လက်နက်၏ အငြင်းပွါးစရာမလိုသော နောက်ဆုံးရလဒ်မှာ အသက်ကို အန္တရာယ် ပြုခြင်းပင် ဖြစ်သည်။ လက်နက်ဆိုရာ၌ လူ့အသက်ကို သေစေနိုင်သော ပစ္စည်းအားလုံးများ ပါဝင်၏။ ဓါး၊ သေနတ်တို၊ သေနတ်ရှည်မှ အစ မိုလိုတော့ဗုံးအထိ ပစ္စည်းမှန်သမျှသည် လက်နက်ဖြစ်သည်။ သို့သော် လက်နက်သည် ကိုင်တွယ် အသုံးပြုသူ၏ စိတ်စေတနာပေါ်မှာ မူတည်ပြီး ဂုဏ်သတ္တိနှစ်မျိုး ကွဲပြားသွားပါသည်။
တရားမျှတ ဖြောင့်မတ်သူ၏ လက်ထဲတွင် လက်နက်သည် မိမိကိုယ်ကို ကာကွယ်ရန် အားကိုးရသည့်ပစ္စည်း၊ သို့သော် ကိုယ်ကျင့်သိက္ခာ မတည်ကြည်သူ၊ လူသားအချင်းချင်း ညှင်းပန်းအနိုင်ယူလိုသူ၏ လက်ထဲတွင်တော့ လက်နက်သည် အာဏာဖြစ်သည်။ လက်နက်သည် ခြိမ်းခြောက် အနိုင်ယူခွင့်ရှိသည့် ပစ္စည်းတခု ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုတွင် ၁၇၉၁ ခုနှစ်မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ နောက်ဆက်တွဲ ပြင်ဆင်ချက်များ အဖြစ် အခွင့်အရေး ဥပဒေမူကြမ်းကို ရေးဆွဲအတည်ပြုခဲ့ ရသည်။ ထို အခွင့်အရေး ဥပဒေမူကြမ်းပါ ပြင်ဆင်ချက် အမှတ် (၂)သည် ပြည်သူတို့၏ လက်နက်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်နေပါသည်။ ပြင်ဆင်ချက် အမှတ်(၂) သည် အောက်ပါအတိုင်း ဖြစ်သည်။
"လွတ်လပ်သော နိုင်ငံတော်တခု၏ လုံခြုံရေးအတွက် စနစ်တကျ မျှမျှတတ ဖွဲ့စည်းထားသော ပြည်သူ့စစ်အဖွဲ့တရပ် လိုအပ်သောကြောင့် ပြည်သူတို့၏ လက်နက်များ လက်ဝယ်ထားရှိ ကိုင်ဆောင်ပိုင်ခွင့်သည် ဖောက်ဖျက်ခြင်း ခံရလိမ့်မည် မဟုတ်" အမေရိကန်ပြည်ထောင်စုတွင် ၁၈ ရာစုပိုင်းကစ၍ ပြည်သူပြည်သားတိုင်း လက်နက် ကိုင်တွယ် အသုံးပြုခဲ့ကြသည်။
အမဲလိုက်ရာတွင် အသုံးပြုသည်။ မိမိကိုယ်ကို ကာကွယ်ရာ တွင် အသုံးပြုသည်။ ထို လက်နက် ကိုင်ဆောင်မှုကြောင့် လုယက်တိုက်ခိုက်မှုများ၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ၊ အနိုင်ကျင့် ညှင်းဆဲမှုများ၊ လူသတ်မှုများစွာ ပေါ်ပေါက်ခဲ့ ရသည်။ သို့သော် တဖက်မှာက မိမိကိုယ်ကို ကာကွယ်နိုင်ခွင့် ရှိနေခဲ့သည်။
ကုန်စုံဆိုင် ပိုင်ရှင်တယောက်သည် သေနတ်ဆောင်ထားခြင်းဖြင့် ဆိုင်ကို လုယက်သူများ၏ ရန်မှ အကာအကွယ် ရနေပြန်သည်။ အမျိုးသမီးတယောက်သည် မိမိတဦးတည်း နေထိုင်သော အိမ်သို့ ကျူးကျော်သူများ မ၀င်ရောက်နိုင်ရန် သေနတ်တလက်ဖြင့် အကာအကွယ် ယူနိုင်သည်။ လက်နက်ကိုင်ဆောင်ခွင့် ပေးထားသည်ဟု ယူဆရသော ပြင်ဆင်ချက် အမှတ်(၂)ကြောင့် ကောင်းကျိုးများလည်း ရှိသလို၊ ဆိုးကျိုးများလည်း ရှိသည်ကို မည်သူမျှ မငြင်းနိုင်ကြပါ။
လက်နက်ကိုင်ဆောင်ခွင့် ရုပ်သိမ်းသော ဥပဒေတခု ပြဌာန်းလိုက်လျှင် တရားဥပဒေကို လေးစားသူများကတော့ လိုက်နာကြပေလိမ့်မည်။ တရားဥပဒေကို ဂရုမစိုက်သူများက ခိုးကြောင်ခိုးဝှက် ဆက်လက်ကိုင်ဆောင်လိမ့်မည်။ ထိုအခါ လက်နက်မဲ့သွားသော ဥပဒေလိုက် နာသူ ပြည်သူများသည် လက်နက်ရှိ ရမ်းကားသူများ၏ အန္တရာယ်ကို မည်ကဲ့သို့ ကာကွယ်ရ မည်နည်း။ အိမ်တိုင်း အိမ်တိုင်းတွင် လုံခြုံမှုရှိအောင် တအိမ်စီ၌ ရဲသားတဦးစီ စောင့်ကြပ် ပေးနိုင်ပါသလား။
ထိုမေးခွန်းသည် လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းလိုက်သော မြို့ကလေး များရှိ အမေရိကန်ပြည်သူများက မေးလာသော မေးခွန်း ဖြစ်ပါသည်။ သည့်ထက်ပို၍ ကြောက်စရာကောင်းသော မေးခွန်းတခု ရှိခဲ့သည်။ တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ရထားသော ရဲသားများ၊ စစ်သည်တော်များ၏ တည်ကြည်ဖြောင့်မတ်မှုကို မိမိတို့ ပြည်သူများက မည်သည့် အတိုင်းအတာထိ အသက်နှင့် ရင်းနှီး၍ ယုံကြည်စိတ်ချ နိုင်ပါမည် နည်း။
၁၉၈၁ ခုနှစ် မတ်လတွင် အမေရိကန်သမတ ရော်နယ်လ်ရေဂင်ကို လူတယောက်က သေနတ်တလက်ဖြင့် သေကြောင်းကြံစည်ခဲ့သည်။ မေလတွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂) ကို လူတယောက်က သေနတ်ဖြင့် ပစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ် မော်တင်ဂရိုဖ့်မြို့၌ လက်နက်ကိုင်ဆောင်ခွင့်ကို ပထမဦးဆုံး ဖျက်သိမ်း လိုက်သည်။
ထို ဖျက်သိမ်းမှု ဥပဒေသည် တမြို့မှ တမြို့သို့ ကူးစက်သွား၏။ ထိုမြို့များထဲတွင် အုတ်ပတ်မြို့လည်း ပါဝင်သည်။ အုတ်ပတ်မြို့တွင် လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းပြီး နောက် ဖြစ်ပျက်သွားသော အကြောင်းအရာတခုမှာ စိတ်ဝင်စားစရာကောင်းနေသည်။ လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းပြီး နှစ်ရက်အကြာတွင် ဓါတ်ဆီဆိုင်ပိုင်ရှင် တယောက် ဓါးပြတိုက်ခံရ၏။
