.

စာမျက်နှာနှစ်ခုကိုဖတ်ရှုမိခြင်း

(က)

နှလုံးသားကို အေးခဲသွားစေတဲ့ သည်အဖျား

နောက်ဆုံးပါးလိုက်တဲ့ လက်ဆောင်လို

ခုထိ ငါ မှတ်မိနေသေးရဲ့။

နေ့ခင်းနဲ့ တူတဲ့ သည်ည

ပြီးတော့ ပြာပုံတွေကြားထဲက

ကြေကွဲနေတဲ့ အရိပ်တခု

အခုထိ ငါမှတ်မိနေသေးရဲ့။

မီးလောင်နေတဲ့ အနံ့ဟာ

စိတ်မချမ်းမြေ့မှုလို

စူးဝါးကြမ်းရှနေရဲ့။

သည်အနံ့ဟာ ဘယ်တော့မှ ငါ့ကိုမခွာ

ကျေးရွာတွေရဲ့ ပြာမှုန်များလို

တိုက်ဖွိုက်ရောဂါ ကယောင်ကတမ်း

ဝေဒနာရဲ့

အနီရောင်နဲ့ အနက်ရောင် ကောက်လှိုင်းစည်းများလို့

သူစိမ်းဆန်တဲ့ တိတ်ဆိတ်မှုသစ်ထဲက

သေဆုံးသွားတဲ့ လဝန်းရဲ့ အစိတ်အပိုင်းလို

သည်အနံ့ဟာ ငါနဲ့ အတူရှိနေရဲ့။

(မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘဝ ... စာအုပ်မှ)




၁၉၅၄ - ခု ၊ နွေဦး၊ စလင်းမြို့....။

အိပ်ပျော်ရာက လန့်နိုးလာခဲ့သည်။ မျက်စေ့ကျိန်းမတတ် အလင်းရောင်များကို တွေ့လိုက်ရသည်။ မလှမ်းမကမ်းက ခြေသံများကို ကြားရသည်။ ပူနွေးနူးညံ့သည့် လက်တဖက်ကို ဆုပ်ကိုင်မိသည်။ လူတယောက်ရဲ့ လက်တဖက်က သူ့ ခေါင်းပေါ် အသာအယာတင်လျက်။

“သား၊ အိပ်နေလေ၊ အမေရှိတယ်၊ အသာလေးအိပ်နေ”

ခေါင်းကိုမော့ပြီး ကြည့်သည်။ ခြံစည်းရိုး အပြင်ဘက်၊ ခြံဝန်းဘေးက လမ်းခင်း လိပ်သဲကျောက်တုံးများနှင့် မြင်းခွာများ ပွတ်တိုက်မိသံ ကြားရသည်။ ခရာတုတ်သံ ကြားရသည်။ မြင်းခွာသံများမှာ ဝေးကွာသွားနေ၏။ အလှမ်းဝေးလွန်းသည့် တနေရာမှ လူသံများကိုကြားရသည်။ ဗျောက်အိုးဖောက်သံများမှာ တမြို့လုံးကို လွှမ်းမိုးလျက်။ မီးရောင်များမှာ ရုတ်တရက် ဝင်းလက်လင်းဖြာပြီးမှ တဖြည်းဖြည်း အမှောင်ကျသွား၏။

ဆေးရုံကြီးဘက်က အော်ဟစ်ပြောဆိုသံများ ကြားရသည်။ တံခါးများရိုက်ချိုးဖျက်ဆီးနေသည့် အသံများကို ကြားရသည်။ ခြေသံများမှာ နီးလာလိုက်၊ ဝေးသွားလိုက် ဖြစ်နေ၏။ ခေါင်းပေါ်တင်ထားသည့် မိခင်၏ လက်က သူ့နဖူးကို အသာဖိသည်။ သူက မျက်လုံးများကို မှိတ်ကာ ဗျောက်အိုးဖောက်သံများကို နားထောင်သည်။ ဗျောက်အိုးများက တခါတရံ တချက်ချင်း။ တခါတရံ အတွဲလိုက်။ တခါတရံ နားကွဲလုမတတ် ပေါက်ကွဲမြည်ဟီးလျက်။

