.

အမေ့ခေါ်သံ

၁၃၇၁ ခုနှစ်။ နှစ်ဆန်း (၀၅) ရက်။ ဗုဒ္ဓဟူးနေ့။

အရုဏ်အတက်
ကုလားတက်ခေါက်သံ ကြားတော့
သားနိုးနေပြီ အမေ။
သားက ဧည့်သည်
အမေ့အိမ်မှာ သားဟာ
ဧည့်သည်ပါ။



အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ်သုံးဆယ် ကြာတော့
ပညာပါမက ကြင်ယာပါမက
ရင်အနာပါ ရခဲ့ပေါ့။
အသက်က လေးဆယ်လွန်
မျက်မှန်တစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်က၀ယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ်။

တစ်ခုသော ည
ညဉ့်နက်လှပြီ
ရှိသမျှ မြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်အလယ် ယုန်ရောက်သလို
ခုန်ခုန် ပေါက်ပေါက်နဲ့
မီးတောက်အောင် ကစားလို့
မောမှသာ နား၊ အိပ်သွားကြပြီ။

နွားနှစ်ကောင် စာမြုံ့ပြန်လို့
ခြူသံ ကြိုးကြား
အမြီးဖျား တဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ။

အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်းအိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တကိုက် ရေနွေးတကျိုက်
လျောင်းလိုက် ထိုင်လိုက်
တိုးလိုက် ကျယ်လိုက်နဲ့
မငိုက်စတမ်း မသမ်းမဝေ
စကား အထွေထွေကို
သားနဲ့အမေ၊ မနားမနေ ပြောခဲ့ကြ...
အဲဒါတွေ သတိရပြီး တစကဗျာ
သီမိပါခဲ့။

ဆွေကြီး မျိုးကြီး
သွေးသောက်ကြီး၊ ခုံမင်းကြီး
မြို့သူကြီး၊ ရွာသူကြီး
မြေရှင်ကြီး၊ ထန်းရှင်ကြီး
ဘိုးကြီး ဘွားကြီးများ
ဘုရားထူးခံကြတဲ့ အကြောင်း။

ငွေဓားတစ်ချောင်း ကြေးမောင်းတစ်လုံး
နှစ်လုံးပူးသေနတ်နဲ့ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေဘယ်ကမ်း ဘယ်ထမ်းဘယ်ထင်း
ဘယ်ကွင်းဘယ်ရိုး ဘယ်ကိုလက်ညှိုးထိုးမလဲ
မလွဲတမ်းပိုင်ကြ
မြေစု မြေခွန် မြေကျွန်တွေ တရုန်းရုန်းနဲ့
သုံးမကုန်လှူမခန်း၊ ချမ်းသာစွဆိုတဲ့အကြောင်း ...။

မြို့ကြီးနဲ့ကွာ ကျေးတောရွာမှာ
တူတန်တာမရှိ ပျင်းရိအားယား
လူပျိုကြီးအပျိုကြီး၊ ဦးကြီးဒေါ်ကြီးများကြားမှာ
ဟောဒီကသား
ဘယ်ရာသီ ဘယ်လိုဖွားလို့
ဘယ်အခါ ဘယ်လိုဖျားပြီး
ဘယ်အရွယ် ဘယ်လိုစကားနဲ့
ဘယ်လိုသွား ဘယ်လိုလာတဲ့အကြောင်း။

ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန် တော်လှန်သူများ
မောင်များမတ်များ တူသားများဟာ
ယခုအခါ ရွာအရှေ့ထိပ်၊ ညောင်ညိုရိပ်မှာ
ကာကီအင်္ကျီ ကိုင်းမှာချိတ်
ပြောင်းဖူးဖက်ဆေးလိပ်နဲ့
ပုတီးစိပ်သူ စိပ်တဲ့အကြောင်း။

ထန်းရေအိုးကိုဖက် ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ အိပ်သူအိပ်တဲ့အကြောင်း။

တစ်ချို့က ထွန်စက်မောင်း၊ တစ်ချို့က ထွေလာမောင်း
ပြောင်းရိုးစဉ်းစက် ခုတ်သူခုတ်။

တစ်ချို့ပိန် တစ်ချို့ဝ
တစ်ချို့က သမ၊ တစ်ချို့က ၀ိသမ။
တစ်ချို့က အရည၀ါသီ
တစ်ချို့က ဂါမ၀ါသီ
နီသူနီ ပြာသူပြာ၊ ၀ါသူဝါ
မဟာဆွေအစ၊ မဟာစည်အစ
ဘဂျမ်း(တင်မိုး)၊ သာနိုး(ဆံရှည်)
ကျူသေ ကျူရှင်၊ ဗေဒင်ယတြာ
ရိပ်သာအဆုံး..၊
အမုန်းအချစ်၊ ကဗျာသစ်စာသစ်
အညှစ်အသတ်၊ အပစ်အခတ်နဲ့
အညစ်အပတ်များအကြောင်း။