ယခင်က သူ့ဆိုင်ကို ဓါးပြတိုက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစား ပြီး မည်သူမျှ မအောင်မြင်ကြ။ အကြောင်းမှာ ဓါတ်ဆီဆိုင် ပိုင်ရှင်သည် သေနတ်တလက် အမြဲကိုင်ဆောင်ထားသောကြောင့် ဖြစ်သည်။ ယခုအခါ ဆိုင်ရှင်သည် ဥပဒေကို လေးစား လိုက်နာပြီး သေနတ်ကို မိမိနှင့်အတူ ကိုင်ဆောင် မထားတော့ချေ။ ထိုအခါ ဓါးပြများသည် သူ့ခေါင်းကို သေနတ်နှင့်တေ့ပြီး ငွေများအားလုံးကို ယူသွားကြ၏။ ဓါးပြများ ထွက်ပြေးသွား တော့မှ သူသည် မိမိကားထဲ၌ ရှိနေသော အစိုးရကို ပြန်မအပ်ရသေးသည့် သေနတ်ကို ယူ၍ ဓါးပြများကို ပစ်ခတ်ရန် ကြိုးစားသည်။
သို့သော် နောက်ကျသွားပြီ ဖြစ်သည်။ ထိုဖြစ်ရပ်၏ ရလဒ်မှာ ရယ်စရာကောင်းနေ၏။ မြို့အုပ်ချုပ်သူ တာဝန်ရှိသူများက ဆိုင်ရှင်အား တရားမ၀င် သေနတ်ကိုင်ဆောင်မှုဖြင့် အရေးယူလိုက်သည်။ ဓါးပြများကိုတော့ ယခုချိန်ထိ သူတို့ ဖမ်းမပေးနိုင်ခဲ့ချေ။ ထိုအချိန်မှစ၍ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေ တည်မြဲစေလိုသော ပြည်သူများနှင့် ထိုအခွင့်ကို ဖျက်သိမ်းစေလိုသော ပြည်သူများအကြား သဘောကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့ သည်။ လက်နက်ကိုင်ဆောင်ခွင့် တည်မြဲရေးဘက်မှ ထောက်ခံသူများက သူတို့ ကိုယ်ပိုင် အခွင့်အရေးကို အောက်ပါစကားများဖြင့် တောင်းဆိုခဲ့သည်။
လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းခြင်းဖြင့် လူတယောက်၏အသက်ကို ကယ်တင်နိုင် မည် မဟုတ်။ အရက်မူး၍ ကားမောင်းခြင်းများကို ပပျောက်အောင် ကားကို သိမ်းယူ၍ မရသလို လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းလိုက်ရုံဖြင့် သေနတ်ပစ်မှုများ ပပျောက်သွားမည်ဟု ပုံသေမှတ်ယူ၍ မရပါ။ မည်သူက မှန်သည်၊ မည်သူက မှားသည်ဟု ယခုအချိန်တွင် ကျွန်မတို့ မသိနိုင်သေးပါ။ အချိန်ကာလက အဆုံးအဖြတ် ပေးပါလိမ့်မည်။
လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းမှုနှင့် ပတ်သက်၍ စိတ်ဝင်စားစရာကောင်းသော ရုပ်ရှင်ဇာတ်ကားတခုကို လွန်ခဲ့သည့်လက ကျွန်မ ကြည့်ခဲ့ရပါသည်။ ဇာတ်ကားမှာ Western အမျိုးအစား ကောင်းဘွိုင်ဇာတ်ကားဖြစ်၏။ ကျွန်မကြည့်ဘူး သမျှ ကောင်းဘွိုင်ဇာတ်ကား များတွင် ကျွန်မရင်ထဲသို့ စူးနစ်ဝင်ရောက်ခဲ့သော ပထမဦးဆုံး ကောင်းဘွိုင်ဇာတ်ကား ဖြစ် သည်။
တကယ့်ဖြစ်ရပ်မှန်ဟု ယူဆရသော ဒဏ္ဍာရီဆန်ဆန် သူရဲကောင်း ဥပဒေအရာရှိ တဦး၏ ဇာတ်လမ်းကျောရိုးကို အခြေခံ၍ ရုပ်ရှင်ရိုက်ကူးထားခြင်း ဖြစ်သည်။ ဇာတ်ကောင်မှာ Wyatt Earp ဟူသော ရဲအရာရှိတဦး ဖြစ်သည်။ ထို Wyatt Earp အကြောင်းကို ဇာတ်ညွှန်း ရေးသားရိုက်ကူးသည့် ဇာတ်ကားနှစ်မျိုး ပေါ်ထွက်လာခဲ့သည်။ ဇာတ်ညွှန်းရေးသူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်များ အားလုံးခြားနားကြ၏။ မည်သူက အလျင်ရိုက်ကူးခဲ့သလဲ ဆိုသည်ကို ကျွန်မမသိပါ။
ရုပ်ရှင်ကြည့် ပရိသတ်တဦးအနေဖြင့် ဇာတ်ကားနှစ်မျိုးကို ကျွန်မ ကြည့်ခွင့်ရခဲ့ သည်။ ပထမဇာတ်ကားမှာ Dan Gordon နှင့် Lawrence Kasdan တို့ ဇာတ်ညွှန်းရေးပြီး Lawrence Kasdan ရိုက်ကူးသော Wyatt Earp ဇာတ်ကားဖြစ်သည်။ ရုပ်ရှင်သရုပ် ဆောင်များမှာ Kevin Costner, Gene Hackman, Keith David, Bill Pullman, Isabelle Rosellini တို့ ဖြစ်သည်။
ဒုတိယ ဇာတ်ကားမှာ Kevin Jarre ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ George P. Cosmotos ရိုက်ကူးသော Tombstone ဇာတ်ကားဖြစ်သည်။ သရုပ်ဆောင်များမှာ Kurt Russel, Val Kimar [The Doors နှင့် The Real Macoy] Sam Elliot, Bill Paxton, Michael Biehn, Powers Boothe, Dana Delany နှင့် Billy Zane တို့ ဖြစ်သည်။ ဇာတ်ကား နှစ်မျိုးသည် ဇာတ်ကွက်တွင် အနည်းနှင့်အများ ခြားနားမှုရှိသော်လည်း ဇာတ်လမ်းကျောရိုး အဖြစ်အပျက်များ အတူတူပင်ဖြစ်သည်။
Wyatt Earp ဇာတ်ကားသည် Wyatt Earp ၏ ငယ်စဉ်ကလေးဘ၀က စ၍ ဇာတ်လမ်းဖွဲ့၍ ရိုက်ကူးထားခြင်းဖြစ်ရာ ကလေးဘ၀ကတည်းက ဇာတ်ကောင်၏ စရိုက်များကို ဖော်နိုင်ခဲ့သည်။ Wyatt Earp ၏ မိဘများ၊ ညီအစ်ကိုများ [Wyatt ၏အိမ်ထောင်ရေးနှင့် မိတ်ဆွေသူငယ်ချင်းများ] အားလုံးကို ဇာတ်လမ်းထဲမှာ ထည့်ထားသည်။ ပို၍ ပြည့်စုံသည်။ အသေးစိတ်ကျသည်။ သို့သော် ရုပ်ရှင်ဇာတ်ကား တခုအဖြစ် ကြည့်ရသော အခါ အနည်းငယ် ပိုလျှံသွားသယောင် ရှိသည်။
