.

နာဂစ်မုန်တိုင်း၊ ဇီချွမ်ငလျင်နှင့် နိုင်ငံရေးအမြတ်ထုတ်ကြပုံ အမျိုးမျိုး

Wednesday, 02, 07, 2008. / ၁၃၇၀ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၄) ရက်။

နာဂစ်အလွန်တွင် နိုင်ငံရေးစကားတခွန်း ကျယ်ကျယ်လောင်လောင် ကြားရသည်။ နာဂစ်အရေးကို ခုတုံးလုပ် ပြီး နိုင်ငံရေး အမြတ်မထုတ်ကြဖို့ ဆိုသည့်စကားဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ် တိုင် နာဂစ်ကယ်ဆယ်ရေးကိစ္စကို နိုင်ငံရေးမဆံစေဖို့ ပြောသည်။ တော်တော်များများကလည်း နာဂစ်ကယ် ဆယ်ရေးနှင့် နိုင်ငံရေး မရောထွေးကြဖို့ သံယောင်လိုက်ပြီး ပြောဆိုကြသည်။

သို့သော် ဘယ်သူတွေ ဘာပြော ပြော နားပင်းချင်ယောင်ဆောင်ပြီး လုပ်ချင်ရာ လုပ်နေသူများကတော့ နေပြည်တော် တင်းကုပ်အတွင်းမှ နအဖ စစ်အုပ်စုပင်ဖြစ်သည်။ စစ်အုပ်စုသည် နာဂစ်ကို အကြောင်းပြုပြီး နိုင်ငံရေးအမြတ်သာမက ကယ်ဆယ်ကူ ညီရေးနှင့် ပတ်သက်သည့် ရသမျှ အခွင့်အရေးပေါင်းစုံကို ရှက်ရကောင်းမှန်းမသိဘဲ မြိန်ရေယှက်ရေ အမြတ် ထုတ်နေလေသည်။


တကယ်တော့ နိုင်ငံရေးအမြတ်ထုတ်သည် ဆိုတိုင်းလည်း သိမ်းကျုံး အပြစ်မြင်စရာတော့ မဟုတ်။ မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ပင်ဖြစ်စေ မိမိတိုင်းပြည်နှင့်လူမျိုး အကျိုးရှိရာရှိကြောင်း နိုင်ငံရေးအမြတ်ထုတ်သည်ဆို လျှင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုရမည်ပင်။ သို့သော် နာဂစ်မုန်တိုင်းနှင့် ဇီချွမ်ငလျင်ကဲ့သို့သော သဘာဝဘေး အန္တရာယ် ကျရောက်မှုအပေါ်တွင် တွေ့ရသည့် နိုင်ငံရေး အမြတ်ထုတ်ကြပုံကတော့ အမျိုးမျိုး အဖုံဖုံဟု ဆိုရ မည်။

နာဂစ်ကို အကြောင်းပြုပြီး နအဖစစ်အုပ်စု နိုင်ငံရေးအမြတ်ထုတ်ပုံက ‘ပြည်သူလူထုအခက် နအဖအချက်’ မူအပေါ် အခြေခံသည်။ မြန်မာပြည်သူ တရပ်လုံးနှင့် နိုင်ငံတကာက နာဂစ်ဒုက္ခသည်များ၏ ရင်နင့်စရာ ဖြစ်ရပ်ဆိုးများကို ကြည့်ပြီး စုပ်တသပ်သပ် ဖြစ်နေချိန်၊ ကူညီကယ်ဆယ်ရေးအတွက် အပူတပြင်း အလုပ်ရှုပ် နေကြချိန်တွင် စစ်အုပ်စုက ဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းခြင်းမရှိဘဲ (မုန်တိုင်းသင့်ဒေသမှ မြို့နယ်များကိုသာ မေ ၂၄ရက်သို့ ရွှေ့ဆိုင်းသည်) မေ (၁၀)ရက်မှာပင် တက်သုတ်ရိုက် လုပ်ဆောင်သည်။

