.

တာဝန်ယူကြပါစို့

မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ဆက်ပြီးခေါင်းမာနေကြဦးမယ်ဆိုရင် ကျနော်တို့ဟာ လူသားချင်း စာနာထောက်ထားမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက သူတို့ရဲ့ ဆန္ဒကို ကြည့်မနေဘဲ၊ စစ်လေယာဉ်တွေနဲ့ပဲဖြစ်ဖြစ်၊ သဘောင်္တွေနဲ့ ကမ်းတက်ပြီးတော့ပဲဖြစ်ဖြစ် အထူးသဖြင့် သွားလာဘို့ ခက်ခဲတဲ့ ကမ်းရိုးတန်းဒေသတွေမှာ အခုချက်ခြင်းကို အသည်းအသန်လိုအပ်နေတဲ့ လူပေါင်းများစွာကို အကူအညီအထောက်အပံ့တွေ ပေးသင့်၊ မပေးသင့်ပြဿနာကို ကျနော်တို့ ရင်ဆိုင်ရတော့မယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနတ်ဒ် ကူခ်ျနာက အခု အဲသလိုလုပ်မယ်ဆိုရင် ၂၀၀၅ ခုနှစ်တုန်းက ကုလသမဂ္ဂ ထိပ်သီးညီလာခံမှာ နိုင်ငံပေါင်း(၁၅၀)က ကမ္ဘာခေါင်းဆောင်တွေ တညီတညွတ်တည်း လက်ခံထားခဲ့ကြတဲ့ “ဘေးဒုက္ခရောက်နေသူများအား ကာကွယ်ရေးတာဝန်”("responsibility to protect")ဆိုတဲ့ အခြေခံမူအောက်မှာ အတင်းအကြပ် ၀င်ရောက်တာဟာ မှန်ကန်တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြောဆိုတဲ့ကိစ္စနဲ့ပတ်သက်ရင် အမြဲလို အထိမခံဖြစ်တတ်တဲ့ တရုတ်၊ ရုရှားတို့သာမက တခြားနိုင်ငံတွေ တော်တော်များများကပါ ချက်ချင်းကန့်ကွက်မှုတွေနဲ့ ကြုံရတဲ့ “မြန်မာအစိုးရအပေါ် ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ခွင့်ရှိတဲ့၊ အကူအညီတွေဖြန့်ဝေခွင့်ရှိတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီက ကိုင်တွယ်ရလိမ့်မယ်လို့ သူက ဆိုပါတယ်။
စစ်ဗိုလ်ချုပ်တွေဆီက ဖြစ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မှုတွေ ရယူတဲ့အခါမှာ အဲသလို “တွန်းတွန်းတိုက်တိုက်” လုပ်လိုက်တာမျိုးဟာ လုံးဝ ဆန့်ကျင်ဘက် အကျိုးသက်ရောက် မှုတွေဖြစ်သွား မလားဆိုတာတော့ ကုလသမဂ္ဂ ထိပ်တန်းအရာရှိတွေ အပါအ၀င် ဗြိတိန်နဲ့ တခြားနိုင်ငံတွေကပါ ပူပန်မှုတွေတော့ ဖြစ်လာပါတယ်။ ဒီပြဿနာဟာ လူသားချင်းစာနာမှုလုပ်ငန်းတွေကို လုပ်ကိုင် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကြားမှာလည်း အဲသလို လုပ်လိုက်ခြင်းဖြင့် ချပေးလိုက်တဲ့ အကူ အညီတွေဟာ အလဟဿဖြစ်သွားမလား၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းမျိုးတွေကို မသုံးတတ်ကြဘူးဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်ဆိုတဲ့ ကိစ္စတွေအပေါ်မှာ ဆွေးနွေးငြင်းခုန်စရာ ဖြစ်လာနေပါပြီ။