မိခင်၏ ကိုယ်နံ့ကြောင့် သူ့မှာ သတ္တိများ ပြည့်လာရ၏။ နေ့ခင်းကြောင်တောင်ပမာ အလင်းရောင်များ လင်းဖြာလိုက်သည့် ညကို သူ ကြောက်သည်။ မိုးခြိမ်းသံများလို ဗျောက်အိုးဖောက်သံများကို သူ ကြောက်သည်။ အမှောင်ထုအောက်က ခြေသံများကို သူ ကြောက်သည်။ သို့နှင့် သူသည် မိခင်၏ လက်ကို ဆုပ်ကိုင်ရင်း....၊ မိခင်၏ ခန္ခာကိုယ်နှင့် တိုးဝင်ပူးကပ်ရင်း ပြန်လည်အိပ်ပျော်သွားရ၏။

အိပ်ပျော်ရာက နိုးတော့ သူ့ခန္ခာကိုယ်မှာ အိပ်ယာထဲ၌ လဲလျောင်းလျက်။ သူက ကမန်းကတန်း အိမ်ရှေ့ကို ထွက်သည်။ မိခင်ကို ရှာသည်။ အိမ်ရှေ့ခန်း၌ လူတချို့ ထိုင်နေကြသည်။ မိခင်ကို ကုလားထိုင် တလုံးတွင် ထိုင်လျက်တွေ့ရ၏။ အမဖြစ်သူ့ကမိခင်၏ဘေးတွင် တံမြက်စီးတချောင်းကိုင်ရင်းရပ်လျက်။ ညီလေးက ဖခင်၏ ရင်ခွင်ထဲ၌ ထိုင်လျက်။

“ဆရာကြီး၊ ဆေးရုံက ဆရာဝန်ကြီးက ခဏ လာပါအုံးတဲ့”

ထိုင်နေသူအားလုံး ထိုင်ရာက ထရပ်လိုက်ကြသည်၊ ပြူတင်းပေါက်မှတဆင့် အောက်ကို ငုံ့ကြည်ကြ သည်။ ဖခင်က ညီလေးကို မိခင်ထံလွှဲကာ အိပ်ပေါ်က ဆင်းသည်။ ဆေးရုံကြီးဆီ ခတ်သုတ်သုတ် လျှောက်သွားနေ၏။

ရေပြင်တွင် မျက်နှာသစ်ရင်း လူကြီးများ ပြောဆိုနေကြသည့် စကားများကို သူ့နားထဲ၌ ထပ်ပြန်တလဲလဲ ကြားနေရ၏။

“သစ်ပင်တွေမှာ လူ့ဦးနှောက်တွေ ကပ်နေတာ။ အဲဒီသစ်ပင်မှာ လူတယောက်ယောက်က ကပ်ပြီး ရပ်နေတုန်း ခေါင်းကို သေနတ်မှန်သွားလို့ ဖြစ်မှာပေါ့။ ပြီးတော့ သစ်ပင်ခြေရင်းမှာ သွေးအိုင်ကြီး ရှိနေတာပဲဟာ”

“ရဲစခန်းထဲမှာ သွေးအိုင်တွေနဲ့ တရွတ်တိုက်ဆွဲသွားတဲ့ စွပ်ကြောင်းတွေလည်း ရှိနေသေးတယ်”

“ရောင်စုံသူပုန်တွေက ညနေကတည်းက လှည်းတွေနဲ့ မသိမသာ မြို့ထဲရောက်နေတာဆိုပဲ။ ကုသိနာရုံ ဘုရားဝင်းထဲမှာ စခန်းချသွားကြတာ။ မြင်းတွေစီးပြီး တမြို့လုံး မကြောက်ကြဖို့၊ အိမ်အပြင်ဘက် မထွက်ကြဖို့ လိုက်အော်ကြသေးတယ်။ သူတို့ချင်း လူချင်းမှားပြီး ပစ်ကြခတ်ကြသေးတယ်တဲ့”