နအဖ စစ်အုပ်စုဝင် များ၊ သူတို့၏ လက်ကိုင်တုတ်များနှင့် ပရိုပိုဇယ် အတိုက်အခံများမှအပ မည်သူကမှ စိတ်ဝင်စားခြင်း မရှိသည့် ဆန္ဒခံယူပွဲကို မဲလာပေးသူ ၉၈% လောက်ရှိပြီး မဲပေးသူ ၉၂% ကျော်က ထောက်ခံမဲ ထည့်ခဲ့ကြသည်ဟု မျက်နှာပြောင်တိုက် ကြေညာသည်။ မုန်တိုင်းဒုက္ခသည်များ နာဂစ်ကြောင့် မပဋာဇာတ်ခင်းနေရချိန်တွင် နအဖစစ်အုပ်စုက သူတို့အာဏာသက် ဆက်နိုင်ရေးအတွက် ဆန္ဒခံယူပွဲကို မဖြစ်ဖြစ်အောင် ကျင်းပပြီး နိုင်ငံရေးအမြတ် ထုတ်သွားသည့်အတွက် နဂိုက မရှိသည့် နိုင်ငံရေး ဂုဏ်သိက္ခာ ပိုမိုကျဆင်းခဲ့ရသည်။ နိုင်ငံတကာ အလှူရှင်များ၏ အယုံအကြည် ကင်းမဲ့မှုကို ပိုခံရသည်။ ပြည်သူလူထုအပေါ် စေတနာထားသည့် အစိုးရမဟုတ်မှန်း ပိုပိုပြီး သိသွားကြ၍ ဖြစ်သည်။

ထို့အပြင် နာဂစ်ဒုက္ခသည်များအတွက် ကနဦး နိုင်ငံတကာမှ ပေးအပ်သည့် အကူအညီ ပစ္စည်းများကို လက်ဝါး ကြီးအုပ်ခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်းဖြင့် စစ်အုပ်စုနှင့် သူတို့၏ ခါးပိုက်ဆောင်စစ်တပ် အကျိုးစီးပွားအ တွက် အသုံးချ အမြတ်ထုတ်ပြန်သည်။ နိုင်ငံတကာမှ ကူညီသည့် ဆန်အကောင်းစား၊ ပစ္စည်းအကောင်းစားများကို စစ်တပ်ထဲသို့ သယ်ယူပြီး ဒုက္ခသည်များကို ပစ္စည်းညံ့များနှင့် လဲလှယ်ပေးအပ်သည်။ တနည်းအားဖြင့် နာဂစ်ကို အရင်းတည်ပြီး နအဖ၏ အမြတ်ထုတ် လုပ်ဆောင်နေမှုများသည် ပြည်သူလူထု၏ အကျိုးစီးပွားအ တွက် တခုမှမဟုတ်ဘဲ စစ်အုပ်စု၏ အာဏာသက်ဆိုးရှည်ရေးအတွက် ရည်ရွယ်လုပ်ဆောင်နေခြင်းသာဖြစ်၍ ဂုဏ်သိက္ခာ ညှိုနွမ်းဖွယ် နိုင်ငံရေး အမြတ်ထုတ်မှုဟု ပြောရမည် ဖြစ်သည်။

ဘန်ကီးမွန်းကိုယ်တိုင် ဗိုလ်သန်းရွှေနှင့် မတွေ့ဆုံမီတွင် နိုင်ငံရေးစကား မပြောကြပါနှင့် မုန်တိုင်းဒုက္ခသည်များ ကို ကူညီရေးအတွက်သာ ဦးတည်စဉ်းစားကြပါ။ မြန်မာနိုင်ငံသို့ လာရောက်သည့်အခါတွင်လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဖို့မရှိပါဟု ပြောဆိုခဲ့သော်လည်း ဗိုလ်သန်းရွှေနှင့် တွေ့ဆုံ သည့်အခါ လမ်းပြမြေပုံကို အမြန်ဆုံး အကောင်အထည်ဖော် အဆုံးသတ်ဖို့ တိုက်တွန်းခဲ့သည်ဟု ကြားရ၍ နားမလည်နိုင်အောင် ဖြစ်ရပြန်သည်။ နာဂစ်ကြောင့် မြန်မာပြည်သူတွေ မျက်ဖြူဆိုက်ချိန်နေ၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် နအဖစစ်အုပ်စုဘက်မှကူ၍ စစ်ကျွန်သက်ရှည်စေရေးအတွက် နိုင်ငံရေး အမြတ်ထုတ်ပေးနေသလားဟုပင် မေးချင်စရာ ဖြစ်ခဲ့ရသည်။ ဗလောင်းဗလဲဆန် အပြောင်းအလဲမြန်သည့် ဘန်ကီမွန်းပေတကားဟု အံသြမှင်သက်မိရတော့၏။