ဆရာလွမ်းမှသည် ဆရာစွမ်းအထိ
ခင်မောင်ရင်မှသည် ခင်မောင်ချင်းအထိ
ကျီးသဲလေးထပ်မှသည် ကမ်းနားခြောက်ထပ်အထိ
ဗန်းမော်ဆရာတော်မှသည် ဗန်းမော်တင်အောင်အထိ
အင်းယားကန်မှသည် ကြာနီကန်အထိ
စိုင်းထီးဆိုင်မှသည် ကွမ်းယာဆိုင်အထိ
ဘိန်းဖြူမှသည် ဘိန်းပြာဘိန်းဝါအထိ
မှတ်မိမှတ်ရာ ဖတ်မိဖတ်ရာ
စပ်မိစပ်ရာတွေအကြောင်း။

အမေရယ် ကျွန်တော်ရယ်
ဗန်းမော်တင်အောင် ထောင်ကအထွက်
ထန်းလျက်ကျွေးရင်း ရှေးဟောင်းနှောင်းဖြစ်
"လွမ်းရစ်တော့ သက်လှယ်ရယ်.."
"ဘုန်းမောင်တစ်ယောက်ထဲရယ် …"
"... ... ... တော့ကာသာဘဲရယ်"
ငယ်စာ ငယ်စကား သားနဲ့အဖေ
စာတွေပေတွေထဲမှာ သူရဲကောင်းရှာခဲ့တဲ့အကြောင်း။

အဖေရယ် ကျွန်တော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား တလှည့်စီကစား
သားတစ်ပြန် ဘတစ်ပြန်
အအုပ်နဲ့အခံ ကာရန်ကစားခဲ့ကြတဲ့အကြောင်း။

ညီငယ်နဲ့ ကျွန်တော်
လျှော်ခွာတဲ့ ချောင်းအစပ်
မနော်နွယ် ဘင်္ဂလား
သရက်ရွှမ်းများ ခတ်ရင်း
နောင်သိဒ္ဓတ် ကြာခြည်လှပ်ဆဲ
စိတ်ပြတ်တဲ့မင်းနန်၊ နောင်တော်ကိုချန်
ဆံတော်ကိုမချ သပိတ်သံမပြဘဲ
နိက္ခမကျင့်တဲ့အကြောင်း။

မိခွေးရယ် မိအေးရယ်
ကျွန်တော်ရယ် င၀က်ရယ်၊ အဒေါ် ဒေါ်ကြွက်ရယ်
ကြက်သွန်ခင်း ရေလောင်း၊ ဆေးခင်း ပေါင်းပေါက်
ဝါကောက်ပဲတူး၊ ဆေးခူး ဆေးလှန်း
ထမင်းကြမ်းနဲ့ ထန်းရည်ချို
ချိုချိုမွှေးမွှေး အသည်းအေးအောင်
အမြဲလွေးကြတဲ့အကြောင်း။

ဝါခင်းအစပ် မားမတ်တဲ့ပင်လက်ပံ
ဆက်ရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာအပြန် ခရီးတစ်ထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက် သားတစ်ယောက်
လုယက်လို့ကောက်ကြ
သုံးယောက်ရဲ့အသံ တောလုံးလျှံ
ကိုးယောက်လို ညံတဲ့အကြောင်း။

ဘိုးဘွားကုသိုလ်၊ ကန်ပေါက်လျှိုစောင်း
နွားသိုးနှစ်ကောင်၊ ဖိုးမောင်ကျောင်းလို့
ထနောင်းလည်းတုံး၊ ထန်းလည်းပြုန်းတဲ့
သင်္ချိုင်းကုန်းက သုံးပင်ဇရပ်
ကြက်လျှာဆူး နဘူးပတ်ချိန်
သွပ်ချပ်အမိုးကို သူခိုးတွေခွာတော့
မြို့ပေါ်မှာ သေတ္တာဖြစ်၊
ရွာဦးကျောင်းက ခေါင်းလောင်းတွေလည်း
မမြဲအနိစ္စ၊ သင်္ခါရနယ်ထဲ
လှည်းသမား ထွန်စက်မောင်း
ရွာခေါင်း ရပ်ခေါင်း၊ ဘာခေါင်းမှ မကျန်ရစ်၊
ကဗျာမှာ စာမှာ၊ ငါ-ငါ-ငါနဲ့
ငါ-သူတစ်ပါး၊ ကျားကျား မမ
တနေ့ကျတော့
သင်္ခါရ တံခါးပေါက်ကို အလျားမှောက်ပြီး
ခေါက်ရမှာ ဖြစ်တဲ့အကြောင်း။