Tombstone ဇာတ်ကားကတော့ Wyatt Earp ရဲအရာရှိအဖြစ်မှ အငြိမ်းစားယူပြီးသည့် ကာလမှ စတင်၍ ဇာတ်လမ်းစတင် ရိုက်ကူးခြင်းဖြစ်ရာ Wyatt ၏ ငယ်စဉ်စရိုက်ကို မပေါ်လွင် ခဲ့ပါ။ Wyatt ငယ်စဉ်က ရန်ဖြစ်ရမှာ မနှစ်မြို့ကြောင်း၊ တရားမျှတမှုကို မြတ်နိုးကြောင်း၊ လူတယောက်က ရန်စလျှင် တတ်နိုင်သမျှ ရန်ကိုရှောင်ပြီး မတတ်သာလွန်းမှ ရင်ဆိုင်ကြောင်း၊ အရက်လုံးဝမသောက်တော့ဘဲ ကော်ဖီသာ သောက်ကြောင်း၊ ထိုအကြောင်းများ မပါဝင်ခဲ့ပါ။
ဒုတိယဇာတ်ကောင်ဖြစ်သူ Doc Holiday နှင့် မည်ကဲ့သို့ မိတ်ဆွေ စဖြစ်ခဲ့သည် ဆိုတာလည်း မပါဝင်ခဲ့ပါ။ သို့သော် Tombstone ဇာတ်လမ်းတည်ဆောက်ပုံမှာ ကျစ်လစ်သည်။ ဇာတ်ကွက် အဖြစ်အပျက်အချို့ကို မညှာမတာ ဖြတ်တောက်ဖယ်ရှားပစ်လိုက်သည်။ ဒါရိုက်တာ George P. Cosmatos သည် Wyatt Earp ၏ ဘ၀မှ မိမိအလေးထား၍ ပြောလိုသော အကြောင်းအရာကိုသာ ဦးစားပေး၍ ဆွဲယူ ဖော်ပြလိုက်သည်။
သူ ပြောလိုသည်မှာ လူတယောက်ချင်းစီ၏ မိစ္ဆာစိတ်နှင့် တရားမျှတစိတ်တို့ပေါ်မှာ မူတည်ပြီး လက်နက်၏ ကောင်းကျိုး၊ ဆိုးကျိုးတို့ ဖြစ်ပေါ်လာရခြင်း အကြောင်းပင် ဖြစ်သည်။ လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းရေး ဥပဒေအပေါ် သူ့ကိုယ်ပိုင်အမြင်တခုကို Wyatt Earp ၏ ဇာတ်ကောင်နေရာမှာ ၀င်ပူး၍ ပြောပြခြင်း ဖြစ်သည်။
၁၈၇၉ ခုနှစ် အမေရိကန် ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားချိန်၌ စီးပွါးရေး ကျပ်တည်းမှု များ၊ ရှားပါးမှုများ ဆက်လက်ကျန်ရှိနေခဲ့သည်။
တချို့က မြေရိုင်းများကို ထွန်ယက်စိုက်ပျိုး ကြသည်။ တချို့က တနေရာမှ တနေရာသို့ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းသွားလာ နေထိုင်ကြသည်။ တချို့က မိမိကိုယ်တိုင် ပင်ပန်းဆင်းရဲစွာ ရှာဖွေမစားသောက်ပဲ သူတပါး အပေါ် အနိုင်ကျင့် လုယက် တိုက်ခိုက်ယူကြသည်။ မိမိတို့ ကိုင်တွယ်သော လက်နက်သည် ပြည်တွင်းစစ်ပြီးသည့်အခါ မိမိအိမ်နီးချင်းကို ခြိမ်းခြောက်အနိုင်ယူရန် ဖြစ်လာကြသည်။
ထိုလူရမ်းကားများတွင် တရားဥပဒေဟူသည် မရှိ။ မိမိတို့၏ လက်နက်သည် မိမိတို့၏ အာဏာ ဖြစ်သည်။ ရာဇ၀တ်မှုများကို ကျူးလွန်သည်။ ထိုလူစုသည် ပြည်သူနှင့် စာလျှင် လူနည်းစု ဖြစ်သည်။ သို့သော် လုံခြုံရေး ရဲဝန်ထမ်းများနှင့်စာလျှင် လူများစု ဖြစ်သည်။ ထိုလူရမ်းကားများ သည် သူတို့ကိုယ်သူတို့ Cowboys များဟု သတ်မှတ် ခေါ်ဝေါ်ကြလေသည်။
Wyatt Earp သည် ကင်းဆပ်ပြည်နယ် ရဲအရာရှိဘ၀မှ အငြိမ်းစားယူ၍ မိမိ၏ ညီအစ်ကို မိသားစုများနှင့်အတူ ငြိမ်းချမ်းသော ဘ၀မှာ နေထိုင်ရန် Tombstone မြို့သို့ ရောက်လာခဲ့သည်။ Wyatt Earp သည် မိမိ၏ အမျိုးသမီး Matti နှင့်အတူ အစ်ကို Virgil Earp နှင့် ဇနီး Allie Earp ညီ Morgan Earp နှင့် ဇနီး Louisa Earp တို့နှင့် စည်းလုံးပျော် ရွှင်စွာ နေထိုင်ဖို့ ရည်ရွယ်ထားသည်။
သို့သော် ထိုအချိန်၌ Tombstone သည် သူထင်သလို ငြိမ်းချမ်းမှုကို မပေးနိုင်။ Tombstone သည် တရားဥပဒေမဲ့သူ လက်နက်ကိုင် cowboys များကြောင့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ပြည်သူများကို အမြဲခြိမ်းခြောက် အနိုင်ကျင့်နေသော အုပ်စုများ၏ ခေါင်းဆောင်များမှာ မိမိကိုယ်မိမိ ကာနယ်လ် ဟုသတ်မှတ်ထားသော ဘီလ် ဟူသည့် ခပ်ရိုင်းရိုင်း သို့သော် ဥာဏ်ရှိသည့်လူတယောက်၊ Johny Ringo ဟူသော Bill ၏ ညာလက်ရုံးလည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်သော အေးတိအေးစက်နှင့် ရက်စက်တတ်သော လူတယောက်၊ Mike Clement ဟုခေါ်သော စဉ်းစားဆင်ခြင်ဥာဏ်မရှိ ရိုင်းစိုင်းကောက်ကျစ်တတ်သော လူ တယောက်တို့ ဖြစ်သည်။
သူတို့တွင် သူတို့၏ နောက်လိုက် cowboys များစွာ ရှိသည်။ Wyatt တို့ Tombstone သို့ ရောက်ချိန် သူ့ သူငယ်ချင်းဖြစ်သူ Doc Holiday [Val Kimar] လည်း ပြန်ရောက်နေသည်။ Doc သည် အရပ်တကာလှည့်ပြီး ဖဲရိုက်ရင်း စီးပွါးရှာသည့် လောင်းကစား ကျွမ်းကျင်သူ တယောက်ဖြစ်သည်။ သူဘယ်တော့မှ ဖဲလိမ်၍မရိုက်၊ သို့သော် သူ အမြဲတမ်းနိုင်သည်။