မုန်တိုင်းသင့်ပြီး တပတ်ကျော်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ဗိုလ်သိန်းစိန်နှင့်အတူ သွားရောက် ကြည့်ရှုသည့် ထိုင်းဝန်ကြီးချုပ် ဆမတ်၏ အမြတ်ထုတ် ပြောဆိုမှုကလည်း တဖုံ။ နအဖစစ်အုပ်စု ခင်းကျင်းပြသသည့် ဒုက္ခသည်အတု ဟန်ပြကယ်ဆယ်ရေး လုပ်ဆောင်မှုတွေကို ကြည့်ရှုပြီး နအဖ၏ စီမံခန့်ခွဲမှုကို ချီးမွမ်းခန်းဖွင့် ပြောဆိုနေ၍ ပြုံးချင်စရာ ဖြစ်ရပြန်သည်။ သို့သော် ဤအမြတ်ထုတ်မှုကိုတော့ သဘာဓာတ်ငွေ့နှင့် အခြား ထိုင်းအကျိုးစီးပွားများအတွက် မစ္စတာ ဆမတ်၏ မျက်နှာပြောင်တိုက် ဖေးမပြောဆိုပေးမှုဟု နားလည်ပေးရမည် ထင်သည်။

နာဂစ်အရေးတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများကတော့ ကယ်ဆယ်ရေး စစ်သင်္ဘောများကို စေလွှတ်၍ မြန်မာပြည်သူများကို ကူညီလိုကြောင်း စာနာမှုကို ပြသခဲ့သည်။ သို့သော် ရက်များစွာ စောင့်ဆိုင်းပြီး နအဖက ၀င်ခွင့်မပေး၍ဟု အကြောင်းပြကာ ပြန်လည် ထွက်ခွာသွားခဲ့သည်။ တနည်းအားဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံကြီးများအပေါ် အနှစ်နှစ်ဆယ်လုံးလုံး မယုံသင်္ကာဖြစ် အပြစ်ပြောနေသော စစ်အုပ်စု၏ ဘီလူးခေါင်း မျက်နှာဖုံးစွပ် ကွာကျရုံလောက်သာ သွေးတိုးစမ်း အမြတ်ထုတ်ခဲ့ပုံရသည်။ နအဖ စစ်အုပ်စုအနေနှင့် အလွယ်တကူ ကမ်းကပ်ခွင့်ပေးမည် မဟုတ်မှန်း အဆိုပါ နိုင်ငံကြီးများ မသိဘဲမနေ။ သိသိကြီးနှင့် အရောက်လာခဲ့ပြီး အင်အားသုံးမ၀င်ဘဲ ပြန်လည်ထွက်ခွာသွားသည်ကို ကြည့်ခြင်းဖြင့် နအဖ အားကိုးနေသည့် တရုတ်နှင့် ရုရှားတို့အပေါ် နိုင်ငံရေးအမြတ် ခပ်ပါးပါး ထုတ်သွားပုံ (မင်းတို့ အားကိုးနေတဲ့ အကောင်တွေက အရေးကြုံတော့ ငါတို့လို ကူညီဖို့လာဖေါ်ရရဲ့လား ဆိုတဲ့သဘော) လည်း ရသည်။

နာဂစ်အရေးတွင် လှလှပပ နိုင်ငံရေး အမြတ်ထုတ်တတ်သူ လူပုဂ္ဂိုလ်ဆိုလျှင်တော့ အယ်လ်ကေးဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို ပြရမည်ထင်သည်။ ဘင်လာဒင်သည် နာဂစ်သတင်းကို ကြားပြီးနောက် ပုန်းခိုနေသည့် နေရာမှ မီဒီယာများသို့ အသံလွှင့်မိန့်ခွန်းတခု ပေးပို့ခဲ့သည်။ မိန့်ခွန်းတွင် အစ္စလာမ် ဘာသာဝင်အားလုံး နာဂစ်ဒုက္ခသည်များကို တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီကြဖို့နှင့် ဖြစ်နိုင်လျှင် သူကိုယ်တိုင် ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်ပြီး နာဂစ်ဒုက္ခသည်များကို သွားရောက်ကူညီလိုကြောင်း သူ၏ စာနာမှုတရားကို ကမ္ဘာသို့ ပြသခြင်းဖြင့် အကြမ်းဖက်ခေါင်းဆောင်ဆိုသည့် ပုံရိပ်ကို လျော့ကျစေခဲ့သည်။