ဒီကိစ္စဟာ အပြင်းအထန် ဆွေးနွေးရတဲ့ကိစ္စ ဖြစ်နေပြီးတော့၊ ပေါ်လစီကို တော်တော်လေး ချိန်ဆနေကြရပါတယ်။ တဘက်မှာလည်း တစ်ရက်ပြီးတစ်ရက်ကုန်လာတဲ့အခါ ပေးရမယ့် အကူအညီတွေ ကလည်း မပေးနိုင်၊ အစိုးရကပေးတဲ့ အကူအညီဆိုတာလည်း မဖြစ်စလောက်ဆိုတော့ နောက်ရက် အနည်းငယ်အတွင်းမှာ သေဆုံးတဲ့အရေအတွက်က အများကြီးတိုးလာတော့မှာပါ။ တချို့က ဆက်မဆွေးနွေးချင်ကြဘဲ၊ တကယ့် အနည်းစုလေးကပဲ ဆက်ဆွေးနွေးရမယ့် အကြောင်းအရာအဖြစ် ယူဆကြပါတယ်။
ကျနော့် စိတ်ထဲမှာလည်း ကူခ်ျနာက “ဘေးဒုက္ခရောက်နေသူများအား ကာကွယ်ရေး တာဝန်”("responsibility to protect")ဖြစ်တယ်ဆိုပြီး၊ ဆော်သြလိုက်တော့ တော်တော်လေး ပူပင်ပြီး၊ အရေးကြီးတဲ့ ပြဿနာပဲလို့ ခံစားသွားရပါတယ်။ လူတွေကို ကူညီဘို့ နိုင်ငံရေးအရ လှုံဆော်ရမယ့် ကိစ္စတစ်ခုအဖြစ် လုံးဝ နားလည်သွားပါတယ်။ အခြားအကြောင်းတစ်ခုအတွက် နိုင်ငံတကာအကူအညီတွေဟာ အံ့သြစရာကောင်းအောင် ဖြတ်တောက်ခံရတာတွေလည်း ဖြစ်ခဲ့ပါပြီ။ ဒီအခြေအနေမျိုးတွေမှာ ကမ္ဘာလောကကြီးက ဒီလိုလူမျိုးတွေလိုတယ်ဆိုတာ ဘုရားသခင်ကသိပါတယ်။ အဲဒီသူတွေကြားမှာ သူလည်း ပါပါတယ်။ လူအစုလိုက်အပြုံလိုက်အပေါ် ရက်စက်ကြမ်းကြုပ်မှုဆိုတာ ဆုံးခန်းတိုင်ဘို့ ကောင်းပါပြီ။
“ဘေးဒုက္ခရောက်နေသူများအားကာကွယ်ရေးတာဝန်”("responsibility to protect") ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံးကျမှ ကမ္ဘာထိပ်သီးဆွေးနွေးပွဲအကြောင်းအရာတစ်ခု ဖြစ်သွားတာပါ။ ဒီလိုင်းကို ဖေါ်ထုတ်ပေးခဲ့တဲ့ နိုင်ငံတကာကော်မရှင်တစ်ရပ်ရဲ့ တွဲဖက်ဥက္ကဌအနေနဲ့ရော၊ ဒီလမ်းကြောင်းကို စတင်ပုံဖေါ်ခဲ့သူတွေထဲက တစ်ယောက်အနေနဲ့ရော ကျနောက်သိသလောက်ပြောရရင် မူလ စဉ်းစားခဲ့ကြတုန်းက ယေဘူယျအားဖြင့် လူသားတွေရဲ့ လုံခြုံရေးနဲ့ဆိုင်တဲ့အကြောင်း၊ သဘာဝ ဘေး ဒုက္ခ တွေ၊ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်အန္တရာယ်တွေ၊ အဲသလို ဘေးဒုက္ခတွေနဲ့ဆိုင်တဲ့ အကြောင်းတွေ မဟုတ်ပါဘူး။
အဲဒီအကြောင်းတွေထက်၊ တကယ်က“R2P”ဆိုတာ “အစုလိုက်အပြုံလိုက်သုတ်သင်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ၊ လူမျိုးစုလိုက် မျိုးဖြုတ်သတ်ဖြတ်မှုတွေ၊ လူမဆန်တဲ့ ရာဇ၀တ်မှုတွေ”ကို ကြုံတွေ့ နေရတဲ့ လူတွေကို အကာအကွယ်ပေးဘို့ လုပ်ထားတာပါ။ အရင်ကဆိုရင် အဲဒါကို ချမှတ်ဘို့တောင် ကျနော်တို့ အံ့သြစရာကောင်းလောက်အောင် မကြာခဏ ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အဖြစ် ချမှတ်ခဲ့တာပါ။ နောက်မှ လုံခြံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ဖြစ်လာတာပါ။ အဲဒီစာသားထဲမှာ သက်ဆိုင်ရာနိုင်ငံ အစိုးရက သဘောမတူဘဲ အတင်းဝင် ရောက်နိုင်ကြောင်း