လူတယောက်ကို သူဘယ်တော့မှ ရန်မစ၊ သို့သော် သူ့ကိုရန်မူလာလျှင် သူက အလျင်ဦးအောင် အနိုင်ယူနိုင်သော အလွန်သွက် လက်သည့် လူတဦး ဖြစ်သည်။ သူ၏ လုံခြုံရေးအတွက် သေနတ်နှစ်လက် အမြဲကိုင်ဆောင်ထားသည်။ သို့သော် တခါမှ လူမသတ်ဘူးချေ။ Doc နှင့်အတူနေသူ အမျိုးသမီးမှာ Kate Allen ဖြစ်သည်။ Doc မှာ အဆုတ်ရောဂါ ရှိနေမှန်း သိပါလျက်နှင့် Doc အပေါ်မှာ သစ္စာရှိစွာ ရဲဘော်ရဲဘက်လို ပေါင်းသင်းနေထိုင်သူ တဦးဖြစ်သည်။
Wyatt နှင့် Doc ပြန်တွေ့ပြီး စကားပြောနေစဉ်မှာပင် ဂျွန်ဆိုသော မြို့အုပ်ချုပ်ရေး အရာရှိ [County Officer] တယောက်လာနှုတ်ဆက်သည့်အခါ Doc သည် ထိုလိုလူကို လက်ဆွဲမနှုတ်ဆက်ပေ။ ဂျွန်သည် လေးစားထိုက်သူ တဦးမဟုတ်၊ သူရဲဘောကြောင်သူ၊ ကောက်ကျစ်သူ တဦးဖြစ်သည်။ သို့သော် မော်ဂင်နှင့် ဗာဂျီလ်ကိုတော့ ဒေါ့(ခ်)က လေးစား ခင်မင်သည်။
ထိုအခိုက်မှာပင် နယ်လှည့်ပြဇာတ်အဖွဲ့တဖွဲ့ ရောက်လာပြီး ပြဇာတ်အဆိုတော် အမျိုးသား Billy Zane နှင့် အမျိုးသမီး Josephine တို့ မြင်းလှည်းပေါ်မှ ဆင်းလာသည်။ ဂျိုဇက်ဖင်းနှင့် ၀ိုင်ယက်သည် တယောက်နှင့် တယောက် မျက်လုံးချင်း ဆုံသွား၏။ ထိုအဖြစ်ကို Doc က ရိပ်မိသည်။ တော်တော်ဆွဲဆောင်နိုင်တဲ့ တခဏလေးပါဘဲ ဟု Doc က ရေရွတ်သည်။
ညမှာ သူတို့ ပြဇာတ်ကြည့်ကြ၏။ လူရမ်းကား ဘီလ်နှင့် ဂျွန်နီရင်ဂိုတို့လည်း ကြည့်ကြ သည်။ သူတို့အုပ်စုသည် ရိုင်းစိုင်းစွာ ဆူညံကြသည်။ ပြဇာတ်စင်ပေါ် သေနတ်နှင့် လှမ်းပစ်၍ လက်တည့်စမ်းကြသည်။ အများပြည်သူကို နှောင့်ယှက်ကြသည်။ သို့သော် ပြဇာတ်အဆိုတော် Billy Zane က သူတို့ကို ကောင်းစွာထိန်းထားနိုင်ခဲ့သည်။
ပြဇာတ်စင်ပေါ်မှ ဂျိုဇက်ဖင်းနှင့် အထူးတန်းပွဲကြည့်စင်မှ ၀ိုင်းယတ်တို့ အကြည့်ချင်း ဆုံကြပြန်သည်။ ပြဇာတ်ပြီးသွားသောအခါ ၀ိုင်းယတ်၏ အမျိုးသမီး မက်တီက အိမ်ပြန်သွားပြီး ၀ိုင်းယက်က ညီဖြစ်သူ မော်ဂင်နှင့်အတူ ကျန်ခဲ့သည်။ ပြဇာတ်ထဲမှာ မိစ္ဆာ Devil နှင့် ဘုရားသခင်အကြောင်း ကြည့်ပြီးနောက် မော်ဂင်က ၀ိုင်းယက်ကို ထူးဆန်းသော မေးခွန်းတခု မေးသည်။
"၀ိုင်းယတ် ... မင်းဘုရားကို ယုံသလား"
ဝိုင်းယတ်က ရယ်လေသည်။ ဘာဖြစ်လို့ မေးတာလဲ... မင်းကော ယုံလို့လား ... ဟုပြန်မေးသည်။ မော်ဂင်က ရယ်မောလျက် ပြန်ဖြေ၏။ "မဟုတ်ဘူးလေ လူတယောက်သေ သွားတဲ့အခါ သူဘာကို ရင်ဆိုင်ရမယ်ဆိုတာတော့ ရှိနေမှာပဲမဟုတ်လား။ ၀ိညာဉ်ဝါဒ spirtualism ကို ယုံကြည်တဲ့ လူတွေ ရှိတယ်လေ။ သူတို့ ပြောတာကတော့ သူတို့ဟာ အလင်းရောင်ကို မြင်ရတယ်ဆိုပဲ။ လှိုင်ခေါင်းထဲကနေ အလင်းရောင် ထွက်လာသလိုပဲတဲ့"
သို့သော် ၀ိုင်းယတ်က ဘုရားသခင်သည် အရေးမကြီးပါ။ လူ့ဘ၀၏ အနှစ်သာရ ဆိုသည်ကိုလည်း သူ သိပ်သတိမထားမိ။ ထိုည ပါတီ၌ ဂျိုဇက်ဖင်းနှင့် ၀ိုင်းယက် ပြန်ဆုံမိကြ သည်။ ယောက်ျားများ ၀ိုင်းဝိုင်းလည် နေသော ဂျိုဇက်ဖင်းက ၀ိုင်းယက်ရှိရာသို့ ရောက်လာပြီး အတူကရန် ဖိတ်ခေါ်သည့်ဟန်ဖြင့် ဦးညွှတ် နှုတ်ဆက်သည်။ ၀ိုင်းယက်က သိသိသာသာပင် ရှောင်လိုက်လေသည်။
နောက်ရက်တွင် ဖဲကစားသည့်ဝိုင်း၌ ဒေါ့ခ်နှင့် ၀ိုင်းယက်တို့ ကစားနေကြစဉ် လူရမ်းကား ဘီလ်နှင့် ဂျွန်နီရင်ဂိုတို့ ရောက်လာကြသည်။ ဘီလ်က ၀ိုင်းယတ်အား ဥပဒေခွေး [Lawdog] လားဟု မေးသည်။ ၀ိုင်းယတ်က သူ အငြိမ်းစားယူပြီးပြီဖြစ်ကြောင်း အေးအေး ဆေးဆေး ဖြေ၏။ ဘီလ်က မခိုးမခန့်ရယ်လျက် "သိပ်ကောင်းတာပေါ့" ဟု ရန်စလေသည်။ ဂျော်န်ီရင်ဂိုကတော့ ဒေါ့ခ် အားအမူအရာဖြင့် ရန်စသည်။
"မင်းက ဒေါ့(ခ်)ဟောလီးဒေး ထင်တယ် ဟုတ်လား" ဟုမေးတော့ ဒေါ့(ခ်)က ခပ်တည်တည်အမူအရာဖြင့် "မင်းက ရင်ဂိုပဲ ဖြစ်ရမယ်" ဟုပြန်ပြောသည်။ သူတို့နှစ်ယောက်၏ မျက်လုံးများတွင် တယောက်ကိုတယောက် မုန်းတီးမှုများကို မြင်ရသည်။ ဂျွန်နီက ဒေါ့(ခ်)အား စိန်ခေါ်အစွမ်းပြသည့် အနေဖြင့် သေနတ်ကို လက်တွင် အမျိုးမျိုး လှည့်ပတ်ကစားပြသည်။ ပရိသတ်များက ဂျွန်နီကို သြဘာပေးကြသည်။
ဒေါ့(ခ်)က မထီလေးစားဟန်ဖြင့် ပြုံးလျက် မိမိအရက်သောက်လက်စ စတီးလ်ခွက် သေးသေး လေးကို ဂျွန်နီ သေနတ်လှည့်ပတ် ကစားဟန်မျိုးဖြင့် ကစားပြကာ သရော်လိုက်လေသည်။ ထိုအချိန်မှစ၍ ဂျွန်နီရင်ဂိုနှင့် ဒေါ့(ခ်)ဟောလီးဒေးအကြားမှာ ရန်စတခု ဖြစ်ခဲ့သည်။