“ဆေးရုံတံခါးတွေကို ရိုက်ချိုးဖွင့်ပြီး ဆေးတွေ အကုန်ယူသွားတယ်တဲ့။ နယ်ပိုင်ကြီးအိမ်ဘက်၊ မြို့ရိုးဟောင်းပေါ်ကို သူတို့က စစ်ဖိနပ်တွေနဲ့ တက်ကြတာပဲ။ စစ်တပ်နဲ့ ပုလိပ်တန်းလျားကို အဲဒီပေါ်ကနေပြီး အမြောက်နဲ့ ထုတာတဲ့။ ဘာရမလဲ၊ မြို့ရိုးကုန်းထိပ်မှာ နတ်စင်က ရှိနေတယ်လေ။ မြင်းဖြူရှင်က မြင်းဖြူစီးပြီး တမြို့လုံးပတ်ပြီး စောင့်ရှောက်ခဲ့လို့ သူပုန်တွေ သူ့အလောင်း သူဆွဲပြီး ပြန်ဆုတ်သွားရတာ”

မျက်နှာသစ်ပြီး အိမ်ပေါ်ကဆင်းတော့ ဆေးရုံကြီးရှေ့တွင် လူတွေ အုပ်လိုက်ရောက်နေသည်ကို တွေ့ရ၏။ အိမ်ရှေ့ကားလမ်းမဘေး ညောင်ပင်ကြီးအောက်၌ ရပ်ကာ ဆေးရုံကြီးအပေါက်ဝကို လှမ်းကြည့်နေမိသည်။

ဘာ့ကြောင့်ရယ်မသိ.....။ သူ့ ရင်ထဲ ၌ထိတ်လန့်ကြောက်ရွံ့ခြင်းနှင့် အဖြေမထွက်သည့် မေးခွန်းများသာ လုံးထွေးရစ်ပတ်လျက် ရှိလေသည်။

(ခ)

သည်မှာကော

သစ်ရွက်တွေကြားထဲမှာ ပျောက်ကွယ်နေတဲ့

အိမ်တွေထဲမှာကော

ဘဝဆိုတာ တကယ်ရှိရဲ့လား။

ကောင်းကင်က တိတ်ဆိတ်

ပြာမှုန်တွေက တိတ်ဆိတ်

ပစ်သတ်ခံရသူတွေရဲ့ ကြက်လျှာစွန်း ဦးထုပ်တွေက တိတ်ဆိတ်

အချိန်ကို တိုင်းထွာနေတဲ့

လေးနက်တဲ့ နာရီသော့သီးလို တင်းမာတဲ့

ကြိုးကွင်းတပ် အသတ်ခံရသူသာလျှင်

မမောမပန်း လှုပ်ယမ်းနေတယ်။

(မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘဝ ...စာအုပ်မှ)

သူနှင့် သူ့သူငယ်ချင်း ‘ချမ်းမြေ့’ တို့ စစ်တပ်ဂိတ်ရှေ့ ကိုရောက်တော့ လမ်းပေါ်တွင် လူတယောက်မျှ မရှိဘဲ ဖြစ်နေသည်။ သူတို့နှစ်ယောက် စစ်တပ်ဂိတ်ရှေ့ မှ ခပ်ဖြည်းဖြည်း လျှောက်လာကြ၏။ ဂိတ်ဝအစောင့် တဲကလေးထဲ၌ စစ်သားတယောက် သေနတ်လွယ်ရင်း ရပ်နေသည်ကို တွေ့ရသည်။ စစ်သားလုပ်သူက သူတို့နှစ်ယောက်ကို လှမ်းကြည့်သည်။ ထို့နောက် တဖက်သို့ မျက်နှာလွှဲသွား၏။

