.

Swine flu: influenza A (H1N1) pandemic အကြောင်းသိကောင်းစရာ

မေး။ Swine Flu ဆိုတာ ဘာလဲ?

ဖြေ။ ရာသီအလိုက် တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ ၀က်တုပ်ကွေး၊ စသည်ဖြင့် တုပ်ကွေးရောဂါ အမျိုးမျိုးရှိရာ ယခုဖြစ်ပေါ်နေသော Swine Flu ကပ်ရောဂါသည် ယခင်တုပ်ကွေးရောဂါများနှင့် မတူပဲ မြောက်အမေရိက ၀က်တုပ်ကွေး၊ မြောက်အမေရိက ကြက်ငှက်တုပ်ကွေး၊ ရာသီအလိုက် လူတုပ်ကွေးနှင့် အာရှ-ဥရောပ ၀က်တုပ်ကွေးတို့ ပေါင်းစပ်ထားသော New Influenza A ( H1N1 ) ဗိုင်းရပ်စ် အသစ်ဖြစ်သည်။



လူမှလူသို့ လျှင်မြန်စွာ ကူးစက်လျက်ရှိရာ နိုင်ငံ ၇၀-ကျော်တွင် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( Word Health Organization ) က Pandemic အဆင့် ၆-အဖြစ် ၂၀၀၉-ခု ဇွန်လ ၁၁-ရက်နေ့တွင် ကြေငြာခဲ့သည်။

မေး။ Swine Flu ဘယ်လို ကူးစက်နိုင်သလဲ

ဖြေ။ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်ပါတယ်။ လူနာ ချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့် တိုက်ရိုက်သော်၎င်း။ လူနာ၏ ချွဲ သလိပ် ခန္ဓာကိုယ်အရည် အသုံးအဆောင်ပစ္စည်းများကို ကိုယ်တွယ် ထိတွေ့ခြင်းမှသော်၎င်း ကူးစက်နိုင်ပါသည်။

မေး။ Swine Flu ကပ်ရောဂါ၏လက္ခဏာများက ဘာလဲ

ဖြေ။ ယေဘုယျအားဖြင့် ရာသီအလိုက် တုပ်ကွေးရောဂါ လက္ခဏာများနှင့် ဆင်တူပါသည်။
အဖျားရှိခြင်း။ ( ကိုယ်ပူချိန် ၃၈-ဒီဂရီ စင်တီဂရိတ်အထက် ရှိခြင်း )
နှာရည်ယိုခြင်း၊ နှာချေခြင်း။
ချောင်းဆိုးခြင်း၊ ချောင်းအလွန်ဆိုးပြီး မောခြင်း။
လည်ချောင်း နာခြင်း။
ကိုယ်လက် ကိုက်ခဲခြင်း။
ခေါင်းကိုက်ခြင်း။
အသက်ရှူ ကြပ်ခြင်း။
အစားအသောက် ပျက်ခြင်း။
ဂဏာမငြိမ် ဖြစ်ခြင်း။
တခါတရံ ပျို့အန်ခြင်း။
ဝမ်းသွားခြင်း။
သတိလစ်ခြင်း။

မေး။ သာမန် တုပ်ကွေးရောဂါနှင့် ယခု Swine Flu ကပ်ရောဂါ ဘယ်လိုခွဲခြား သိနိုင်သလဲ

ဖြေ။ သာမန်အားဖြင့် ရောဂါလက္ခဏာချင်း ဆင်တူဖြစ်ပါသည်။ ရာသီအလိုက် တုပ်ကွေးရောဂါသည် ရာသီအလိုက် မကြာခဏဖြစ်ပွားသဖြင့် လူများတွင် ကိုယ်ခံစွမ်းအား အတိုင်းအတာတခုအထိ ရှိနေပါသည်။

Swine Flu ကပ်ရောဂါသည် ဗိုင်းရပ်စ်ပိုးအသစ် ဖြစ်သောကြောင့် မည်သူ့တွင်မျှ ကိုယ်ခံစွမ်းအား မရှိပါ။ ထို့ကြောင့် ရောဂါလက္ခဏာ ပိုမိုပြင်းထန်ပြီး အသက်အရွယ်မရွေး လူအားလုံးတွင် ဖြစ်ပွားနိုင်ကာ ကလေးများ ၊ အသက်အရွယ် ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံစွမ်းအား ကျဆင်းသူများတွင် အသက်ဆုံးရှုံးမှု များပြားနိုင်ပါသည်။ ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့်သာ ရောဂါ ခွဲခြား သိရှိနိုင်ပါသည်။

