.

သန်လျက်နဲ့ စောဥမ္မာ

Friday, 13, 06, 208. / 10, 03, 1370.

၁၉၃၂။
ဗမာပြည်တွင် နယ်ချဲ့ဆန့်ကျင်ရေးဝံသာနုလှုပ်ရှားမှုများ စတင်ပြိုကွဲကာစအချိန်ဖြစ်သည်။ ဗမာပြည်ကို အိန္ဒိယမှ ခွဲထုတ်မလား၊ တွဲထားမလား ဆိုသော ခွဲရေး-တွဲရေးအပေါ် ၀ံသာနုများ စိတ်ဝမ်းကွဲနေကြသည်။ ၀ိဝါဒ ကွဲပြားမှုသည် ၀ံသာနုများတွင်သာမက တက္ကသိုလ်ပရ၀ဏ် အတွင်းသို့ ကူးစက်လာသည်။ တရက်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦအတွင်း ခွဲရေး ထောက်ခံသော ၀ံသာနုများနှင့် တွဲရေးထောက်ခံသော ၀ံသာနုများ စကားစစ်ထိုးနေကြသည်။ သခင်အမည်ခံ လူငယ်တဦးသည် အပြန်အလှန်ငြင်းခုန်ချက်များကို အတန်ကြာ နားထောင်နေ သေးသည်။ ထို့နောက် သဘာပတိထံ ခွင့်ပန်ကာ ကြားဖြတ်မိန့်ခွန်း ချွေလေတော့သည်။

“တို့ဗမာအစည်းအရုံးအနေဖြင့် ခွဲရေးရော၊ တွဲရေးပါ မည်သည့်ဘက်ကိုမှ မထောက်ခံပါ။ ခွဲရေး ဖြစ်စေ၊ တွဲရေးဖြစ်စေ အင်္ဂလိပ်နယ်ချဲ့သမား လက်အောက်ခံချည်းဖြစ်သည်။ ဒီခွဲရေး တွဲရေး ပြဿနာ၏ အဓိပ္ပာယ်မှာ အင်္ဂလိပ်နိုင်ငံချဲ့သမား၏ ဘယ်ဘက်ဖိနပ်အောက်နေမလား၊ ညာဘက် ဖိနပ်အောက်နေမလား မေးသည့်သဘောဖြစ်သည်။

ဤကိစ္စအတွက် သခင်များ၏ သဘောကို ပြောရလျှင် အင်းဝခေတ်က နာမည်ကျော် သူခိုးကြီး ငတက်ပြားကို ဖမ်းမိသဖြင့် သတိုးမင်းဖျား ဘုရင်က မောင်မင်းကို အခုသတ်မယ်။ သန်လျက်ဖြင့် ခုတ်သတ်တာ ကြိုက်သလား၊ လှံဖြင့် ထိုးသတ်တာကြိုက်သလားဟု မေးသောအခါ ငတက်ပြားက ကျုပ်အကြိုက်ကို ပြောရလျှင် သံလျက်ရော၊ လှံပါ ဘယ်အရာမှ မကြိုက်ပါ။ အရှင်မင်းကြီးဘေးက စောဥမ္မာကိုသာ ကြိုက်ပါ သည်လို့ ပြောခဲ့သလို ခွဲရေးလည်းမကြိုက် တွဲရေးလည်းမကြိုက် အင်္ဂလိပ်နယ်ချဲ့သမား လက်အောက်က လုံးဝလွတ်လပ်ရေးကိုသာကြိုက်ပါသည်”။

လက်ခုပ်သံများ မစဲတော့။ အထက်ပါ သမိုင်းဝင် မိန့်ခွန်းကို ချွေခဲ့သူမှာ နောင်အခါ နယ်ချဲ့အစိုးရက အကြောက်ကြီးကြောက်ခဲ့ရသော တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူ သခင်ဘသောင်းပင် ဖြစ်သည်။ ထိုစဉ်က တို့ဗမာအစည်းအရုံးအမည်သည် သန္ဓေတည်စပင် ရှိဦးမည်။

(၂)

ခွဲရေး-တွဲရေးအတွက် မဲခွဲကြသောအခါ တွဲရေးဘက်က အနိုင်ရသည်။ သို့သော် အစကတည်းက ခွဲရေးအတွက် အစီအစဉ်ချထားပြီးသော အင်္ဂလိပ်အစိုးရသည် မူလအစီအစဉ်အတိုင်း ခွဲရေးကိုသာ အတည်ပြုခဲ့လေသည်။ ခွဲရေး၊ တွဲရေးပြဿနာကြောင့် ၀ံသာနုများအကြား စိတ်ဝမ်းကွဲခဲ့ရသဖြင့် နယ်ချဲ့တို့၏ သွေးခွဲနည်းသည် အောင်မြင်သည်ဟု ဆိုရမည်။

