ်အပျက်တွေနဲ့ နေ့တဓူဝရင်ဆိုင် ကြုံတွေ့နေရတာကို စစ်ဗိုလ်တွေကိုယ်တိုင် သူတို့နဲ့ရင်းနှီးတဲ့ အရပ်သူ အရပ်သား များကို ပြန်ပြောပြလို့သိရတာပါ။ စစ်ဗိုလ်တွေကိုယ်တိုင်လည်း သူတို့လောကကို အလွန်အမင်း စိတ်ပျက်နေ ဟန်ရှိပေမဲ့ သူတို့ ကိုယ်တိုင်လည်း ဒီဝဲဂယက်ထဲမှာ မြုတ်ချည်ပေါ်ချည်ပါ။

သာဓကလေးတခုကို ပြန်ပြောရရင် ....... ။ ရန်ကုန် မန္တလေးမီးရထားပေါ်က အဖြစ်အပျက်လေးတခုပါ။ ဒုဗိုလ်မှူးကြီး
အဆင့် ရှိတဲ့ စစ်ဗိုလ်တယောက် အထက်တန်းတွဲတတွဲမှာ လိုက်ပါလာပါတယ်။ သူ့ခေါင်းပေါ်က ပစ္စည်းတင်တဲ့တန်း ပေါ်မှာ ပစ္စည်းအထုတ်တွေတင်ထားသလို ကြမ်းပြင်မှာလည်း သူသယ်ဆောင်လာတဲ့ အထုတ်ကြီး အထုတ်ငယ်တွေနဲ့ ပြည့်လို့ နေပါတယ်။

ဘာပစ္စည်းတွေ သယ်လာသလဲ ဆိုတာကိုတော့ ကာယကံရှင်ပဲ သိမှာပါ။ ဘူတာကြီးတခုမှာ ရထားရပ်ပြီး ပြန်ထွက် လာတဲ့အခါ သူလိုက်ပါလာတဲ့ ရထားတွဲထဲကို ရှာဖွေရေးလိုလို လုံခြုံရေးလိုလို ယူနီဖောင်းဝတ် လူတစု တက်လာပြီး ခရီးသည် တွေကို မှတ်ပုံတင်တောင်း၊ မသင်္ကာတဲ့အထုတ်တွေကို ဖွင့်ရှာနေပါတယ်။ အဲသည့်လူစုဟာ စကားပြောတာကလည်း မယဉ် ကျေး မချေငံတဲ့အပြင် ခရီးသည်တွေကိုလည်း မောက်မောက်မာမာ ဆက်ဆံနေ ပါသေးတယ်။

အဲသည့်ရှာဖွေရေးလိုလို လူအုပ်စု ဒုဗိုလ်မှူးကြီးအနားရောက်လာတော့လည်း အလားတူပါပဲ၊ ရင့်ရင့်သီးသီးမေးမြန်းပါ တော့ တယ်။ အထုတ်တွေက များလှခြေလား။ အထုတ်ထဲမှာဘာတွေပါသလဲ၊ ဥပဒေနဲ့လွတ်ကင်းတဲ့ ပစ္စည်းတွေ ဟုတ် ရဲ့လား၊ သူတို့ဖွင့်ကြည့်ပြီးစစ်မယ်ဆေးမယ် ဆိုပြီးဖြစ်လာပါတယ်။ အဲသည့်တော့မှ ဒုဗိုလ်မှူးကြီးက စိတ်ဆိုးဆိုးနဲ့ သူ ဟာ တပ်မတော် က အရာရှိဖြစ်တဲ့အကြောင်း သူရဲ့ရာထူးအဆင့်ပါတဲ့ သက်သေခံကဒ်ပြားကိုထုတ်ပြမှ ကိစ္စကပြီး သွားပါတယ်။