အသက် ၁ဝ နှစ်ပင် ပြည့်ဟန်မရှိသည့် သူနှင့် ‘ချမ်းမြေ့’ ကို စစ်သားကြီးက အရေးမစိုက်သည့်ဟန်နှင့် ဆေးလိပ်ပင် မီးညှိပြီး သောက်နေ၏။

သူက ဂိတ်ဝနှင့်မလှမ်းမကမ်း ခြံဝန်းဘေးမှကပ်ပြီး လျှောက်သည်။ သူတို့နှင့် ငါးကိုက်မျှအကွာ၌ တမာပင်တပင် ရှိ၏။ တမာကိုင်း တကိုင်းက လမ်းဖက်ကို တိုးထွက်နေ၏။ ထိုသစ်ကိုင်းတွင် လူတဦး၏ ဦးခေါင်းပြတ်တခု ဆွဲချိပ်လျက်။ ရှည်လျားသည့်ဆံပင်ကို ကြိုးတချောင်းနှင့်ဆွဲချီကာ သစ်ကိုင်း၌ ချိပ်ထားခြင်းဖြစ်၏။

သူက သစ်ပင်ခြေရင်းအထိ တိုးကာချိပ်ထားသည့် ဦခေါင်းကို အနီးကပ်ပြီး ကြည့်ချင်နေသည်။ သို့သော် သူငယ်ချင်းဖြစ်သူ “ချမ်းမြေ့” က သူ့လက်ကို ဆွဲထား၏။ သို့နှင့်တိုင်သူက သစ်ပင်ရှိရာ တိုးသည်။ ချိပ်ထားသည့် လူဦးခေါင်းကို အသေအချာ မော့ကြည့်သည်။

သစ်ကိုင်း၌ ချိပ်ထားသည့် ဦးခေါင်းမှာ မျက်လုံးများပင် မရှိတော့။ မျက်နှာပြင်တခုလုံး သွေးများ၊ ရွံ့များ ပေကျံလျက်။ လည်တိုင်မှာ အူလိုလို၊ အရေပြားလိုအသားမျှင် တချို့ တွဲကျလျက်။ သွေးစများကို တွေ့ရသည်။ ညိုမဲလျက်ရှိသော မျက်နှာတခြမ်းကို ရွံ့များ၊ ရေများစိုလူးနေသည့် ဆံပင်များက ဖုံးအုပ်လျက်။

ထိုနေ့က ကျောင်းတွင်ဆရာ၊ ဆရာမများ အချင်းချင်း စကားပြောနေကြသည်။ သူက စာသင်ခန်းထဲ မဝင်သေးဘဲ ဆရာမနှစ်ဦး ဘေး၌ ကပ်ပြီး ရပ်သည်။ လွယ်အိတ်ကို မသိမသာ ပြင်ပြီးဆွဲသည်။ ဆရာမ တချို့မှာ မျက်စေ့မျက်နှာ ပျက်နေကြ၏။

“ကျမ ကျောင်းကိုလာတော့ တကယ်ဟုတ်တယ်တော့၊ စစ်တပ်ရှေ့မှာ ခေါင်းပြတ်ကြီး တကယ်ချိပ်ပြီး ပြထားတာ။ ဘယ်သူကြည့်ကြည့် ကြည့်လို့ရအောင် တမင်ဆွဲချိပ်ပြီး ပြထားတာတဲ့။ အဲဒါ သူပုန်ဗိုလ်ရဲ့ အလောင်းကို သူ့မိန်းမကိုပြတော့ သူ့မိန်းမက စစ်သားတွေကို ရန်တွေ့လိုက်တာ ဆူနေတာပဲတဲ့။ သူပုန်ဗိုလ်ရဲ့ မိန်းမက စစ်သားတွေကို ပခုံးချင်း အတင်းလိုက်တိုက်ပြီး ရန်တွေ့တာတဲ့”