ခွဲရေး-တွဲရေးတွင် အငြင်းသန်ခဲ့သော ၀ံသာနုများသည် ၁၉၂၃ ခုနှစ်ကပင် ဒိုင်အာခီကြောင့် (၂) ခြမ်းကွဲခဲ့ဖူးသည်။ ဟုမ္မရူးကို အမြင့်ဆုံးရည်မှန်းချက်ထားသော ဂျီစီဘီအေအသင်းကြီး (၂) ခြမ်း ကွဲရသည့် အကြောင်းမှာ မဟာဗျူဟာ (Strategy) ပြဿနာဟု ယေဘုယျ ဆိုနိုင်သည်။ ဦးဘဖေ၊၀တ်လုံတော်ရ ဦးပုနှင့် ဦးထွန်းအောင်ကျော်တို့ ဦးဆောင်သော ပညာတတ် (၂၁) ဦးအုပ်စုက ဒိုင်အာခီကို လက်ခံပြီး ပါလီမန်အတွင်းမှ တဆင့်ပြီးတဆင့် တိုက်ပွဲဝင်ရေး (Evolution) ဗျူဟာကို ခင်းသည်။ ဦးချစ်လှိုင်ဦးဆောင်သော အများစုကြီးက ဒိုင်အာခီကို သပိတ်မှောက် (Boycott) သည်။

နောက်ပိုင်းတွင် ဦးချစ်လှိုင်အုပ်စုအတွင်းမှ နယ်ချဲ့အစိုးရအပေါ် သဘောထား တင်းမာသော ဦးစိုးသိဏ်းအုပ်စု ခွဲထွက်သွားသည်။ ဦးစိုးသိဏ်းသည် အမေရိကန်မျိုးချစ်များ၏ နယ်ချဲ့ တော်လှန်ရေး (Revolution) ပုံစံကို သဘောကျသူဖြစ်သည်။ လယ်သမားသူပုန်ခေါင်းဆောင် ဆရာစံသည် ဦးစိုးသိဏ်းအုပ်စုမှ ခေါင်းဆောင်တဦးပင်ဖြစ်သည်။ ဦးစိုးသိဏ်းအုပ်စုမှလည်း အလယ်အလတ်သဘောထားရှိသူ တချို့ နောက်ပိုင်းတွင် ခွဲထွက်ကုန်ပြန်သဖြင့် ၀ံသာနုတို့၏ လှုပ်ရှားမှုသည် ဆယ်စု (၂) ခု အကြာတွင် အစိတ်စိတ်အမြွှာမြွှာဖြင့် ဇာတ်သိမ်းမကောင်းခဲ့ပေ။

(၃)

သခင်များသည် အစဉ်အလာလမ်းဟောင်းများမှ ဖောက်ထွက်ခဲ့ကြသည်။ ၀ံသာနု၏ ဟုမ္မရူးမှ လမ်းခွဲထွက်ကာ လုံးဝလွတ်လပ်ရေးကို မျှော်မှန်းခဲ့ကြသည်။ ၁၉၃၀၊ မေလ (၃၀) တွင် ပထမဆုံး ထွက်ပေါ်လာသော တို့ဗမာအစည်းအရုံး၏ နိုင်ငံပြုစာစု အမှတ် (၁) တွင် ဤသို့ နိဂုံးချုပ်ထားသည်။

“အို...အချင်းအမျိုးသား တို့ဗမာတို့၊ အေးချမ်းငြိမ်သက်စွာနေလိုကြလျှင် စစ်ဖြစ်ဖို့ အသင့်ပြင်ဆင်ပြီး ရှိကြပါစေ”

“ရန်မလိုလျှင် ရန်ပိုသည်။ ရန်လိုမှ ရန်ပြိုသည်။ လာမည့်ဘေး ပြေးတွေ့” စသော တက်ကြွသော တိုက်ပွဲခေါ်သံသည် ရှေးရိုးစွဲလူ့အဖွဲအစည်းကို ခပ်ကြမ်းကြမ်း ပုတ်နှိုးလေသည်။ မြန်မာတို့ ပြန်လည်နိုးထကာ စည်းရုံးလှုပ်ရှားလာကြသည်။