ဒုဗိုလ်မှူးကြီးက အဲသည့်အချိန်မှာ စစ်ယူနီဖေါင်းဝတ်မထားတဲ့အတွက် သူ့ကိုအရပ်သားထင်ပြီး ရှာဖွေ ရေးလို လူအုပ်စုက ခပ်စွာစွာ ဆက်ဆံ လိုက်တာပါ။ စစ်တပ်ကအရာရှိကြီးဖြစ်နေတယ်ဆိုတာ သိတော့မှာ အသာလေး ဘရိတ်အုပ် တောင်းပန်ပြီး ထွက်သွား ကြပါတယ်။ အဲသလို ကြုံလိုက်ရပြီးကတည်းက နောင်မှာရထားစီးတိုင်း ဒုဗိုလ်မှူး ကြီးဟာ စစ်ယူနီဖောင်းကို အပြည့်ဝတ် ထား ရပါတော့တယ်။ အကယ်၍ အရပ်ဝတ်နဲ့ခရီးသွား တယ်ဆိုရင်လည်း သူ့ ထိုင်ခုံဘေးက ရထားနံရံပေါ်မှာ ရှိတဲ့ချိတ်မှာ ဒုဗိုလ်မှူး ကြီးရာထူး အဆောင်အယောင် အပြည့်အစုံတပ်ဆင်ထားတဲ့ အပေါ်ယူနီဖောင်းအင်္ကျီနဲ့ စစ်ဦးထုပ်ကို ချိတ်ဆွဲထားရပါတယ်။

ဆိုလိုတဲ့သဘောကတော့ ငါကတပ်မတော်က အရာရှိကြီး ငါ့ကိုလာမထိနဲ့ တခြားအရပ်သားတွေကို မင်းတို့ လုပ်နေသလို ငါ့ကိုလုပ်လို့မရဘူးဆိုတဲ့ သတင်းကိုကြိုပေးထားရတဲ့သဘောပါ။ အဲသလိုအဆောင်အယောင်လေးပြပြီး ကာကွယ် မှ သူ့အတွက် လုံခြုံမှာကိုး။

နောက်ဇာတ်လမ်း တခုကတော့ စစ်ကားမဟုတ်တဲ့ ကားတစင်းကို မောင်းလာတဲ့ စစ်ဗိုလ်တယောက် ရန်ကုန်မြို့အပြင် မိုင်လေးငါးဆယ်လောက်ရောက်တော့ စစ်ဆေးရေးဂိတ်တခုမှာ အတားခံရပါတယ်။ အနှီစစ်ဗိုလ်ဟာလည်း အဲသည့် အချိန်မှာ စစ်ယူနီဖောင်းဝတ် မထားပါဘူး။ တားတဲ့စစ်သားကလည်း စစ်ယူနီဖောင်းဝတ်မထားတဲ့အပြင် စွပ်ကျယ်ချိုင်း ပြတ် ပုဆိုးတိုတိုနဲ့ မျက်နှာမှာလည်း သနပ်ခါးဘဲကျား လိမ်းထားပါသတဲ့။ ဂိတ်တဲထဲမှာတော့ တခြားစစ်သား သုံးလေးဦး ဖရိုဖရဲနဲ့ ထိုင်နေကြ ပါတယ်။

တဲနံရံမှာချိတ်ထားတဲ့ သေနတ်တွေသာမရှိရင် စစ်ဆေးရေးဂိတ်လို့တောင် ဘယ်သူမှ ထင်မှာ မဟုတ်ပါဘူး။ ကားကို တားတဲ့စစ်သားက စစ်ဗိုလ်ကိုအရပ်သားလို့ထင်တဲ့အတွက် ခပ်မာမာ ခပ်ရင့်ရင့် မေးမြန်း ပါတယ်။ အဲသည်တော့မှ စစ်ဗိုလ်ဟာ စစ်သုံးပစ္စတိုကို ခါးမှာထိုးပြီး ကားအောက်ဆင်းလိုက်ပါတယ်။ စွပ်ကျယ်ချိုင်းပြတ်နဲ့ စစ်သားလည်း သည်တော့မှ အခြေအနေ ကို ချက်ခြင်းရိပ်မိပြီး တောင်းပန်ရပါတော့တယ်။