ဝိုင်းယတ် တညနေမှာ မြို့ပြင်ထွက်၍ မြင်းစီးသောအခါ ဂျိုဇက်ဖင်းနှင့် ဆုံတွေ့ကြသည်။ ၀ိုင်းယတ်နှင့် ဂျိုဇက်ဖင်းသည် လွင်ပြင်ကိုဖြတ်၊ တောင်ကုန်းများကို ကျော်၍ သာယာအေးချမ်း သော တနေရာမှာ အေးဆေးစွာ စကားပြောဖြစ်ကြသည်။ ၀ိုင်းယတ်ကို ဂျိုဇက်ဖင်းက "ရှင်ပျော်သလား" ဟုမေးသည်။ "ဘယ်လောက် ဂွကျတဲ့ မေးခွန်းပါလိမ့် ... ငါမသိဘူး၊ မင်းကော ပျော်သလား" ဟု ပြန်မေးတော့ ဂျိုဇက်ဖင်းက "အို ... ကျွန်မလား၊ ကျွန်မ အမြဲတမ်း ပျော်နေတာပဲ" ဟု ဖြေပါသည်။
နောက်ထပ် မေးခွန်းတခုမှာလည်း တော်တော်ဖြေရခက်၏။ "ရှင့်ဘ၀မှာ ရှင်ဘာကို လိုချင်တာလဲ" ဟူသော မေးခွန်းဖြစ်သည်။ ၀ိုင်းယတ် ရယ်မောပြန် သည်။ "ကိုယ်မသိဘူးလေ.. ပိုက်ဆံရှာတာ ဖြစ်ချင်ဖြစ်မယ်... ကိုယ့်မိသား ကိုယ်ပိုင် ကလေးလေးတွေ လိုချင်တာ ဖြစ်ချင်ဖြစ်မယ် မင်းရော" ဟု ပြန်မေးသည်။ ဂျိုဇက်ဖင်းက "စားဖိုမှူး [Room Service] တယောက်လောက် လိုချင်တယ်" ဟု ဖြေ၏။ ၀ိုင်းယက်က သဘောကျစွာ ရယ်မောလိုက်သည်။
တညတွင် လူရမ်းကား ဘီလ် အရက်မူးမူးဖြင့် လမ်းမမှာ သေနတ် လျှောက်ပစ်သည်။ ကောင်းကင်မှ လကို မော့ကြည့်ပြီး ခွေးတကောင်လို ဆွဲဆွဲငင်ငင်အူ၍ သေနတ်ဖြင့် လရှိရာသို့ လှမ်းပစ်သည်။ အနီးအနား ဆိုင်ထဲမှာ county officer ဂျွန် ရှိနေသောကြောင့် လူတယောက် က ခင်ဗျားသွားထိန်းပါလားဟု အားကိုး၏။ သို့သော် ဂျွန်က ဒါ ကျွန်တော့် အလုပ်မဟုတ်ဘူး [Town Marshall] ရဲမှူးရဲ့ အလုပ်ဟု ဖြေသည်။
ရဲမှူးအဖိုးကြီးက မနေသာတော့သဖြင့် ဘီလ်ရှိရာသို့ သေနတ်ပစ်ဖောက်၍ ရောက်သွားသည်။ "ဘီလ် .. မင်းလက်နက်တွေ ငါ့ကိုပေး စမ်း" ဘီလ်က မူးမူးရူးရူးဖြင့်သေနတ်တွေ ကမ်းပေးရင်း အငိုက်တွင် ရဲမှူးကို သေနတ်နှင့် ပစ်သတ်လိုက်လေသည်။ ၀ိုင်းယတ်က အပြေးအလွှားရောက်လာပြီး ဘီလ်ကို သတိလစ် အောင် ရိုက်ချလိုက်သည်။ ဘီလ်နှင့်မတည့်သော အုပ်စုထဲမှ တချို့က ဘီလ်ကို အဆုံးစီရင်ရန် အော်ဟစ်ကြသည်။ ၀ိုင်းယက်က လူစုအားလုံးကို သေနတ်နှင့် ချိန်၍ "လူတယောက်ကို အခြားတယောက်က ကြိုးပေးသတ်ခွင့် မရှိဘူး" ပြောပြီး ဖြန်ဖြေလိုက်သည်။
လမ်းပေါ်မှ အဖြစ်အပျက်ကို county officer John က လှမ်းကြည့်ရုံသာ ကြည့်နေသည်။ ဂျွန်နှင့်အတူ နေထိုက်လျက်ရှိသော ဂျိုဇက်ဖင်းက ဂျွန်အနီးမှာရပ်ကာလမ်းပေါ်မှ မြင်ကွင်းကို ငေးမောကြည့် ရင်း စိတ်မကောင်း ဖြစ်နေခဲ့သည်။ ဗားဂျီးလ်အတ်ပ်သည် ရဲအရာရှိတာဝန်ကို ယူလိုက်သည်။ မော်ဂင်သည်လည်း ရဲအဖွဲ့ထဲ ၀င်လိုက်သည်။ မိမိ၏ မြို့တွင် မြို့သူမြို့သားများ ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်ရေး အတွက် ဗာဂျီလ်သည် ကြေငြာချက်တရပ်ကို ထုတ်ပြန်လိုက်သည်။
Tombstone မြို့တွင်း၌ မြို့သူမြို့သားများသည် မည်သည့်လက်နက်ပစ္စည်းကိုမျှ ကိုင်ဆောင်လာခြင်း မပြုရ။ ယနေ့မှစ၍ လူတိုင်းတိုင်း၏ လက်နက်ကိုင်ဆောင်ခွင့်ကို ဖျက်သိမ်းလိုက်သည်။ ဤဥပဒေကို လူတိုင်းနာခံရမည်။ လက်နက်တွေ့ရှိလျင် တင်းကျပ်စွာ အရေးယူ အပြစ်ပေးမည်။ ပြည်သူအများစုက ထိုဥပဒေကို သဘောကျသည်။ အချို့ ပြည်သူများနှင့် လူရမ်းကား များက သဘောမကျ။
အံ့စရာကောင်းသည်က လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းသည့် ဥပဒေကို [Wyatt Earp] က လုံးဝ သဘောမတူနိုင်ခြင်းပင် ဖြစ်သည်။ သူသည် ဗာဂျီးလ်နှင့် မော်ဂင်အား ကရုဏာ ဒေါသောဖြင့် အပြစ်တင် လိုက်သည်။
"မြို့သူမြို့သားတွေရဲ့ ငြိမ်းချမ်းမှုကို လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းလိုက်ခြင်း အားဖြင့် ရလာလိမ့်မယ်လို့ မင်းတို့ထင်သလား။ မင်းတို့ မှားနေပြီ၊ နှစ်ယောက်လုံး အကြီး အကျယ် မှားနေပြီ။ မင်းတို့ ငါတို့ မိသားစုတွေကို လူရမ်းကားတွေက အလွယ်တကူ သတ်နိုင်တော့မယ်" ဗာဂျီးလ်က ခေါင်းမာမာ၊ ၀ိုင်းယတ်က ခေါင်းမာမာ။ သို့သော် ဗာဂျီးလ်က တရားဝင်ရဲမှူး ဖြစ်နေသောအခါ ၀ိုင်းယတ်သည် ဥပဒေကို လေးစားလိုက်နာခဲ့၏။
Tombstone ရောက် ကတည်းက ဘယ်သူ့ကိုမှ မပြစ်ခတ်ခဲ့ဖူးသော မိမိသေနတ်ကို ခါးပါတ်နှင့်တကွ ဗာဂျီးလ်ထံ ဒေါသတကြီး အပ်နှံလိုက်သည်။ တခါတွင် ဖဲကစားနေရင်း Doc နှင့် Mike Clement တို့ ပဋိပက္ခဖြစ်သည်။ ရဲမှူး ဗာဂျီးလ်က ဘေးမှ ဖြန်ဖြေပေးသည်။ မော်ဂင်နှင့် ၀ိုင်းယတ်လည်း ရှိနေသည်။ Doc သည် ထိုအချိန်မှာ ချောင်းဆိုးရင်း သွေးအံ၍ သတိလစ်သွားသည်။