ဟိုအကြောင်း ဒီအကြောင်း
အကြောင်းမျိုးစုံ ဖြစ်မျိုးစုံ
ပြောမကုန် မရိုးနိုင်
သန်းခေါင်တိုင် သန်းလွဲကျော်
ကျွန်တော်အသိသား
စကားဟာ ပဓာနမဟုတ်ဘူးလို့။

ဒီသား ...
အကြီးသား ဘရီးဘရား
တဒီးလွှားလွှားနဲ့၊ မကြီးပွားသူ
ခရီးသွားနက္ခတ်နဲ့၊ ယှဉ်ကပ်လို့ဖွား
ဗွေပါတဲ့ဖ၀ါးနဲ့ အဝေးဆုံးသွား
အငေးဆုံးသား
အမေ့နားကို ကြိုးကြားရံခါ
ခဏသာ လာတဲ့သူ။

သားဖြစ်သူအပါးက
သွားချေ၊ နားချေ၊ အိပ်ပါချေဆိုပေမယ့်လည်း
အမေမသွား၊ အမေမနား
သားသက်လျာကို ကြုံလာတုန်းမှာ
ပြုံးကာရယ်ကာ ပုတ်ခတ်ကာနဲ့
ကြည့်ကာမဝ
သန်းခေါင်ကျော် သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေ မှေးရုံမှေးရှာတယ်။

အရုဏ်အတက်၊ ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတစ်ယောက်ကိုနှိုး
တီးတိုးတီးတိုးနဲ့၊ ရွာရိုးကိုလျောက်ခဲ့
သားမြေးတွေသောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေအလုပ်ရှုပ်ခဲ့ပြီ။

ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ်အနှံ့သွား
ယုန်သားဝယ်၊ ဂျုံသကြားဝယ်
ရက်ကန်းရှယ်သလို
ရွာလယ်ရွာရိုး၊ လွန်းထိုးလာသွား
ငှားလိုက်ချေးလိုက်၊ ကျွေးလိုက်တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့ ချွေးပြိုက်ပြိုက်ယို
အမေအို
သားကိုကျွေးလို့ မောတယ်မရှိ။

သြော်...ခုအခါ အမေ့ရွာ သားမရောက်
သုံးနှစ်လောက်ကြာခဲ့ပြီ။

အမေ့စာ
သား အမြန်လာ တဲ့
ပြေးဟာ လွှားဟာ၊ ရုန်းဟာ ကန်ဟာနဲ့
ကဗျာတစ်ပုဒ်၊ စာတစ်ဆုပ်
လက်လုပ်လက်စား အမေ့သား
ဓားတောင်မဆီး၊ မီးပင်လယ် မခြား
အမေ့ခေါ်သံ ကြားသော်လည်း
ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါခြားတာကြောင့်
သားမလာ မြေးမလာ
ကဗျာတို ပူပုံပန်းနဲ့
စာတညို လူကြုံကမ်းရတယ်။

အမေစားဖို့
ဘားပလက် တစ်ဘူး၊ နှစ်ဘူး
ဂလူးကိုး တစ်ထုပ်စ၊ နှစ်ထုပ်စ
တနှစ်မှ တစ်ခါနှစ်ခါ
စတိသာ ပို့အားတဲ့ သားခမျာ
အမေပေးတဲ့ ဆယ့်လေးတန်းပညာနဲ့
မြို့ပေါ်မှာသောင်တင်
ကလောင်မင် အက်ဆစ်စွက်
ဟိုပက် ဒီကော်
တနေ့သော် ပိုင်နိုးနိုင်နိုးနဲ့
ဝေဖန်ရေး ကျားဆိုးကို
အားကြိုးမာန်ခဲ အမြီးကို ဆွဲမိပေါ့။

သြော်...အမေ့ရွာ သားမရောက်
သုံးနှစ်လောက်ကြာ သုံးဝါရွေ့ဆိုင်း၊

"မလာဖြစ်နိုင်ဘု
ဝါခေတ် တစ်ခါကုန်တော့" ရယ်လို့
တေးအကြုံ ရှေးပုံနဲ့ လွမ်းလိုက်ကဲ့
ဆန်ဗန်းတပြာပြာ၊ အိမ်ကြမ်းတခါခါနဲ့
နွားပြာ တသသ၊ ၀ါးဖျာ တမမ၊ စားစရာ တချချ
အများတကာကို သားစာပြပါလို့
အိမ်ဝမှာ အမေကြိုရော့၊ နေညိုချိန်တိုင်း။


မောင်စွမ်းရည်
မိုးဝေမဂ္ဂဇင်း။ ဇွန်၊ ၁၉၇၉

http://nyeinnyo.blogspot.com/ မှကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့