သူနှင့် သူ့သူငယ်ချင်း “ချမ်းမြေ့” တို့၊ စစ်တပ်ဂိတ်ရှေ့က ပြန်လာတော့ အိမ်ပေါက်ဝတွင် ဖခင်က တုတ်တချောင်းကိုင်ပြီး ရပ်စောင့်နေသည်ကို တွေ့ရ၏။ “ချမ်မြေ့” က တုတ်ကိုင်ထားသည့် မိမိ၏ ဖခင်ကို မြင်ကတည်းက သူနှင့် အတူလိုက်မလာခဲ့တော့။ သူက အိမ်ရှေ့ရေမြောင်းပေါ်က တံတားလေးပေါ် တက်သည်။ ဖခင်၏ တုတ်က သူ့ခြေထောက်ပေါ် ရောက်လာ၏။ သူက လှမ်းထားသည့် ခြေထောက်ကို ရုပ်သည်။ နာကျင်မှုကို အံကြိတ်ပြီး ခံ၏။ နောက်တဖန် ခြေထောက်တဖက်ကို တံတားပေါ်တင်သည်။ နောက်ထပ်ပြီး တုတ်တချက် သူ့ခြေဖမိုးပေါ် ကျလာ၏။

“မင်း...တော်တော်ခေါင်းမာတဲ့ကောင်။ နောက်ကို ဒါမျိုးထပ်လုပ်ရင် သည့်ထက် နာအောင် အဖေ ရိုက်မယ်။ ခင်ရေ...ဟောဒီမှာ မင်သားလူစွမ်းကောင်းကြီး ပြန်လာပြီကွ”

နောက်ထပ် ၂ ရက်ရှိသောအခါ သူသည် ‘စိန်စီနီမာ’ ရုပ်ရှင်ရုံကြီးဘက်သို့ ထွက်လာခဲ့၏။ အိမ်မှ မိနစ် ၂ဝ ခန့် ခြေကျင်လျှောက်လျှင် ရောက်သည့် ရုပ်ရှင်ရုံကြီးဘက်ကို ထွက်ခဲ့၏။ ရုပ်ရှင်ရုံကြီးနှင့် မလှမ်းမကမ်း၌ မြို့ပတ်လမ်း ရှိ၏။ မြို့ပတ်လမ်းပေါ်မှကြည့်လျှင် လယ်ကွက်များကို ကျော်ကာ ရွာကလေးတရွာကို လှမ်းမြင်နေရ၏။ လယ်ကွင်းကြီးက တကွင်းလုံး စိမ်းစိမ်းစိုလျက်။

“သူပုန်ဗိုလ်နဲ့ သူ့မိန်းမကို အဲဒီလယ်ကွင်းထဲမှာ စစ်တပ်က ဖမ်းမိလိုက်တာတဲ့။ သူ့မိန်းမက အဲဒီရွာက ဆိုလားပဲ။ စစ်တပ်က သတင်းရလို့ ကြိုစောင့်နေတာ။ နှစ်ယောက်စလုံး ခံပြီး ပစ်သေးတယ်တဲ့။ မိန်းမကိုတော့ ရွာနားကျမှ မိတာ။ သူပုန်ဗိုလ်ကတော့ လယ်ကွင်းထဲမှာပဲ သေနတ်မှန်ပြီး သေသွားတာ”

အတန်းပိုင် ဆရာမ၏ စကားများကို သူ မှတ်မိနေသည်။ စစ်တပ်ဂိတ်ရှေ့က၊ တမာပင်၌ ချိပ်ဆွဲထားသည့် သူပုန်ဗိုလ်၏ ခေါင်းပြတ်ကြီးကို မေ့လို့မရ။ နောင်အခါ မကြာခဏ ဆိုသလို စိန်စီနီမာ ရုပ်ရှင်ရုံကြီးဘက်ကို သူ သွားခဲ့၏။ မြို့ပတ်လမ်းပေါ်ကတဆင့် လယ်ကွင်းစိမ်းစိမ်းကြီးကို ရပ်ပြီးကြည့်သည်။ လယ်ကွက်များ၏ ဟိုမှာဘက်၌ ရွာကလေးကို မြင်ရ၏။ ရွာကလေးမှာ တောအုပ်ထဲ၌ ကိုယ်တပိုင်း မြုပ်နေလေသည်။