လောလောလတ်လတ်တွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ကူညီရေးမှတဆင့် နောက်ထပ် နိုင်ငံရေးအမြတ် လှလှပပထုတ်ပြီး နာမည်ကောင်းရသွားသည့် အစိုးရကတော့ အာဏာရှင် တရုတ်အစိုးရပင် ဖြစ်သည်။ တိဗက်အရေးအခင်းကို ပူပူနွေးနွေး နှိမ်နင်းထားမှု နာမည်ပျက်ကြောင့် ပီကင်းအိုလံပစ်အတွက် လည်ပင်းကြိုးကွင်းစွပ်သလို ဖြစ်နေချိန်တွင် ဟူကျင်တောင်နှင့် ၀မ်ကျားပေါင်တို့က ဇီချွမ်ငလျင် ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတကာက ကျေနပ်လက်ခံအောင် စွမ်းဆောင်ပြ လိုက်နိုင်သည့်အတွက် အိုလံပစ်အတွက် ဆန့်ကျင်ဖိအားပေးခံရမှုများ အတော်များများ လျော့သွားသည်ကို တွေ့ရသည်။

ကျနော်တို့ အတိုက်အခံ အင်အားစုများအနေနှင့်လည်း နာဂစ်ကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့ အခွင့်အရေး ရခဲ့သည်ဟု ထင်သည်။ ကျနော်တို့ ရခဲ့သည့် နိုင်ငံရေးအမြတ်ထုတ်ခွင့်က တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားအတွက် ရခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းပြည်ပ အတိုက်အခံအားလုံး ညီညီညွတ်ညွတ် တောင်းဆိုလျှင် လူသားချင်းဆိုင်ရာ ၀င်ရောက်စွက်ဖက် ကူညီမှုမှသည် အာဏာရှင်စနစ်အောက်မှ လွတ်မြောက်သည်အထိ ရရှိနိုင်သည့် နိုင်ငံရေးအမြတ်ထုတ်ခွင့် ဖြစ်သည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စစ်သင်္ဘောများ မြန်မာ့ကမ်းရိုးအနီးသို့ လာရောက်ဆိုက်ကပ်ပြီး ကူညီဖို့ စောင့်ဆိုင်းခဲ့စဉ်က ဖြစ်သည်။

ထိုအချိန်သည် အတိုက်အခံ အင်အားစုများ၏ မဟာရန်သူတော် နအဖစစ်အုပ်စုအနေနှင့် စစ်သင်္ဘောများ အင်အားသုံး ၀င်ရောက်မည်ကို စိုးရိမ်၍ ဘန်ကီမွန်းကို ကြားဝင်ဖို့ အလျင်အမြန် ဖိတ်ခေါ်နေရချိန် ဖြစ်သည်။ ပြည်သူလူထု တရပ်လုံးကလည်း အင်အားသုံး ၀င်ရောက်ကူညီဖို့ လိုလားတောင့်တနေချိန် ဖြစ်သည်။ ထိုသို့သော အနေအထားတွင် စစ်သင်္ဘောများ စောင့်ဆိုင်းနေသည့် အခွင့်အရေးကို အသုံးချပြီး နအဖစစ်အုပ်စု ပိုမို အကျပ်ဆိုက်အောင် ပြည်တွင်းပြည်ပမှ အတိုက်အခံအားလုံး နိုင်ငံရေးအမြတ်ထုတ်သင့် သည်။

မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို အင်အားသုံး ၀င်ရောက်ကူညီဖို့ တက်ညီလက်ညီ တောင်းဆိုသင့်သည်။ အချုပ်အချာအာဏာ ပိုင်ဆိုင်မှုသည် ပြည်သူလူထု၏ လက်ဝယ်တွင်သာ ရှိသည်ဖြစ်၍ ပြည်သူ့ကိုယ်စား တက်ညီလက်ညီ တောင်းဆိုလျှင် အဆိုပါ စစ်သင်္ဘောများ ၀င်ရောက်ကူညီမည်မှာ သေချာသလောက်ပင် ဖြစ်သည်။ ထိုသို့ ၀င်ရောက်ကူညီခဲ့လျှင် နာဂစ်ကူညီကယ်ဆယ်ရေးမှသည် မြန်မာပြည်သူများ အာဏာရှင်စနစ်အောက်မှ အပြီးတိုင် လွတ်မြောက်သည်အထိ ဦးတည်သွားနိုင်သည့် အနေအထားဖြစ်သည်။