စစ်ဗိုလ်က မင်းတို့ စစ်ဆေးရေး ဂိတ်တာဝန်ယူထားတဲ့အချိန်မှာ ဘာဖြစ်လို့ စစ်ယူနီဖောင်းကိုအပြည့်အစုံ မ၀တ်သလဲလို့မေးတော့၊ စစ်သားက သူတို့မှာ ယူနီဖောင်းအကောင်းတစုံပဲရှိကြောင်း နေ့တိုင်း ၀တ်ထားရင် မြန်မြန်ဟောင်းသွားမှာစိုးတဲ့ အတွက် အရပ်ဝတ်နဲ့ နေရကြောင်း ပြောပါတယ်။ အဲသည့်ယူနီဖောင်း အကောင်း တစုံက အထက်လူကြီးတွေသွားလာတဲ့ အချိန်မျိုးတွေကျမှ ၀တ်ဖို့ထားထားရတာဖြစ်ကြောင်း စစ်ဗိုလ်ကို အသနားခံပြီး ပြန်ရှင်းပြရပါတယ်။

စစ်ဗိုလ်ကတော့ သူတို့လိုတပ်မတော်အရာရှိတွေကိုယ်တိုင် စစ်ယူနီဖောင်းဝတ်မထားရင် အရပ်သားလို့အထင်ခံရပြီး အစော်ကားခံရတယ်၊ မိုက်မိုက်ရိုင်းရိုင်းဆက်ဆံခံရတယ် ဆိုတာကိုသိသွားတဲ့အတွက် နောင်မှာကားနဲ့အပြင်ကိုသွား တိုင်း ကားရှေ့ခန်းက ဒက်ရှ်ဘုတ်ပေါ်မှာ အရာရှိတွေသာဆောင်းရတဲ့ ပီးကတ်လို့ခေါ်တဲ့ စစ်ဗိုလ်ဦးထုပ်ကို လူမြင်သာ အောင် တင်ထားရပါတယ်။ ၀ဋ်ကြီးလိုက်လေခြင်း။

ဒီလိုအဖြစ်သနစ်ကိုတွေကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် အရပ်သူအရပ်သား၊ သာမန်ပြည်သူတွေအပေါ် လက်နက် ကိုင်အဖွဲ့ အစည်းတွေက ဗိုလ်ကျလို့ရတယ် အနိုင်ကျင့်လို့ရတယ် ဆိုတဲ့အမြင်ကနေပေါက်ဖွားလာတာ ဖြစ်ပါတယ်။ အနိုင်ကျင့်တယ် ဆိုတာကလည်း အရပ်သူအရပ်သားဆိုရင် ဘယ်သူကမှ အကာကွယ်ပေးထားတာမျိုးမရှိတဲ့အတွက် ဖြစ်ပါတယ်။ ဥပဒေ ကြောင်း အရလည်း အကာအကွယ်ပေးထားတာမျိုးမရှိပါ။

အဲသလိုစနစ်ဆိုးတွေက တဖြည်းဖြည်းအမြစ်တွယ်လာတော့ လက်ရှိအာဏာရှိနေတဲ့ စစ်ဗိုလ်တွေကိုယ်တိုင်လည်း စစ်ယူနီ ဖောင်းဝတ်မထားရင် အရပ်သူအရပ်သားလို့အထင်ခံရပြီး သူတို့လိုလက်နက်ကိုင်အချင်းချင်းရဲ့ မောက်မာ စော်ကားမှုကို ပြန်ခံရပါတယ်။ ခြုံပြောရရင်တော့ စစ်ဗိုလ်စစ်သားတွေကိုယ်တိုင်က လူမှုနယ်ပယ်မှာ လူလူချင်းစော် ကားတာတွေကို မလုပ်ဖို့၊ နားလည်ဖို့ လိုပါပြီ။ စစ်ဗိုလ်ပဲဖြစ်ဖြစ် သာမန်ပြည်သူပဲဖြစ်ဖြစ် အားလုံးမှာ လူဆိုတဲ့ ဂုဏ် သိက္ခာရှိကြပါတယ်။ လူလူချင်း လေးစားဖို့၊ မစော်ကားဖို့ နားလည်မယ်ဆိုရင် အားလုံးအတွက်အကျိုးရှိပါတယ်။

ဇော်မင်း (လူ့ဘောင်သစ်)
၂၃၊ ၀၆၊ ၂၀၀၇

ရွက်မွန်မှ ကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့