ဒေါ့(ခ်)ကို ဟိုတယ်အခန်းထဲသို့ ၀ိုင်းယတ်တို့က ပွေ့ချီသယ်ဆောင်သွားကြသည်။ မိုက်ခ်သည် ဒေါသကို ဘယ်လိုမှ မထိန်းချုပ်နိုင်။ "မင်းသေရမှာပဲ" ဟု လှမ်းအော် ခြိမ်းချောက်ပြီး အရက်ဘားကောင်တာမှ အပ်ထားသော ပြောင်းရှည်သေနတ်ကို တောင်းယူသည်။ ထို့နောက် Doc နောက်သို့ လိုက်ရန် ဒေါသတကြီး ထွက်သည်။ ဗာဂျီးလ်က မိုက်ကို သေနတ်ဒင်ဖြင့် ထုရိုက်ကာ အချုပ်ခန်းထဲ ဆွဲသွင်းထားလိုက်သည်။
မိုက်ခ်၏ အပေါင်းအသင်းများက မိုက်ခ်ကို အချုပ်ခန်းမှ လာရောက် ထုတ်ယူသော အချိန်တွင် တယောက်မှာ သေနတ်ပါလာသဖြင့် ၀ိုင်းယတ်က ထိုသေနတ်ကို သိမ်းဆည်းထားလိုက်သည်။ မိုက်ခ်တို့အဖွဲမှ လှည့်ပြန်သွားရင်း ဗာဂျီးလ်တို့ကို စိန်ခေါ်သွား သည်။ ဒေါ့ခ်သည် အိပ်ရာပေးတွင် အနားယူရမည် ဖြစ်သည်။ ခင်ျေားရဲ့ အဆုတ်မှာ ၆၀% လောက် ပျက်စီးနေပြီ။ ခင်ဗျား အရက်လျှော့ရမယ်။ ဆေးလိပ်ဖြတ်ရမယ်။
ညည လောင်းကစားဝိုင်းမှာ အချိန်မကုန်ရဘူး။ လုံးဝ အနားယူရမယ် ဟု ဆရာဝန်ကပြောသွားသည်။ ကဲ .. ကဲ ဆရာ ကျွန်တော့်မျက်စိအောက်ကနေ ထွက်သွားပါတော့ ဟု ဒေါ့ခ်က နှင်လိုက်သည်။ မိုက်ခ်၏ စိန်ခေါ်ပွဲသည် တမြို့လုံးသိသည့် လျှို့ဝှက်ချက် ဖြစ်သည်။ ၀ိုင်းယတ်သည် ရဲအရာရှိဘ၀က သူ့လက်စွဲသေနတ်ကို ထုတ်၍ ဗာဂျီးလ်၊ မော်ဂင်တို့နှင့် အတူ မိုက်ခ်တို့၏ ရပ်ကွက်သို့ သွားရန် ဆုံးဖြတ်သည်။
ဒေါ့ခ်ကလည်း အိပ်ရာထဲမှ ထလာကာ ဇွတ်ပူးပေါင်း သည်။ ဗာဂျီးလ်၊ မော်ဂင်၊ ၀ိုင်းယတ်နှင့် ဒေါ့ခ်တို့သည်[O.K.Corral] ဆိုင်ရှေ့တွင် မိုက်ခ်တို့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်သည်။ မော်ဂင်သည် ပုခုံးတွင် ဒဏ်ရာရပြီး၊ ဗာဂျီးလ်က ခြေထောက်တွင် ဒဏ်ရာရသည်။ မိုက်ခ်ကတော့ သူရဲဘောကြောင်စွာ [County Officer] အဆောက်အဦးထဲ ၀င်ပြေးကာ ကွယ်ရာမှ ခုခံသည်။
ထို့နောက် အလစ်တွင် ထွက်ပြေးသွားလေသည်။ ရင်ဆိုင်ပွဲ ပြီးဆုံးသွားသောအခါ ဂျွန်က ၀ိုင်းယတ်တို့အား ဖမ်းဆီးလိုက်ပြီဟု ပြောသည်။ ၀ိုင်းယတ်က စူးစိုက်စွာ စိန်ခေါ်ကြည့်ကြည့်လျက် "ခင်ဗျား ကျုပ်တို့ကို ဖမ်းဖို့ မဖြစ်နိုင်ပါဘူး ဟုတ်တယ် မို့လား" ဟု တင်းမာစွာ ပြောလိုက်လေသည်။ တဖက်ရန်သူ သုံးယောက် သေဆုံးသွားသည်။ ထိုအလောင်းများကို အသုဘချသည့် အခမ်းအနား၌ ရပ်ကွက်လူစုနှင့် ဆွေမျိုးတစုက ဆိုင်းဘုတ်များ ကိုင်စွဲလျက် ဆန္ဒပြကြသည်။
ဂျွန်နီရင်ဂိုက အရက်မူးမူးဖြင့် ဒေါ့ခ်ကို စိန်ခေါ် သည်။ "မင်းဘာလိုချင်လို့လဲ ဂျွန်နီ" ဟုဒေါ့ခ်က အေးစက်စွာမေးသည်။ "ငါမင်းရဲ့ သွေးကို လိုချင်တယ်၊ မင်းရဲ့ ၀ိဥာဉ်ကို လိုချင်တယ်။ နှစ်မျိုးလုံးကို လိုချင်တယ်"
ဒေါ့ခ်က ထိုင်ရာမှ ထလာပြီး "ဘယ်တော့လဲ... ပြော..." ဟုမေးသည်။ ထိုအချိန်တွင် ဘီလ်နှင့်အဖွဲ့က ဂျွန်နီထံ အပြေးအလွှား ရောက်လာပြီး ဖမ်းချုပ်ထိန်းသိမ်းလိုက်သည်။
"သူအရက်မူး နေလို့ပါ၊ ဂျွန်နီ လာလာ ပြန်ကြမယ်" ဘီလ်က ဒေါ့ခ်တို့ကို တောင်းပန်သလိုလို ပြုံးပြပြီး သူ့လူသူ ဇွတ်ဆွဲခေါ်သွားသည်။ ဂျိုဇက်ဖင်းနှင့် ၀ိုင်းယတ်၏ နှလုံးသားချင်း နားလည်မှုများကို မျက်လုံးများမှတဆင့် သိထားသောဂျွန် (County Officer) သည် ဂျိုဇက်ဖင်းအား ၀ိုင်းယတ်တို့၏ မာနများ ယနေ့ ညမှစ၍ ပြီးဆုံးသွားတော့မည်ဆိုတာ သူသိသည် ...ဟု အားရ၀မ်းသာ ပြော၏။ ဂျိုဇက်ဖင်းက အယ်လီနှင့် လူဝီဆာတို့ကို သွားသတိပေးသည်။
ထိုညတွင် အမျိုးသမီးများသည် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့သည်။ သို့သော် မော်ဂင်နှင့်ဗာဂျီးလ်က အန္တရာယ်ကို ရင်ဆိုင်ရသည်။ ဗာဂျီးလ်သည် လမ်းပေါ်မှာ တယောက်ယောက်၏ ချောင်းမြောင်းလုပ်ကြံ ပစ်ခတ်ခြင်း ခံရ၏။ ဗာဂျီးလ်၏ ဒဏ်ရာကို ဆေးကုနေစဉ် မော်ဂင်က ဒေါသတကြီး ထွက်သွားသည်။ မော်ဂင်လည်း လုပ်ကြံခံရသည်။ မော်ဂင်ကတော့ ခွဲစိတ်ခံရင်း သေဆုံးသွားခဲ့သည်။ မသေဆုံးမီ ၀ိုင်းယတ်အား "မင်းမှန်တယ် ၀ိုင်းယတ်" ဟု ၀န်ခံသွား ခဲ့သည်။
"၀ိုင်းယတ် တခါတုန်းက ငါပြောတာကို မင်းမှတ်မိလား၊ လူတွေ သေတဲ့အခါ အလင်းရောင်မြင်ရတယ် ဆိုတာလေ၊ အဲဒါ ဟုတ်တယ်ဝိုင်းယတ်၊ ငါအခု တမန်တော် နတ်သားတွေကို မြင်နေရတယ်။ သူတို့ တီးမှုတ်ကခုန်နေတာကို ငါမြင်ရတယ်" ထို့နောက် မော်ဂင် ဆုံးသွားသည်။
ဗာဂျီးလ်နှင့် အယ်လီ၊ မော်ဂင့်ဇနီး လူဝီဆာနှင့် ၀ိုင်းယတ်၏အမျိုးသမီး မက်တီတို့ အားလုံး ကာလီဖိုးနီးယားကို ရထားဖြင့် ထွက်ခွါရန် ၀ိုင်းယတ်က စီစဉ်သည်။ ၀ိုင်းယတ်ကိုယ်တိုင် လိုက်ပါမည်ဟု ဘီလ်နှင့် ဂျွန်နီ ရင်ဂိုတို့က ထင်နေကြသည်။ ၀ိုင်းယတ်က မြင်းလှည်းမောင်းလာရင်း ဂျွန်နီတို့ ရှေ့၌ လှည်းကိုခဏရပ်ပြီး၊ "ဒီကိစ္စတွေ ပြီးသွားပြီ" ဟုပြောတော့ ဘီလ်က စူးစိုက်စွာ ကြည့်လျက်၊ ဂွတ်ဘိုင်ဟု နှုတ်ဆက်လိုက်လေသည်။