ဖေါ်ပြထားပါတယ်။ ပြီးတော့ “ဘေးဒုက္ခရောက်နေသူများအား ကာကွယ်ရေး တာဝန်”("responsibility to protect") ကို ချမှတ် လုပ်ဆောင်တဲ့နေရာမှာ ထိခိုက် နစ်နာနေတဲ့ ပြဿနာကို တားမြစ်ဘို့၊ ရပ်ဆိုင်းအောင်လုပ်ဘို့ တခြားနည်းလမ်းတွေ မရှိတော့ဘူးဆိုတဲ့အခါကျမှ စစ်အင်အားသုံးဘို့ လုံခြုံရေးကောင်စီကသာ ဆုံးဖြတ်ခွင့် ရှိပါတယ်။ အဲသလို ဆောင်ရွက်မှုကလည်း အခုထိခိုက်နေတဲ့ အတိုင်းအဆပေါ်မူတည်ပြီး လုပ်ရမှာ ဖြစ်တဲ့အပြင်၊ ဒီအတိုင်း ဆုံးရှုံးထိခိုက်ခံနေတာ ထက်စာရင် အတင်းဝင်ရောက်ဖြေရှင်းတာက ပိုကောင်းကြောင်း ချိန်ဆလို့ရတဲ့ အနေအထားလည်း ရှိရမှာပါ။
အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုပ်ခံနေရတယ်ဆိုတဲ့အချက်မျိုးနဲ့ ဆက်စပ်တဲ့အကြောင်း ကိစ္စအပေါ်မှာ R2Pနဲ့ ပတ်သက်လို့၊ အထူးသဖြင့် စစ်ရေးအရ ၀င်မှ ဖြစ်တော့မယ်ဆိုပြီး၊ စဉ်းစားကြတော့မယ်ဆိုရင် အဲဒီအဆိုပြုချက်အသစ်ဟာ နောက်တော့ အားလုံးသဘောတူမှ ဆိုတဲ့သဘောနဲ့ပဲ ပြီးပြီးပျောက်ပျောက် ဖြစ်သွားတတ်ကြတာပါ။ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် နောက်ထပ် အဲသလို လူအစုလိုက်အပြုံလိုက် သတ်ခံရတာတွေ၊ လူမျိုးစုလိုက် မျိုးဖြုတ် သတ်ဖြတ်မှုတွေ ပေါ်လာတဲ့အခါမှာလည်း အလားတူ စိတ်ပျက်စရာကောင်းတဲ့ အချုပ်အချာ အာဏာကို အဓိကထားရေးဆိုတဲ့၊ ၁၉၉၀ ခုနှစ်များဆီက ဆာဗီးယားနဲ့ ရ၀မ်ဒါနိုင်ငံတွေမှာ ထိတ်လန့်ဘွယ် အဖြစ်အပျက်တွေကို တွေ့ကြုံရစေခဲ့တဲ့ ဆွေးနွေးငြင်းခုန်မှုအဟောင်းတွေဆီပဲ ကျနော်တို့ တစ်ကျော့ပြန်ကျရပါလိမ့်ဦးမယ်။
အဲဒါ ပြဿနာပါ။ တကယ့်ကို ခဏလေးနဲ့ လူအသက်ပေါင်း ထောင်ပေါင်းများစွာ သေဆုံးသွား နိုင်တာကို သက်သာသွားစေမယ့် အကူအညီတွေကို ငြင်းဆန်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ အခုလုပ်နေပုံမျိုးဟာ လူစိတ်ကင်းမဲ့တဲ့ ရာဇ၀တ်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်မယ်ဆိုရင်၊ “ဘေးဒုက္ခ ရောက်နေသူများအားကာကွယ်ရေးတာဝန်”("responsibility to protect") ဆိုတဲ့ အခြေခံမူဟာ စတင် ကျင့်သုံးရတော့မယ်ဆိုတာ သေချာနေပါပြီ။ အမှန်က R2P နဲ့ပတ်သက်ပြီး စစဉ်းစားတဲ့ ကနေဒါ ကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဒီအခြေအနေကို ကြိုတင်ခန့်မှန်းခဲ့ပါတယ်။ သက်ဆိုင်ရာနိုင်ငံက မတတ်နိုင်လို့ဘဲဖြစ်ဖြစ်၊ ဆန္ဒမရှိလို့ဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အကူအညီတောင်းလို့ပဲဖြစ်ဖြစ် အသက်တွေဆုံးရှုံးရတော့မယ့် အခြေအနေတွေ ဖြစ်ပေါ်ခြိမ်းခြောက်နေတဲ့ သဘာဝကပ်ဘေး ကြီးရှိနေတဲ့ နေရာကို စစ်အင်အားအသုံးပြုဘို့ပဲ ဖြစ်နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူက ဒီကိစ္စကို အထူးဖေါ်ပြထားတာလို့တော့ မရှိပါဘူး။ ဒါပေမယ့် “လူစိတ်ကင်းမဲ့သော ရာဇ၀တ်မှုများ”လို့တော့ ညွှန်းထားပါတယ်။ အဲဒီ ရာဇ၀တ်မှုတွေကို အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာ(နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးတည်ထောင်ထားတဲ့ ရောမမှာရော၊ နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေမှာရော) “စနစ်တကျ သို့မဟုတ် အများအပြား လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် ထိုကဲ့သို့ ကိစ္စများနှင့်အတူ ရည်ရွယ်ချက်ရှိရှိ အပြင်းအထန်ခံစားရစေသော၊ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်း ကျန်းမာရေးကို သို့မဟုတ် ခန္ဓာကိုယ်ကို အပြင်းအထန် နာကျင်ထိခိုက်စေသော အလားတူကိစ္စမျိုးနှင့်ဆိုင်သည့် လူစိတ်ကင်းမဲ့သော အပြုအမူများ”လို့ ပါရှိပါတယ်။
အမြဲလိုပါပဲ၊ ဒီကိစ္စနဲ့ပတ်သက်လို့ ရှေ့နေတွေအတွက် ပြဿနာကို ရည်ရွယ်တာက နည်းနည်း၊ ငြင်းစရာခုန်စရာက များများ ရသွားကြပါလိမ့်မယ်။ လေယာဉ်နဲ့ ပစ္စည်းတွေချမယ်၊ အဲဒါမျိုးလုပ်မယ်ဆိုရင် ဥပဒေနဲ့ညီပါ့မလား၊တရားမျှတမှုရှိပါ့မလား၊လက်တွေ့ကျပါ့မလား၊ ကျင့်ဝတ်နဲ့ ညီပါ့မလားဆိုတာတွေလည်း လုံခြုံရေးကောင်စီမှာ အကျယ်အကျယ် မငြိမ်းဘွယ်ဖြစ်စရာတွေ အများကြီးရသွားဦးမှာပါ။ ဒါပေမယ့် မြန်မာစစ်ဗိုလ်ချုပ်တွေ အခုလိုလုပ်နေတာနဲ့ပတ်သက်လို့ လူစိတ်ကင်းမဲ့တဲ့ရာဇ၀တ်မှုအပေါ် ခံစားတတ်တဲ့ အစိုးရတစ်ရပ်ရပ်က သူတို့ရဲ့ခေါင်းမာမှုကို အဖြေရှာပေးမယ့် ပထမဆုံးကိစ္စရပ်တစ်ခုအဖြစ်တော့ အနိမ့်ဆုံး ရှိပါတယ်။ ဒါဟာ “ဘေးဒုက္ခရောက်နေသူများအားကာကွယ်ရေးတာဝန်”("responsibility to protect")ဆိုတဲ့ အခြေခံမူကိုလည်း ဆွဲဆောင်စေမယ့်ကိစ္စမျိုးပါ။ အဲဒီတော့ လုံခြုံရေးကောင်စီရော၊ ဗိုလ်ချုပ်တွေဘက်ကရော ဒီကိစ္စကို မြန်မြန် စဉ်းစားကြဘို့ပါပဲ။ ။
မြင့်မြတ်အေး¬¬
(မျိုးဖြုတ်သုတ်သင်မှုများ ကာကွယ်ရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ အကြံပေးကော်မတီ အဖွဲ့ဝင်၊ အချုပ်အာဏာပိုင်နိုင်ငံများနှင့် ၀င်ရောက်စွပ်ဖက်မှုဆိုင်ရာ နိုင်ငံတကာ ကော်မရှင်၏ တွဲဖက်ဥက္ကဌ၊ နိုင်ငံတကာအကြပ်အတည်း ဖြေရှင်းရေးအုပ်စု ဥက္ကဌ ဂါရက်အီးဗန်၏ ''Facing up to our responsibilities'' ဆောင်းပါးကို မြန်မာလိုပြန်ရေးပါတယ်။)

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့