ဒိုင်အာခီဖြင့် ဂျီစီဘီအေကို ထိုးခွဲနိုင်ခဲ့သော နယ်ချဲ့အစိုးရသည် သခင်များကိုလည်း သွေးထိုးစမ်း လိုက်ပြန်သည်။ ၁၉၃၅ တွင် ဒိုင်အာခီအကြီးစားတခုကို မြန်မာပြည်သို့ သွင်းလာသည်။ ယခုတကြိမ်တွင် နယ်ချဲ့တို့၏ လှည့်ကွက်ကြောင့် နိုင်ငံရေး အမာခံတချို့ေ၀၀ါးကုန်ကြသည်။ ဒိုင်အာခီကို လက်မခံသော ဦးချစ်လှိုင်အုပ်စုသည် (၉၁) ဌာနရွေးကောက်ပွဲသို့ ၀င်ရောက်လာသည်။

ဒီးဒုတ်ဦးဘချို၊ ကိုနု (နောက်ပိုင်း သခင်နု) တို့ ဖေဘီယံဖြစ်လာကြသည်။ နိုင်ငံရေးဂုရုကြီး ဆရာတော် ဦးဥတ္တမပင် “(၉၁) ဌာနသည် ဟုမ္မရူးအတွက် လက်တကမ်းအလို” ဟုဆိုကာ ပါလီမန်အတွင်းမှ တိုက်ပွဲဝင်ကြမည့် Evolution သမားများကို ကြိုဆိုလိုက်လေသည်။ သို့သော် ဦးစိုးသိဏ်းအုပ်စုကမူ (၉၁) ဌာနကိုလည်း ဆန့်ကျင်မြဲ ဆန့်ကျင်ခဲ့သည်။ ထူးခြားချက်မှာ ဦးစိုးသိဏ်းသည် နယ်ချဲ့တို့နှင့်မဆက်ဆံရေး မူကို တလျှောက်လုံး ကိုင်စွဲခဲ့သူဖြစ်သည်။

သခင်များက ဗြိတိသျှတို့၏ ပရိယာယ်ကို နိုင်ငံရေးစင်မြင့်အဖြစ် သုံးကြသည်။ အစည်းအရုံးအတွင်းမှ အလတ်တန်းစား ခေါင်းဆောင်များဖြင့် ကိုယ့်မင်းကိုယ်ချင်းအဖွဲ့များ ထူထောင်ကာ (၉၁) ဌာန ရွေးကောက်ပွဲများတွင် အရွေးခံကြသည်။ ပါလီမန်အတွင်း ၀င်ကာ ကိုလိုနီအုပ်ချုပ်ရေးယန္တယားကို နည်းမျိုးစုံဖြင့် နှောင့်ယှက်သည်။ လုံးဝလွတ်လပ်ရေး ရည်မှန်းချက်ကိုမူ တပြားသားမျှ မလျှော့။

“လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ။ လွတ်လပ်ရေးသည် အစစ” ဟု ကြွေးကြော်ကာ ပါလီမန်ပြင်ပတွင် ရသမျှ အင်အားစုများကို စုစည်းနေသည်။

(၄)

တို့ဗမာ သခင်များ၏ တိုက်ပွဲပုံစံသည် စနစ်တကျနှင့် တီထွင်မှုရှိလှသည်။ (၉၁) ဌာနအုပ်ချုပ်ရေး ရွေးကောက်ပွဲ မဲဆွယ်ပွဲများကို (၉၁) ဌာန အုပ်ချုပ်ရေး ဆန့်ကျင်ရေး၊ လုံးဝလွတ်လပ်ရေး တရားပွဲများအဖြစ် ပြောင်းလဲပစ်လိုက်သည်။ နိုင်ငံတ၀န်းတွင် တရားပွဲပေါင်း (၅၀၀) ကျော် ပြုလုပ်နိုင်သည်။ ပါလီမန်အတွင်း၌ ဟုမ္မရူးအစား (၄) ထောင်စား၊ (၅) ထောင်စား အိပ်မက်မက် နေကြသော Evolution သမားဆိုသူများထံမှ သင်ခန်းစာယူကြသည်။ ကိုယ့်မင်းကိုယ်ချင်း အမတ်များ လစာမယူရ။ အစည်းရုံးဌာနချုပ်၏ ညွှန်ကြားချက်အတိုင်း တသဝေမတိမ်း လိုက်နာ ရမည်ဟု စည်းကမ်းသတ်မှတ်သည်။ (၉၁) ဌာန အုပ်ချုပ်ရေး တနှစ်ပြည့်သော (၁၉၃၇) ခု ဧပြီ
(၁) ရက်တွင် ရန်ကုန်မြို့တွင် ကိုလိုနီအုပ်ချုပ်ရေးသစ် ဆန့်ကျင်ပွဲကြီး ပြုလုပ်သည်။