သို့သော် အခဲမကြေသော မိုက်ခ်က Tombstone နှင့် ကပ်လျက်ဘူတာရှိရာ မြို့အထိလိုက်၍ ၀ိုင်းယတ်နှင့် ဗာဂျီးလ်ကို မျိုးဖြုတ်ရန် စီစဉ်သည်။ ရထားထွက်ခါနီး အချိန်တွင် ဘူတာပလက်ဖောင်း၌ အဖော်တယောက်နှင့် ရပ်စောင့်၍ ၀ိုင်းယတ်နှင့် ဗာဂျီးလ်ကို လူစုခွဲ၍ သတ်ရန် စီစဉ်သည်။ "ဟေ့ မက်တီ ၀ိုင်းယတ် ဘယ်မှာလဲ" ဟုဗြောင်ဖွင့်မေး၍ သေနတ်ဖြင့် ချိန်၏။
"ငါမင်းတို့ရဲ့ နောက်မှာလေ" ၀ိုင်းယတ်က မိုက်ခ်ကို အနိုင်ရသွားပါသည်။ "မင်းက မိုးကြိုးစစ်ပွဲကို ခေါ်လိုက်တယ် မဟုတ်လား မိုက်ခ်၊ ကဲ.... အဲဒီစစ်ပွဲကို မင်းရပြီးလေ... " ဟုပြောရင်း မိမိကုတ်အင်္ကျီ ရင်ဘတ်ကို ၀ိုင်းယတ်က လှစ်ပြ၏။ "အခုအချိန်ကစပြီး ငါ အမေရိကန်ပြည်ထောင်စု ပြည်နယ် ရဲမှူးဖြစ်သွားပြီ" ၀ိုင်းယတ်က ရင်ဘတ်တွင် ရဲအရာရှိ တံဆိပ် တပ်ထား၏။ "ကောင်းဘွိုင်ဇာတ်လမ်းတွေ ပြီးဆုံးသွားပြီ မိုက်ခ်၊ အဲဒီတော့ ပြေးပေတော့၊ ဂျွန်နီရင်ဂိုတို့ဆီ သွားပြီး အကြောင်းကြားချည်တော့၊ ငါနဲ့အတူ ငရဲပါလာပြီ ဆိုတာ သွားပြောစမ်း"
ထိုအချိန်မှ စ၍ Tombstone နယ်တ၀ိုက်ရှိ ကောင်းဘွိုင်လူရမ်းကားများကို ၀ိုင်းယတ်က ကြမ်းတမ်းစွာ တိုက်ခိုက်နှိမ်နင်းသည်။ ၀ိုင်းယတ်နှင့်အတူ ရောဂါသည်ဒေါ့ခ်လည်း ပါဝင်ကူညီ၏။ ဘီလ်၏ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးပြီး အချိန်မီ ပြန်လည်နှုတ်ထွက်လိုက်သော အဖွဲ့ဝင်များလည်း ပါဝင်သည်။ သူတို့အားလုံးသည် လက်နက်ကို လက်နက်ဖြင့်၊ ကြမ်းတမ်းရိုင်းစိုင်းမှုကို ကြမ်းတမ်းရိုင်းစိုင်းမှုဖြင့် ညီမျှစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရ၏။ ရာဇ၀တ် သား တယောက်ယောက်ကို အသက်အန္တရာယ် ထိခိုက်နစ်နာမှုမှ အမြဲ ကာကွယ်ပေးခဲ့သော ဥပဒေဘက်တော်သား ၀ိုင်းယတ်သည် ရာဇ၀တ်ကောင်များကို မြို့လည်ခေါင်တွင် ကြိုးဆွဲချ၍ သတ်သည်။
ရာဇ၀တ်ကောင်၏ ခြေထောက်တွင် သူတို့ ကောင်းဘွိုင် အထိမ်းအမှတ်ဖြစ်သော ခါးစည်းကြိုး ပိုးပုဝါအနီကလေးများ ရစ်နှောင်ချည်ပေးလိုက်၏။ ဘီလ်နှင့် ရင်ဆိုင်တိုက်ပွဲတွင် ၀ိုင်းယတ်က အနိုင်ရလိုက်သည်။ ဘီလ်သေဆုံးသွား သည်။ ဂျွန်နီရင်ဂို၏ စိန်ခေါ်ပွဲကို ရောဂါသည် ဒေါ့ခ်က ဖြစ်အောင်ကြိုးစား၍ သွားရောက် ရင်ဆိုင်သည်။
တရားမျှတစွာ မျက်နှာချင်းဆိုင် သေနတ်ချင်း ယှဉ်ပစ်၏။ အမြဲလက်မြန်သော ဒေါ့ခ်က အနိုင်ရသွားသည်။ "ရင်ဂိုလိုလူမျိုးဟာ ဘယ်တော့မှ ခိုးလို့ဝှက်လို့ အားရမှာ မဟုတ်ဘူး။ ဘယ်တော့မှ သတ်ဖြတ်လို့ အားရမှာ မဟုတ်ဘူး။ သူ့လိုလူမျိုးက ဟောင်းလောင်း ပေါက် အကြီးကြီးပဲ ၀ိုင်းယတ်ရဲ့။ သူလိုချင်တာက လက်စားချေမှုပဲ....။ ဘာအတွက်လဲ ဆိုတော့ ပျင်းရိငြီးငွေ့နေလို့ပဲ..." ဒေါ့ခ် အိပ်ရာထဲ လဲနေစဉ် ၀ိုင်းယတ်အား ပြောခဲ့သောစကား များ အလွန်မှန်ကန်ပါသည်။
ရင်ဂို၏ အလောင်းကို ဒေါ့ခ်နှင့်အတူ ရပ်ကြည့်နေပြီးနောက် ၀ိုင်းယတ်က "ကဲ... ငါတို့ ဒီစစ်ကို အဆုံးသတ်ကြစို့" ဟု ပြောလိုက်သည်။ မိုက်ခ်ကလဲမောင့်သည် ၀ိုင်းယတ်တို့အား အရှုံးပေး၍ ထွက်ပြေး သွားသည်။ နှစ်နှစ်အကြာတွင် သေနတ်ပစ်ခံရမှုကြောင့် မိုက်ခ်သေဆုံး သွားသည်။ Tombstone မှ ထွက်ခွါသွားပြီး မကြာမီ မက်တီ သေဆုံးသွားသည်။
ဒေါ့ခ်ဟောလီးဒေးသည် ၆ နှစ်အကြာတွင် Glennwood အနားယူဆေးရုံ၌ အဆုတ်ရောဂါဖြင့် သေဆုံးသွားသည်။ ဒေါ့ခ်ဆုံးမည့်နေ့၌ ဒေါ့ခ်အနီးမှာ ၀ိုင်းယတ်ရှိခဲ့သည်။ "ဘယ်လိုနေလဲ ဒေါ့ခ်" ဟု မေးတော့ ဒေါ့ခ်က မချိတင်ကဲပြုံးလျက် "ငါသေရတော့မှာ အသက်ငင်နေပြီ" ဟု မှန်ကန်စွာ ဖြေလေသည်။
ဒေါ့ခ် သေဆုံးပြီးနောက် ၀ိုင်ယတ်သည် ဂျိုဇက်ဖင်းရှိရာသို့ လိုက်သွား၏။
"ကိုယ့်မှာ ဘာမှ မကျန်တော့ဘူး ဂျိုးဇက်ဖင်း .. မင်းကို ပေးစရာ ဘာမှ မရှိတော့ဘူး။ မာနတွေလည်း မရှိတော့ဘူး၊ ဂုဏ်သိက္ခာဆိုတောလည်း မရှိတော့ဘူး၊ ငွေကြေးလည်း မရှိတော့ဘူး၊ ဒါပေမယ့် ကိုယ်ကတိပေးနိုင်တာ တခုကတော့ မင်းကို ကိုယ်ချစ်တယ်။ မင်းဘ၀ရဲ့ ကျန်ရှိသမျှ အချိန်အားလုံးအတွက် မင်းကို ကိုယ်ချစ်တယ်"
ဂျိုဇက်ဖင်းက ရယ်မော၍ နှစ်သိမ့်သည်။ "စိတ်မပူပါနဲ့ ၀ိုင်ယတ်ရယ် ... ကျွန်မမိသားစုက ချမ်းသာပါတယ်"
