.

ပြည်ထောင်စုစနစ်အစစ်အမှန်လား ဒါမှမဟုတ် ဗဟိုကြိုးကိုင်တပြည်ထောင်စနစ်လား

Saturday, 13, 06, 2008. / 10, 03, 1370.

မန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈) အပေါ်သုံးသပ်ချက်
ပြည်ထောင်စုစနစ်အစစ်အမှန်လား ဒါမှမဟုတ် ဗဟိုကြိုးကိုင်တပြည်ထောင်စနစ်လား


ယခုနှစ် အစောပိုင်းတုန်းက မြန်မာစစ်အစိုးရက ၎င်းတို့ရဲ့ ဖွဲ့စည်းအုပ်ပုံအခြေခံ ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့အတွက် ပြည်သူ့ဆန္ဒခံယူပွဲကို လာမည့်မေလအတွင်းမှာ ကျင်းပမယ်လို့ ကြေညာ ခဲ့ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူကြမ်းကိုတော့ ပြည်သူတွေကို ဖြန့်ဝေပေးခြင်း မရှိသေးပါ။ ပြည်သူလူထုကလည်း ဘာကိုကြည့်ပြီး ဘယ်လိုဆန္ဒ ပြုရမှန်းမသိ ဖြစ်နေပါတယ်။ တရားဝင်ဖြန်ချိခြင်းမရှိသေးတဲ့ ဒီဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းဟာ အင်တာနက်ပေါ် မှာတော့ အတော့်ကို ပျံ့နှံ့နေတာကိုတော့ တွေ့ရပါတယ်။

ပုံနှိပ်ထုတ်ဝေဖို့ ပေးလိုက်တဲ့ ဌာနဆိုင်ရာပုဂ္ဂိုလ်အချို့ကနေ ဆင့်ပြန့်ပွားခဲ့တာလို့ ဆိုကြပေမယ့် စစ်အစိုးရက တရားဝင်ဖြန့်ချိတာ မဟုတ်တော့ တရားမ၀င်သေးတဲ့ စာတမ်းတခုကို လေ့လာ သုံးသပ်ရတာဟာလည်း ခပ်ခက်ခက်ပါ။ ဒါပေမယ့် အမျိုးသားညီလာခံက အတည်ပြု ချမှတ် ပေးလိုက်တဲ့ အခြေခံမူများအပေါ်မှာ မူတည်ရေးဆွဲခဲ့ပြီး မကြာခင်အချိန်အတွင်းမှာ ထုတ်ဝေ ဖို့ရှိတဲ့ ဒီနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို အပိုင်းသုံးပိုင်းခွဲပြီး အတိုချုပ် လေ့လာ သုံးသပ်လိုပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း (၁) နိုင်ငံတော် အခြေခံမူများဆိုတဲ့ အခန်းမှာ “နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်” ဆိုပြီး ပါရှိတာကိုတွေ့ရပါတယ်။ ပြီးတော့ တခါ “နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်” ဟူ၍ု အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ဒီနေရာမှာ “ပြည်ထောင်စု” ဆိုတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ လက္ခဏာနဲ့ ပတ်သက်လို့ အနည်းငယ်အဓိပ္ပာယ် ဖွင့်ဆိုဆွေးနွေး လိုပါတယ်။

“ပြည်ထောင်စု” ဆိုတဲ့ စကားလုံးရဲ့ အရိုးဆုံးနဲ့ အရှင်းဆုံး အဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ ပြည်နယ်များ ပေါင်းစုပြီး သဘောတူညီချက်တရပ်ဖြင့် အချုပ် အခြာအာဏာရှိတဲ့ တိုင်းပြည်တခုအဖြစ် တည်ထောင်ထားတဲ့ တိုင်းပြည်မျိုးပါ။ အဲဒီ ပြည် ထောင်စုနဲ့ ဆန့်ကျင်ဘက် (သို့မဟုတ်) ပြည်ထောင်စုနိုင်ငံတော်ရဲ့ အသွင်လက္ခဏာ မရှိပဲ ဗဟိုအစိုးရတရပ်ကသာ ကြိုးကိုင်အုပ်ချုပ်တဲ့ စနစ်နဲ့ အုပ်ချုပ်တဲ့တိုင်းပြည်မျိုးကိုတော့ တပြည်ထောင်နိုင်ငံလို့ ခေါ်ဆိုနိုင်ပါတယ်။

ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံဟာ “တပြည် ထောင်စနစ်” (Unitary System) နဲ့  တည်ထောင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် အဲနိုင်ငံထဲမှာရှိတဲ့ နယ်မြေဒေသ (သို့မဟုတ်) ပြည်နယ်တွေဟာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာသာရှိပြီး သူတို့မှာ အုပ်ချုပ်ရေးရာ ကိစ္စရပ်များ၊ တရားဥပဒေ ပြုရေးရာနဲ့  တရားစီရင်ရေးတွေမှာ ဗဟိုအစိုးရရဲ့ သဘောတူညီမှူ၊ ညွှန်ကြားမှုမပါပဲ ဆုံးဖြတ်နိုင်ခွင့် မရှိပါဘူး။

ပြည်ထောင်စုနိုင်ငံရဲ့  အဓိက အင်္ဂါရပ်ကတော့ ဒီပြည်ထောင်စုထဲမှာရှိတဲ့ ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသတွေဟာ ပြည်ထောင်စုအစိုးရရဲ့ လက်အောက်မှာ တိုက်ရိုက် ထိမ်းချုပ်ခံထားမှု မျိုးမဟုတ်ဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာဏာဆိုတာ ရှိရပါတယ်။ တနည်းအားဖြင့် ပြောရရင် ပြည်ထောင်စုနိုင်ငံတွေမှာ ပြည်ထောင်စုအစိုးရဟာ ပါဝင်ဖွဲ့ ထားတဲ့ ပြည်နယ်များရဲ့အပေါ်မှာ အချုပ်အခြာအာဏာ အားလုံးမရှိပါဘူး။

နိုင်ငံတော်ရဲ့ အဓိက အချုပ်အခြာ အာဏာခက်မကြီး သုံးခုဖြစ်တဲ့ ဥပဒေပြုရေး အာဏာ (Legislative Power)၊ အုပ်ချုပ်ရေးအာဏာ (Executive Power) နဲ့ တရားစီရင်ရေးအာဏာ (Judiciary Power) တွေဟာ ပြည်နယ်ကလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ပြည်နယ်အစိုးရ အဖွဲ့ တွေရဲ့ လက်ထဲမှာလည်း ရှိရပါတယ်။ ပို၍တိကျအောင် ပြောရရင် ပြည်ထောင်စုအစိုးရနဲပြည်နယ်အစိုးရတွေကြားမှာ အထက်က ပြောခဲ့တဲ့ အာဏာသုံးရပ်ကို ခွဲဝေထားရှိရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြား အာဏာခွဲဝေ အပ်နှင်းမှုအပေါ်မှာ မူတည်ပြီးတော့ ပြည်ထောင်စု နိုင်ငံတော်တွေရဲ့ အမျိုးအစားနဲ့  အဆင့်အတန်းတွေဟာလည်း အမျိုးမျိုး ကွဲပြားကြတာကိုတွေ့နိုင်ပါတယ်။

ယခုမြန်မာစစ်အစိုးရရဲ့ တင်းကြပ်စွာ ထိန်းချုပ်မှု၊ ပိတ်ပင်မှုတွေ အမျိုးမျိုးနဲ့ ကျင်းပခဲ့တဲ့ အမျိုး သားညီလာခံက ချမှတ်ပေးလိုက်တဲ့ အခြေခံမူတွေအတိုင်း ရေးဆွဲခဲ့တဲ့ အနာဂတ် မြန်မာနိုင်ငံ အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းထဲမှာတော့ “နိုင်ငံတော်၏အာဏာ သုံးရပ်လုံး ကိုပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား
ခွဲဝေအပ်နှင်းသည်” ဟူ၍ ပါရှိပါတယ်။ [အခန်ုး (၁) ပုဒ်မ ၁၁ (ခ)]။ ယေဘူယျအားဖြင့်တော့ ဒါဟာ ပြည်ထောင်စုနိုင်ငံတော်တခုရဲ့ ဖွဲ့စည်းပုံမှာ ရှိရမယ့် သဘောလက္ခဏာကို ထည့်သွင်း ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။