“တောင်းယူလို့ မရ၊ တိုက်ယူမှ ရမည်” ဟု စွဲမြဲယုံကြည်ကြသည့်အတိုင်း နောက်ဆုံးတွင် ကိုယ်မင်း ကိုယ့်ချင်း အမတ် (၂) ဦး (သခင်မြ၊ သခင်အံ့ကြီး) တို့ ရာထူးမှ နုတ်ထွက်လိုက်ကြသည်။

(၅)

ဒိုင်အာခီခေတ်၊ (၉၁) ဌာနခေတ်တွင် ၀ံသာနုများ၏ နိုင်ငံရေးသည် ပါလီမန်အတွင်း အချင်းချင်း ခွက်စောင်းခုတ်၊ နေရာလုခြင်းဖြင့်သာ အချိန်ကုန်ခဲ့သည်။ တကိုယ်တော် ကောင်းစားရေး၊ မိမိအုပ်စု ကောင်းစားရေးသာ အမြင့်ဆုံး ရည်မှန်းချက် ဖြစ်လာသည်။ Evolution သမားများသည် ပြည်သူ တို့နှင့် လုံးဝကင်းကွာကာ အလိုတော်ရိများ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြသည်။

ဝံသာနုများအပေါ် အားကိုးခဲ့ကြသော ပြည်သူများသည် သခင်လူငယ် မျိုးဆက်သစ်များအပေါ် မျှော်လင့်ချက် ကြီးခဲ့ကြသည်။ တို့ဗမာအစည်းအရုံးအတွင်းသို့ သခင်ကိုယ်တော်မှိုင်း၊ ထိပ်တင် ကိုယ်တော်ကြီး စသော မျိုးချစ်များနှင့် တက္ကသိုလ်ကျောင်းသားများ ၀င်ရောက်လာသောအခါ ပို၍ တောင့်တင်းလာသည်။ နယ်လှည့်တရားပွဲများတွင် ကုန်သည်အစ အိမ်ရှင်မအဆုံး သခင်အမည်ခံ လာသောအခါ တမျိုးသားလုံး လှုပ်ရှားမှုသဏ္ဌာန် ပေါ်လွင်လာသည်။

သခင်များ၏ နယ်လှည့်တရားပွဲများသည် အာဏာဖီဆန်ရေး ဆန်လာသဖြင့် ကိုလိုနီအစိုးရကို ချောက်ချားစေသည်။ ပုဒ်မ (၁၄၄) သည် ထိုစဉ်က နိုင်ငံရေးတရားပွဲများကို ဟန့်တားသော လက်နက်ဖြစ်လာသည်။ သို့သော် သခင်များကား မကြောက်ကြ။ “သခင်ပေါက်စ ထောင်ခြောက်လ”၊ “အမေကမွေး၊ ထောင်ကကျွေး” ဟုဆိုကာ ကိုယ်ကျိုးမဖက်သော နိုင်ငံရေးလှုပ်ရှားမှုများကို တနိုင်ငံလုံးတွင် အရှိန်မြှင့် လုပ်ဆောင်ကြသည်။

နောက်ဆုံးတွင် နယ်ချဲ့အစိုးရက သခင်များ၏ ခြေလှမ်းသွက်မှုကို ထိတ်လန့်လာကာ လှုပ်ရှားမှုကို ဖြိုခွင်းတော့သည်။ သခင်ခေါင်းဆောင် အများအပြားကို တရားပွဲများအတွင်းမှ ဆွဲထုတ်သည်။ သခင်ထိပ်တင်ကိုယ်တော်ကြီး၊ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်ခင်၊ သခင်ကျော်စိန်၊ သခင်နု၊ သခင်စိုး၊ သခင်အုန်းဖေ၊ သခင်ခင်အောင် စသည့် ခေါင်းဆောင်အများအပြား ရှေ့ဆင့်နောက်ဆင့် ထောင်ထဲရောက်ကုန်ကြသည်။ သခင် အောင်ဆန်းသည် ဇလွန်တရားပွဲတွင် အရှောင်အတိမ်းကောင်း၍ လွတ်မြောက်ကာ မြေလျှိုး နေရသည်။

(၆)