ထို့နောက် သူတို့ နှစ်ယောက် လက်ထပ်လိုက်ကြသည်။ ၀ိုင်းယတ်သည် အသက် ၈၀ အရွယ် ၁၉၂၉ ခုနှစ်၌ သေဆုံးသွားသည်။ သူ့ဘ၀ ဇာတ်ကြောင်းသည် Tombstone မြို့၊ Kansus ပြည်နယ်၊ California နှင့် သူသေဆုံးရာ Los Angeles မြို့များတွင် ဒဏ္ဍာရီသဖွယ် လူသိများသော ဇာတ်လမ်းတခု ဖြစ်ခဲ့သည်။
ဂန္ဒီရုပ်ရှင်ဇာတ်ကားကို ကြည့်စဉ်က ဂန္ဒီ၏ အကြမ်းမဖက်ရေးမူဝါဒ၊ ငြိမ်းချမ်းစွာ ဆန္ဒပြရေး မူဝါဒအပေါ် ချီးကျူးလေးစားခဲ့သော ကျွန်မသည် Tombstone ဇာတ်ကားကြည့်ရင်း Wyatt ၏ တရားမျှတသော တိုက်ခိုက်မှုများကို အပြစ်မမြင်နိုင်ဘဲ ဖြစ်ခဲ့ရသည်။ ဂန္ဒီဇာတ်ကားတွင် အင်္ဂလိပ်နံပါတ်ဒုတ် စစ်သားများရှိရာသို့ လက်ချည်းသက်သက်ဖြင့် ငြိမ်းချမ်းသိမ်မွေ့စွာ တယောက်ပြီးတယောက် လမ်းလျှောက်သွားပြီး ခေါင်းရိုက်ခွဲခံ နေသည့် အိန္ဒိယမျိုးချစ်ပြည်သူများကို ကြည့်ရင်း ကြက်သီးထလျက် မျက်ရည်ကျခဲ့မိသော ကျွန်မသည် ၀ိုင်ယတ်က လူရမ်းကား ကောင်းဘွိုင်များနောက်သို့ လိုက်လံ နှိမ်းနင်းတိုက်ခိုက်သောအခါ အားကိုးတကြီး ကျေးဇူးတင်ခဲ့မိသည်။
လက်နက်မဲ့ ပြည်သူများ၏ အားကိုးရာသည် လက်နက်ကိုင်ခွင့်ရှိသော ၀န်ထမ်းများ၏ တရာမျှတမှုပင် ဖြစ်သည် မဟုတ်လား။ ကျွန်မတို့သည် တရားမျှတမှုကို အသက်နှင့် ရင်း၍ မျှော်လင့်ရင်း အသက်ရှင် ရပ်တည်ရသော လက်နက်မဲ့ ပြည်သူများဖြစ်နေသည် မဟုတ်လား။ ဒါရိုက်တာ George P. Cosmatos သည် ဗာဂျီးလ်၏ လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းမှု ဥပဒေ မှားယွင်းသည့်အကြောင်းကို မော်ဂင်၏ သေခါနီးဝန်ခံစကားဖြင့် ဖော်ပြခဲ့သည်။
လက်နက်ကို လက်နက်ချင်းယှဉ်မှသာ တရားမျှတမှု လမ်းကြောင်းကို ရောက်နိုင်သည်ဟူသော ကောက်ချက်ကို ၀ိုင်းယတ်၏ နောက်ဆုံးတိုက်ပွဲများဖြင့် ကိုယ်စားပြု ခဲ့သည်။ သို့သော် ထိုတိုက်ပွဲများသည် ဂုဏ်သိက္ခာရှိသည်ဟုတော့ သူမမြင်ပေ။ ၀ိုင်းယတ်သည် Tombstone မြို့၏ တရားမျှတမှုအတွက် မိမိ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ခဲ့ရကြောင်း ဒါရိုက်တာက ကျွန်မတို့အား အသိပေးလိုဟန် ရှိပါသည်။ ၀ိုင်းယတ်၏ နောက်ဆုံးစကားဖြင့် ကျွန်မတို့ သိနိုင်သည်။
"ကိုယ့်မှာ ဂုဏ်သိက္ခာဆိုတာလည်း မရှိတော့ပါဘူး"
ဇာတ်လမ်းကျောရိုးနှင့် နောက်ခံမြင်ကွင်းအရဆိုလျင် တရားမျှတမှုကို လိုလားသော ပြည်သူ အားလုံး ထိုဇာတ်ကားကို နှစ်သက်ကြလိမ့်မည်ဟု ကျွန်မထင်ပါသည်။ ထို့ပြင် ရုပ်ရှင်ဖန်တီးမှု အနုပညာကို စွဲမက်ခံစားလိုသော ရုပ်ရှင်ချစ်သူအားလုံးလည်း ထို Tombstone ဇာတ်ကားကို နှစ်သက်ကြပါလိမ့်မည်။ ဓာတ်ပုံဒါရိုက်တာ William A Franker ၏ ဓာတ်ပုံပညာမှာ တော်တော်စွဲလန်းဖို့ ကောင်းပါသည်။
သေနတ်ပစ်ဇာတ်ကား ဖြစ်ပါလျက် နောက်ခံမြင်ကွင်းကို ပန်းချီကားသဖွယ် လှပအောင် ကင်မရာရှုဒေါင့်များ ကစားလျက် ရိုက်ပြသွားနိုင်သည်။ ဇာတ်ကောင်တဦးချင်း၏ မျက်လုံးအမူအရာ၊ အလင်းပေးမှု အားလုံးလည်း သင့်တော်ကောင်းမွန်သော ဇာတ်ကား ဖြစ်သည်။ ကားကူး၊ ကားဆက်ပညာ၊ ဖြတ်တောက်မှုပညာ၊ တခန်းနှင့်တခန်း မြင်ကွင်းနှင့် အသံ အဆက်အသွယ်လည်း စနစ်တကျ လှပနေသည်။
မော်ဂင်အပ်ပ်တယောက် ဘိလိယက်ထိုးရင်း အသတ်ခံရသည့်အဖြစ်ကို ပြသမှုချင်း အတူတူပင် ဖြစ်သော်လည်း Wyatt Earp ဇာတ်ကားမှာထက် Tombstone ဇာတ်ကားမှာ ပို၍ ဆွဲဆောင်မှု ရှိ၏။ ရုပ်ရှင်ပိုဆန်သည်ဟု ပြောနိုင်သော်လည်း ထိုပြကွက်သည် ထူးဆန်းစွာ လှပသော ပြကွက်ဖြစ်ပါသည်။
ဒါရိုက်တာသည် အခွင့်အရေးမူကြမ်း ပြင်ဆင်ချက် (၂) ကို တည်မြဲရန် Tombstone ဇာတ်ကားဖြင့် တောင်းဆိုလေသလား .... ကျွန်မ မသိနိုင်ပါ။ သူ၏တောင်းဆိုမှု ထိရောက် သည် မထိရောက်သည်ကိုလည်း ကျွန်မ မသိပါ။
ထိုဇာတ်ကားကို ကြည့်ပြီးနောက် ကျွန်မရင်ထဲမှာ ကျန်ရစ်ခဲ့သော အတွေးမှာ တခုတည်းသာ ဖြစ်သည်။ မည်သည့် ပုဂ္ဂိုလ်အမျိုးအစားက ကိုင်ဆောင် အသုံးပြုသည်ဖြစ်စေ လက်နက်သည် ပြည်သူလူထု၏ ငြိမ်းချမ်းမှုအတွက် မည်သည့်အတိုင်းအတာအထိ တရားမျှတမှုကို ပေးစွမ်းနိုင်သလဲ ... ဟူသော အတွေးသာ ဖြစ်ပါသည်။
ရေးသူ - ဂျူး
[၁၉၉၅ ခု၊ ဖေဖော်ဝါရီလ]
{ဂျူးစာပေ၊ စာအုပ်အမှတ်(၈)၊ ကထုတ်တဲ့ ဂျူးရဲ့ 'မြစ်တစင်းကို ဖြတ်ကျော်ခြင်း-ရုပ်ရှင် ခံစားမှုဆောင်းပါးများ' ၊ ၁၉၉၆ ခုနှစ်၊ အောက်တိုဘာ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်။}
ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်
Print this post
0 comments:
Post a Comment