မေး။ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံမည်မျှသို့ Swine Flu ကပ်ရောဂါ ပြန့်နှံ့နေပါသလဲ

ဖြေ။ ၂၀၀၉-ခုနှစ် ဇွန်လ ၁၁-ရက်နေ့အထိ WHO မှ ထုတ်ပြန်ကြေညာချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၇၄-နိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်မှု စစ်ဆေးအတည်ပြုချက်အရ ၂၈၇၇၄-ဦး ရောဂါဖြစ်ပွားခဲ့ပြီး ၁၄၄-ဦး သေဆုံးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၀၉-ခုနှစ် ဇွန်လ ၂၇-ရက်နေ့မှစပြီး ဖြစ်ပွားသူ ၂-ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

မေး။ ယခင်ကဖြစ်ပွားခဲ့သော ကမ္ဘာ့လူတုပ်ကွေး ကပ်ရောဂါများကို သိပါသလား

ဖြေ။ Spanish Flu-၁၉၁၈-၂၀ လူ သန်းပေါင်း၅၀-သေဆုံးသည်။ Asian Flu-၁၉၅၇-၅၈ လူ ၂-သန်း သေဆုံးသည်။ Hong Kong Flu ၁၉၆၈-၆၉ လူ ၁-သန်း သေဆုံးသည်။

မေး။ Swine Flu ကပ်ရောဂါဖြစ်ပွားမှု ကာကွယ်ရန် လိုက်နာရမည့်အချက်များကဘာလဲ

ဖြေ။ တကိုယ်ရေ သန့်ရှင်းမှုကို ဂရုပြု ဆောင်ရွက်ခြင်း။
နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း။
လက်ကို ဆပ်ဖြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း။ အကြိမ်ကြိမ်ဆေးကြောခြင်း။
ကောင်းစွာ အိပ်စက်အနားယူခြင်း။
အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း။
ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း။
လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း။
လူထူထပ်သောနေရာနှင့် ပွဲလမ်းသဘင်များသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။
အရက် လွန်ကဲစွာသောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း။
ရောဂါဖြစ်ပွားသူများနှင့် သံသယရှိသူများမှ ၆-ပေအကွာတွင် နေထိုင်ခြင်း။
ရောဂါ မကူးစက်စေရန် နှာခေါင်းနှင့်ပါးစပ်ကို လုံအောင်ဖုံးအုပ်သည့် Surgical Mask ကို အသုံးပြုခြင်း။
ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။

မေး။ စာသင်ကျောင်း, လုပ်ငန်းခွင်, ဟိုတယ်များတွင် ရောဂါမဖြစ်ပွားစေရန် မည်သို့နေထိုင်ဆောင်ရွက်သင့်သနည်း

ဖြေ။ အဆောက်အဦးများ လေ၀င်လေထွက် ကောင်းအောင် ဆောင်ရွက်ခြင်း။
ပတ်ဝန်းကျင် သန့်ရှင်းရေးကို ဆောင်ရွက်ခြင်း။
အမှိုက်နှင့် အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ခြင်း။
လူ့အသုံးအဆောင်ပစ္စည်းများ၊ လှေကား၊ ဓာတ်လှေကား၊ နံရံများနှင့် ရုံးတွင်းပရိဘောဂများကို တနေ့ ၂-ကြိမ် မှ ၃-ကြိမ် ပိုးသန့်စင်ခြင်း။
စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်များတွင် နေထိုင်ဆောင်ရွက်သူများအားလုံး၏ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုခြင်း။

မေး။ Swine Flu ရောဂါ၏ ကာကွယ်ဆေး ရှိပါသလား

ဖြေ။ ကာကွယ်ဆေး ထုတ်လုပ်ရန် ရောဂါစတင်ဖြစ်ပွားချိန်မှ ကာကွယ်ဆေးရသည့် အချိန်အထိ အနည်းဆုံး ၃-၄ လ ကြာနိုင်ပြီး စက်မှုဖွံ့ဖြိုးပြီးသော နိုင်ငံကြီးများတွင် အများဆုံး ထုတ်လုပ်နိုင်သော်လည်း ကမ္ဘာ့လူဦးရေ အားလုံးအတွက် မလုံလောက်နိုင်ပါ။