သို့သော် ဒီအခြေခံဥပဒေ မူကြမ်းမှာ ပါရှိတဲ့ အသေးစိတ် အာဏာခွဲဝေရေး (power sharing)ဆိုင်ရာ ပုဒ်မတွေကို ကြည့်တဲ့အခါမှာတော့ နိုင်ငံတော်ဗဟိုအစိုးရက နိုင်ငံရဲ့အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြု အာဏာနဲ့ တရားစီရင်ရေး အာဏာအများစုကို ရယူထားပြီး၊ အရေးမကြီး
လှတဲ့ အာဏာအစိတ်အပိုင်းများကိုသာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရဲ့ လက်ထဲမှာ ထားတာကို တွေ့ရပါတယ်။

ဥပဒေပြုခွင့်အာဏာ (Legislative Power) ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ကြည့်မယ်ဆိုရင်၊ နိုင်ငံတော်ရဲ့ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အဓိကကိစ္စရပ်များမှာ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုခွင့်အာဏာ ရရှိမှာဖြစ်တယ်။ ဒါ့အပြင် ပြည် ထောင်စုလွှတ်တော်ကသာလျှင် ရဲတပ်ဖွဲ့၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် စသည့် အဆင့်မြင့် ပညာဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစာသင်ကျောင်းများနှင့် သင်တန်းများ၊ စာပေ ရုပ်ရှင် ဆိုင်ရာ ဥပဒေပြုခွင့် အာဏာများကို ရရှိထားတာဖြစ်ပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကတော့ စည်ပင်သာယာရေး၊ အိမ်တွင်းအသေးစားစက်မှု လက်မှုလုပ်ငန်း၊ အပန်းဖြေစခန်း၊ တိရိစ္ဆာန်ဥယျာဉ်အစရှိတဲ့ အရေးသိပ်မပါလှသော ကိစ္စရပ်များတွင်သာ ဥပဒေပြုခွင့် အာဏာရှိတာဖြစ်ပါတယ်။ အမည်အားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ခေါ်တွင်ရန် ပြဋ္ဌာန်းထားသော်လည်း ယခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းပါ ဥပဒေပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ဗဟိုကြိုးကိုင် တပြည်ထောင်နုင်ငံကိုသာ အသားပေးတည်ဆောက်နေခြင်း ဖြစ်ပါတယ်။

အုပ်ချုပ်ရေးအာဏာ (Executive Power) အပိုင်းကို ကြည့်ပြန်တော့လည်း၊ နိုင်ငံတော်သမ္မတ လုပ်သူကသာ အာဏာအများစုကို ရယူထားပြီး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရဲ့ ၀န်ကြီးချုပ် တွေကိုလည်း ရွေးချယ်ခန့်ထားနိုင်တဲ့ အာဏာတွေကို ပေးထားတာတွေ့ရပါတယ်။ အဲဒီတော့ အုပ်ချုပ်ရေးအပိုင်းမှာ ပြည်ထောင်စုအစိုးရလို့ခေါ်တဲ့ ဗဟိုအစိုးရကသာ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးများကို ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးများရဲ့ ၀န်ကြီးချုပ်များကနေ တဆင့်ဆင့်ကဲ အုပ်ချုပ်မှာဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်တွေမှာ သူတို့ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ လုံးဝ မရှိသလောက်ပါပဲ။