(ဂ)

၁၉၉၃ ခု ... မတ်လ။ မာနယ်ပလော......။

ငါ့ခေတ်က ဆူညံတဲ့ခေတ်

လူတွေလျင်မြန်စွာ ချုပ်ငြိမ်းသွားကြ

စစ်ပွဲမှာ ငြိမ်သက်တိတ်ဆိတ်နေတာဟာ ကြောက်စရာကောင်းသလို

နွေဦးဟာ ငြိမ်သက်ပြီး ကြောက်ဖွယ်ကောင်းရဲ့။

ပြီးတော့ တိုက်ပွဲ

ပြီးတော့ မီးလောင်းထားတဲ့ အိမ်တလုံးအနီး

စက်သနတ်သမားတယောက် လဲကျလို့ 

ငါ့စိတ်ကို လှုပ်ရှားစေတဲ့အရာဟာ

လုယူခံထားရတဲ့ ငါ့ရဲ့ ပျိုရွယ်တဲ့ ဘဝပေလား။

(မြသန်းတင့် ဘာသာပြန်ဆိုသည့် လူများ၊ သက္ကရာဇ်များ ၊ ဘဝ ...စာအုပ်မှ)

စာအုပ်ထဲက စာရွက်တရွက်ကို လှပ်လိုက်သည်။ နှစ်ပေါင်း ၃ဝ ကုန်လွန်သွားသည်မှာ လျင်မြန်လွန်းလှသည်။ ဘဝဆိုသည်မှာ စာရွက်တရွက် လှပ်လိုက်သလိုသာ ဖြစ်သည်။ ဤသို့ဆိုလျှင် သူ့ဘဝ၏ ရှေ့ပိုင်းနှင့် နောက်ပိုင်းမှာ စာရွက်တရွက်၏ ရှေ့မျက်နှာစာနှင့် နောက်မျက်နှာစာ ဖြစ်မည်။ ဘာမျှ မထူးခြား။ ဘာမျှ မကြာလိုက်။ ဘာမျှ မကျန်ရစ်။

သူက စာမျက်နှာတဖက်၌ ရှိသည့် အကြောင်းအရာများကို မေ့ထားလိုက်ချင်သည်။ ”အပြုခံဝါဒ“ ကို သူ ဆန့်ကျင်သည်။ မိမိသည်သာ ဘဝ၏ ကတ္တား။ သို့သော် နှစ် ၄ဝ ကျော်ခဲ့ပြီ။ နှစ်ကာလများ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်ကျကာမှ “အပြုခံဝါဒ” ကို ဆန့်ကျင်ရန် သူ ဆုံးဖြတ်ခဲ့သည်။ စာမျက်နှာသစ်ကို ကိုယ်တိုင်ရေးရမည်ဟု ဆုံးဖြတ်သည်။ ထိုသို့ ဆုံးဖြတ်ခဲ့သည်၏ နောက်၌ သူ့လက်ထဲ၌ ကင်မရာတလုံး၊ မှတ်စုစာအုပ်တအုပ်၊ ခဲတံတချောင်း ရောက်လာခဲ့၏။ ဘော်နောလေး တောင်ခြေရင်း၌ တဲထိုးပြီးနေ၏။ မယ်တုက္ခီစမ်းချောင်း၌ ရေချိုး၏။ ကရင်လူငယ်အစည်းအရုံး ခန်းမဆောင်ထဲ၌ ကဗျာရွတ်၏။ သောင်ရင်းမြစ်ကမ်း၌ ထိုင်ကာ “ယုံတော်မူတမ်းချင်း” ကဗျာကို ရေး၏။