မေး။ ရောဂါဖြစ်ပွားလျှင် ကုသနိုင်သည့်ဆေး ရှိပါသလား

ဖြေ။ Tamiflu ( Osaltamivir ) နှင့် Relenza ( Zanamivir ) ဆေး ၂-မျိုးသည် Swine Flu ရောဂါပိုးကို ကုသနိုင်စွမ်း ရှိကြောင်း အထောက်အထား ရှိပါသည်။ ရောဂါစတင်ဖြစ်ပွားချိန်မှ ၄၈-နာရီအတွင်း သုံးစွဲပါက ပိုမိုထိရောက်မှု ရှိပါသည်။

မေး။ Swine Flu ကပ်ရောဂါဖြစ်သူသည် မည်သို့နေထိုင်ရမည်နည်း

ဖြေ။ မိမိကျန်းမာရေး အမြန်ကောင်းမွန်လာစေရန်နှင့် အခြားသူများသို့ မကူးစက်စေရန်အတွက် စတင်ဖျားသည့်နေ့မှ ( ၁၀ ) ရက်အထိ ဖျားနာသူနှင့် ဖျားနာသူအား အနီးကပ်စောင့်ရှောက်သူသည် Surgical Mask တပ်ဆင်ထားရမည်။ မိမိအိမ်တွင် နေထိုင်ရမည်။
ရုံး၊ ကျောင်း၊ လုပ်ငန်းခွင်များနှင့် ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရမည်။
နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါ အသုံးပြုရမည်။ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးရမည်။
အာဟာရဖြစ်သော အစားအစာများစားရန် နှင့် အရည်များများ သောက်ရမည်။
လူနာအတွက် သီးသန့်နေထိုင်ရန် နေရာရှိပါက လေကောင်းလေသန့် ရအောင် ဆောင်ရွက်ရမည်။
ကျန်းမာရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည်။
အသုံးပြုပြီးသော လူနာအသုံးအဆောင်ပစ္စည်းများကို ၀.၅ ရာခိုင်နှုန်း Bleach ဖြင့် မိနစ် ၃၀-စိမ်ထားရမည်။ သို့မဟုတ် ရေနွေးဖြင့် ပြုတ်လျှော်ရမည်။
လူနာပြုစုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရမည်။ ဖြစ်နိုင်လျှင် အရက်ပြန် (Alcoho Rub ) ကို အသုံးပြုနိုင်သည်။

မေး။ ဘယ်အချိန်မှာ လက်ကို ဆပ်ပြာဖြင့် ဆေးကြောသင့်သလဲ

ဖြေ။ နှာချေချောင်းဆိုးပြီးချိန်။
အလုပ်နှင့် ပြင်ပမှ ပြန်လာချိန်။
လူနာကို ပြုစုပြီးချိန်။
လူနာအသုံးအဆောင် ပစ္စည်းများကို ကိုင်တွယ်ပြီးချိန်။
အစာမစားမီ နှင့် စားပြီးချိန်။

မေး။ Surgical Mask ဘယ်လိုအသုံးပြုမလဲ

ဖြေ။ ပါးစပ်နှင့် နှာခေါင်း အားလုံးလုံခြုံအောင် တပ်ဆင်ရမည်။ Surgical Mask တပ်ဆင်ထားချိန်တွင် Surgical Mask ပြင်ပတွင် ပိုးမွှးများ တွယ်ကပ်နိုင်သဖြင့် လက်ဖြင့် ကိုယ်တွယ်ခြင်းကို ရှောင်ရမည်။
Surgical Mask စိုထိုင်းလာလျှင် ပိုးမွှားများ လွယ်ကူစွာတွယ်ကပ်နိုင်သဖြင့် အသစ်လဲလှယ် တပ်ဆင်ရမည်။
တခါသုံး Surgical Mask များကို ပိုးသန့်စင်ပြီး စနစ်တကျ စွန့်ပစ်ရမည်။
ပြန်လည်အသုံးပြုနိုင်သော Surgical Mask များကို ပိုးသန့်စင်ပြီး သေချာစွာလျှော်ဖွပ်ပြီးမှ အသုံးပြုရမည်။
Surgical Mask အသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရမည်.။ အရက်ပြန် ( Alcohol Rub ) အသုံးပြုနိုင်သည်။

ကမ္ဘာသူ ကမ္ဘာသား အားလုံး Swine Flu ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ။
ဆရာဝန်တဦး။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့