အမျိုးမျိုးသော ဖိနှိပ်မှုအောက်တွင် တို့ဗမာအစည်းအရုံးကြီးလည်း (၂) ခြမ်းကွဲခဲ့ရသည်။ ထိုစဉ်က ခေါင်းဆောင် (၂) ဦးဖြစ်သော သခင်ဗစိန်နှင့် သခင်သိန်းမောင်တို့အကြား ပုဂ္ဂိုလ်ရေး မကျေ လည်မှုမှ စသော ဇာတ်လမ်းဖြစ်သည်။ သခင်ကိုယ်တော်မှိုင်းက ထိုအကွဲအပြဲကို ဗိုလ်လုပွဲဟု ကင်ပွန်းတပ်ခဲ့သည်။ ထို့နောက် သခင်ကိုယ်တော်မှိုင်းဦးဆောင်သော အုပ်စုနှင့် သခင်ဗစိန် ဦးဆောင်သော အုပ်စုဟူ၍ အတိအလင်းကွဲသွားတော့သည်။ (မှတ်ချက်။ ထိုအကွဲအပြဲသည် နောက်ပိုင်းအလွမ်းဇာတ်၏ အစပင်)။

မြေပေါ်လှုပ်ရှားမှုများ နှိပ်ကွပ်ခံရသဖြင့် သခင်များ၏ လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်သည် ခိုင်မာလာသည်။ တို့ဗမာအစည်းအရုံးကြီးသည် (၂) ခြမ်းကွဲပြီး တနှစ်အကြာတွင် ပြန်လည် စုစည်းရန် သမိုင်းက တောင်းဆိုလာသည်။ ရဲဘော်သုံးကျိပ်ဖွဲ့ကြသောအခါ သခင်များအချင်းချင်း သွေးသောက်ရဲဘော်များ ပြန်ဖြစ်သွားကြသည်။ အမျိုးသားလွတ်မြောက်ရေး ရည်မှန်းချက် အောက်တွင် ပုဂ္ဂိုလ်ရေး၊ ဂိုဏ်းဂဏအစွဲ၊ အာဃာတတရားများကို ဖယ်ရှားခဲ့ကြသည်။

(၇)

ဂျီစီဘီအေခေတ်မှ ဖဆပလခေတ်အထိ လွတ်လပ်ရေး အကြိုကာလ တလျှောက်လုံးတွင် မကွဲဘူး သော အသင်းအပင်းဟူ၍ မရှိသလောက်ပင်။ နိုင်ငံရေးရာသီဥတုနှင့် နိုင်ငံရေးသမားများ၏ ရေချိန် အရ အကွဲအပြဲ လှိုင်းတံပိုးထန်ခဲ့သည်ချည်းပင်။ သို့သော် ၁၉၃၀ နောက်ပိုင်းအဖြစ်အပျက်များကို ပြန်ကြည့်လျှင် မူလရည်မှန်းချက်နှင့် ဘုံရန်သူကို မျက်ချေမပျက်ခဲ့ကြကြောင်း တွေ့ရမည်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ကို တိုက်ရန် နှစ်ခြမ်းကွဲနေသော တိုဗမာအစည်းအရုံး ကြီးသည် ပြန်လည် ပေါင်းစည်းသွားသည်။ ဂျပန်ကို တိုက်သောအခါ ဗကပ (ကွန်မြူနစ်)၊ ပြည်သူ့ အရေးတော်ပုံ (ဆိုရှယ်လစ်) နှင့် ဗမာ့တပ်မတော်တို့ စည်းလုံးညီညွတ်ခဲ့ကြသည်။

ဂျပန်ခေတ်တွင် ဗမာ ခေတ်သစ် ထူထောင်ရန်ဟုဆိုကာ တလျှောက်လုံး အလိုတော်ရိ နိုင်ငံရေးသမား လုပ်ခဲ့သော ဒေါက်တာဘမော်နှင့်ပင် ယာယီပေါင်းစည်းခဲ့သေးသည်။ ဖတပလ အလံတော်အောက်တွင် အမျိုးသား အင်အားစုများအားလုံး စည်းလုံးကာ ဖက်ဆစ်ကို အမိမြေမှ မောင်းထုတ်ခဲ့သလို၊ စစ်ကြီးပြီးသောအခါ ဖဆပလ အလံလွှင့်ကာ တကျော့ပြန် ကိုလိုနီပြုမည့် စက္ကူဖြူစီမံကိန်းကို ဆန့်ကျင်သည်။ ဤသို့ဖြင့် လွတ်လပ်ရေး ခေတ်ဦးကာလက နိုင်ငံရေးဇာတ်ကွက်များသည် သဲထိတ်ရင်ဖို ကွဲပြဲခန်းများနှင့်ပင် ဇာတ်သိမ်းခဲ့လေသည်။

စာညွှန်း။ ။ တို့ဗမာအစည်းအရုံးသမိုင်း (ပ၊ ဒု တွဲ)

နေသွင်

ခေတ်ပြိုင်မှကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့