တခါတရံ သူသည် ရက်ပေါင်း ၆ဝ ကျော် ခရီးထွက်တတ်၏။ သံလွင်မြစ်အတိုင်း စုန်ဆင်း၏။ မယ်ညောခီးတောင်ကို ကျော်၏။ ဘောသရောဆိပ်ကို ဖြတ်၏။ ဟီးထိုးထတောင်ကြားထဲကို ဝင်၏။ ယွန်းစလင်းချောင်း၊ ဒုံသမိချောင်းများအတိုင်း အစုန်အဆန် ခရီးနှင်၏။

သူသည် မိဆိုင်း ကျောက်တောင်ကြီးထိပ်၌ ရပ်ကာ စစ်တောင်းမြစ်ကြီးရှိရာ မှန်ဆပြီး ကြည့်ခဲ့ဖူး၏။ တိမ်တချို့မှာ သူ့ဆီသို့ ပြေးဝင်လာကြကာ အော်ဟစ်သံများ ပေးသွားကြ၏။ သူ့နားထဲ၌ ဖလံတောင်ရွာသူ “မရေသူ” ၏ ငိုရှိုက်သံကို ကြားရသည်။ ”မဒေဝီ“ ၏ “ဒီက ချစ်တာ သိရဲ့သားနဲ့ သူမို့ ခွဲသွားရက်တယ်...” သီချင်းသံကို ကြားရသည်။ ဓားလို ထက်ရှလှသည့် ကျောက်တောင်ကြီးပေါ် ဖိနပ်မပါ ဗလာခြေထောက်နှင့် အတက်အဆင်း လုပ်နေသည့် ”ဦးကသေးဖိုး“ ၏ ခြေထောက်များကို တွေးနေမိသည်။ ခန္ဓာကိုယ်ကို ထုပ်တန်း၌ ဇောက်ထိုးဆွဲကာ ပါးကို ကြေးစည်အထုခံရသည့် ကျုံစိန်ရွာက ရဟန်းတပါးကို မြင်ယောင်သည်။ တလိုင်း ကရင်ရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဘုရားစေတီခြေရင်းက မြေပုံမို့မို့ကို မှန်းဆကြည့်သည်။

တောင်ခြေအောက်က

ကျွဲခလောက်သံထဲမှာ

စပယ်နံ့ကို ငါရှူတယ်။

ဖြူညစ်ညစ် နှင်းထုအောက်

အပြာနုနုကို ထွင်းဖောက်ကာ

သံလွင်မြစ်ကို ခြေရာကောက်နေမိတယ်။

ကမ္ဘာ့တဖက်ခြမ်း

မီးတောင်နှုတ်ခမ်းက

ပန်းထွက်လာတဲ့ မီးလျံတွေထဲမှာ

‘ ဗေါ်ဒလယ်’ ရဲ့ မိစ္ဆာပန်းများကို မြင်လိုက်ရ...။

‹ပဉ္စလက်တောင်တန်း ကဗျာမှ ...›

ဤစာမျက်နှာတဖက်၌ သူသည် “စလင်းမြို့ကလေး” ၏ မြို့ပတ်လမ်းပေါ်၌ ရပ်ရင်း လယ်ကွင်း စိမ်းစိမ်းကြီးကိုလည်း မြင်နေရပြန်သည်။ တောအုပ်တခုအတွင်း ကိုယ်တပိုင်း မြှုပ်ထားသည့် ရွာကလေးတရွာကို တွေ့ရပြန်သည်။ မကြာခဏဆိုသလို ကြားရတတ်သည့် ’နော်တ‘ နှင့် ‘ဆင်ဖြူတောင်’ ဘက်ဆီက လက်နက်ကြီးပစ်သံများနှင့်အတူ မြင်းခွာသံများကို ကြားလိုက်ရ၏။ တရံမလပ် ကြားနေရသည့် မယ်တုက္ခီစမ်း ချောင်းရေစီးသံထဲ၌ ကျောက်ဖြာရွာ စာသင်ကျောင်းဆီက ”အသံအက်သွားသည့် ကျောင်းတက် ခေါင်းလောင်းထိုးသံ“ ကိုလည်း ကြားလာရသည်။

အို ...