သို့သော် ထိုသို့အင်အားသုံး ၀င်ရောက်ဖို့ကို အတိုက်အခံအချို့ကသာ ဆန္ဒပြတောင်းဆိုတာ တွေ့ရပြီး ဗုတ်နိုးတုန်းက အသည်းအသန် အော်ဟစ်ခဲ့ကြသည့် အတိုက်အခံအများစု ငြိမ်သက်နေကြသည်ကို တွေ့ရသည်။ ထိုသို့ ငြိမ်သက်နေခဲ့ကြခြင်းသည် အာဏာရှင် စစ်အုပ်စုအပေါ် တဖက်သတ် အနိုင်မကစားလိုဘဲ ဘောလုံးမှာလို fair play နှင့်သာ ယှဉ်ပြိုင်လို၍ ငြိမ်သက်စွာ စောင့်ကြည့်နေကြခြင်းပေလော၊ စစ်တုရင်စကားနှင့် ပြောရလျှင်တော့ အထက်တွင် အကြံပြုခဲ့သော ပွဲသိမ်းကွက်ကို မမြင်၍ပေလော (ဒါတော့ မဟုတ်နိုင်လောက်ဟု ထင်၊ အားလုံးခေသူတွေမှ မဟုတ်ကြဘဲလေ)၊

ဒါမှမဟုတ် နအဖစစ်အုပ်စု စဉ်းစားသည့် ၁၉ရာစုက အတွေးအခေါ်လိုမျိုး အချုပ်အခြာ အာဏာပိုင်စိုးမှု ဆုံးရှုံးပြီး ကျွန်ပြုခံရမှာ စိုးရိမ်၍ပေလော၊ သို့တည်းမဟုတ် မပြောကောင်း မဆိုကောင်း ဒီမိုကရေစီ တော်လှန်ရေးကြီး ဆုံးခန်းတိုင်သွားမည်ကို စိုးရိမ်သောကြောင့်ပေလော စသည်ဖြင့် ‘လော’ပေါင်းများစွာ ထွက်ပေါ်လာပေသည်။

ယခုအခါတွင် စစ်သင်္ဘောများ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်သော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က အချိန်မရွေး လာရောက်ကူညီနိုင်သေးသည်ဟု ပြောထားပါသည်။ ထို့အတွက် ဒုက္ခသည် ပြည်သူများအရေး အတိုက်အခံအားလုံး ညီညီညွတ်ညွတ် တက်ညီလက်ညီ ထပ်မံတောင်းဆိုလျှင် အင်အားသုံး လာရောက်ကူညီမည့် အနေအထား ရှိနေသေးသည်ဟု မြင်ပါသည်။ အမှန်တကယ်လည်း ထိုသို့အင်အားသုံး ၀င်ရောက်ကူညီရန် လိုအပ်နေသေးသည့် အခြေအနေ ဖြစ်ပါသည်။

ထို့အပြင် မုန်တိုင်းဒုက္ခသည် ပြည်သူများကို အစုလိုက် အပြုံလိုက် သေစေလိုသည့် သဘောနှင့် ရည်ရွယ်လုပ်ဆောင် နေသည့် နအဖစစ်အုပ်စုအား လူသားချင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုဖြင့် နိုင်ငံတကာ တရားရုံးတွင် ရုံးတင်စစ်ဆေးရန် တက်ညီလက်ညီ လုပ်ဆောင်နိုင်ပါသေးကြောင်း အကြံပြု ပြောကြားလိုပါသည်။ ဥရောပပါလီမန်တွင် မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံတကာခုံရုံး တင်သင့်ကြောင်းလည်း ထောက်ခံမဲ (၅၂၄)မဲ၊ ကန့်ကွက်မဲ (၃)မဲ၊ ကြားနေမဲ (၁၃)မဲဖြင့် မေလ(၂၂) ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။

မြန်မာပြည်သူ ပြည်သားများအားလုံး အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် နာဂစ်ကို အကြောင်းပြုပြီး ရရှိလာသည့် အခွင့်အရေးအပေါ် အချိန်မနှောင်းမီ နိုင်ငံရေးအမြတ် အပြည့်အ၀ ထုတ်ကြပါစို့ဟု အတိုက်အခံ ညီနောင်သွေးချင်းအပေါင်းတို့အား တိုက်တွန်းပန်ကြားလိုက်ရပါသည်။
ဒေါက်တာလွဏ်းဆွေ
သူ၏အထံမှ ကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့