ထိုသို့ ခန့်အပ်ရာမှာ (ပုဒ်မ ၂၆၁၊ အပိုဒ် ၈ အရ) နိုင်ငံတော်သမ္မတဟာ ပြည်နယ်လွှတ်တော်၏ သဘောတူညီမှုကို ရယူရန် လိုအပ်သော်လည်း အပိုဒ် (ဃ) မှာတော့ “တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက အမည်စာရင်း တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အားတိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ” လို့ ဆိုထားပြန်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ ပြည်နယ်လွှတ်တော် အမတ် များထဲမှာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရန် သတ်မှတ်ထားသော အရည်အချင်းများနှင့်
ပြည့်စုံမည့်သူ တဦးထက်ပို၍ ရှိနိုင်သော်လည်းပဲ၊ နိုင်ငံတော် သမ္မတသာ စိတ်ကြိုက်ရွေးချယ်ခန့်အပ်နိုင်တာကို တွေ့ရပါတယ်။

အလားတူစွာပင် နိုင်ငံတော်သမ္မတဟာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးများအတွက်တရားသူကြီးချုပ်ကို စိတ်ကြိုက်ရွေးချယ် ခန့်ထားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကပြည်နယ်တရားသူကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းတဲ့အခါမှာ ပြည်နယ် လွှတ်တော် အမတ်အများစုရဲ့ ထောက်ခံမဲကို ရရှိစရာမလိုဘဲ “သတ်မှတ်ထားသည့် အရည် အချင်းများနှင့် မပြည့်စုံကြောင်းကို ပြည်နယ်လွှတ်တော်မှ အထင်အရှား မပြသနိုင်ပါက အမည်စာရင်းပေးပို့သူများကို ငြင်းပယ်ခွင့်မရှိစေရ” လို့ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ဒီတော့ တရားစီရင်ရေးအာဏာ (Judiciary Power) အပိုင်းမှာလည်း နိုင်ငံတော်သမ္မတကသာ အာဏာကို ထိန်းချုပ်ထားပြီး တိုင်းရင်းသားပြည်နယ်များရဲ့ တရားစီရင်ရေးကိစ္စတွေမှာ တိုက်ရိုက် ဩဇာသက်ရောက်နေနိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အစရှိတဲ့ လွှတ်တော် သုံးရပ်လုံးရဲ့ အမတ်များထဲမှ လေးပုံတပုံဟာလည်း နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းပြီး ခန့်အပ်ထားတဲ့ တပ်မတော်သားများ ဖြစ်ရမယ်လို့ ဆိုထားပြန်ပါတယ်။ ဒီတော့ သတ်မှတ်ထားသော နိုင်ငံတော်သမ္မတရဲ့ ရှိရမည့် အရည်အချင်းများအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထဲမှ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရဖို့  သေချာသလောက် ဖြစ်နိုင်ပါတယ်။ အဲဒီလိုပဲ ပြည်နယ်ဝန်ကြီးချုပ် တွေဟာလည်း နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်း ခန့်အပ်နိုင်တာဖြစ်လို့ တပ်မတော်သားများထဲကပဲ ဖြစ်လာဖို့ များပါတယ်။

အတိုချုပ်ပြီးပြောရရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဟာ ဗဟိုအစိုးရဲ့ လုံးဝ လက်အောက်ခံသဖွယ်ဖြစ်ပြီး၊ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာအားလုံးတို့မှာနိုင်ငံတော်သမ္မတရဲ့ တိုက်ရိုက်ကြိုးကိုင်မှုကို ခံရမှာဖြစ်တယ်။ ဒီတော့ တိုင်းရင်းသားလူမျိုးစုများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဟာလည်း အနှစ်သာရအားဖြင့် လုံးဝမရှိနိုင်ဘူးလို့ ဆိုရမှာ ဖြစ်တယ်။ တနည်းအားဖြင့်တော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လူမျိုးစုများ လိုလားတဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုမျိုးကို ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းက လုံးဝဆန့်ကျင် မျက်ကွယ်ပြုထားတာ ဖြစ်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ။

စောကပီ

ခေတ်ပြိုင်မှကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့