အစိမ်းရောင် ကော်ဇောများပေါ်က

လှိုင်းတံပိုးလို ထကြွလာကြမယ့်

ကျွန်ုပ်တို့ရဲ့ အိုးအိမ် မြေယာနဲ့ မြစ်ချောင်းများ

မွေးဖွားလာခြင်းအသစ်နဲ့

စစ်ပွဲတွေ ငြိမ်းချမ်းပြီး

စိမ်းလန်းတဲ့ ဘဝဆိုတာ

လက်ဖဝါးပေါ်က ‘ကဗျာ’ တဲ့...။

‹ဥရောပမဲဇာကဗျာမှ...›

မိဆိုင်းကျောက်တောင်ကြီးပေါ်က လှမ်းမြင်ရသည့် မြင်ကွင်းမှာ သူ့ရင်ကို ပွန်းပဲ့သွားစေ၏။ ’လေးကေတောင်‘ ကြီးက လက်သီးဆုပ်ကြီး ထောင်ထားသလို ဖြစ်နေ၏။ “ကားမဲတောင်” ကြီးမှာ အပြာရောင် နောက်ခံတွင် အိပ်မောကျလျက်။

ဘဝ၏ နှစ်ပေါင်း ၄ဝ၊ အိပ်မွေ့ချခံထားရသည့် လူတယောက်လို လမ်းလျှောက်လာခဲ့ရသည့် နှစ်ကာလများ။ စာရွက်တရွက်၏ စာမျက်နှာတဖက်။ စာမျက်နှာတဖက်မှာ ဝါကျင့်ရင့်ရော်နေသည့်တိုင် တချို့သော အကြောင်းအရာများက ဒီင်္မှာဘက် စာမျက်နှာအထိ ပါလာခဲ့ကြ၏။ ဒီမှာဘက် စာမျက်နှာပေါ်၌ ရောယှက်နေကြ၏။ သူကလည်း ထိုအကြောင်းအရာများ မှေးမှိန်သွားမည်ကို မလိုလား။ ဘဝ၏ စာမျက်နှာသစ်၌ စာမျက်နှာဟောင်းမှ အကြောင်းအရာတချို့ စွန်းထေးနေစေခြင်းဖြင့် အပြုခံဘဝ၏ ဒဏ်ရာဒဏ်ချက်များကို ကုစားဖို့လိုအပ်ကြောင်း သူ သတိပြုမိပေလိမ့်မည်။

တနေ့တွင် သူသည် ”ဒေါ်အောင်ဆန်းစုကြည်လမ်း“ ကလေးထဲ၌ တဦးတည်း လမ်းလျှေက်လာရင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးရှေ့၌ ခြေစုံရပ်၏။ ဌာနချုပ်ရုံးဝန်းအတွင်းက လွင့်ပျံလာသည့် “တေးသံရှင်မွန်းအောင်” ရဲ့ “ငြိမ်းချမ်းရေးတိုက်ပွဲ” သီချင်းသံမှာ သူ့နှလုံးသားဆီ တိုးဝင်နာကျင်စေလိုက်၏။

နှစ်ပေါင်း ၄ဝ ကျော်ခဲ့ပြီ။ စာရွက်တရွက်ကို လှပ်လိုက်၏။ ဘာမျှမကြာလိုက်ဟု ခံစားရ၏။ ဘဝဆိုသည်မှာ စာရွက်တရွက်၏ စာမျက်နှာ နှစ်ဖက်မျှသာ ဖြစ်သည်။

ဒီင်္မှာဘက် စာမျက်နှာပေါ်၌ တစုံတရာ ရေးခြစ်ရန် ဟန်ပြင်နေသည့် သူ့လက်များမှာ တုန်ရင်လျက်ရှိလေသည်။ ။

ငြိမ်းဝေ
မဇ္ဈိမမှ ကူးယူဖော်ပြသည်။


ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့