.

တတိယလှိုင်း

၁၃၇၀ ပြည့်နှစ်။ တပေါင်းလပြည့်ကျော် (၁၁) ရက်။ စနေနေ့။

ဂါမဏိ

ရှစ်လေးလုံးလူထုအရေးတော်ပုံတုန်းက အာဏာသိမ်းပြီးနောက်တရက် စက်တင်ဘာ ၁၉ ရက်မှာ ကမာရွတ် စံရိပ်ငြိမ်မှာ စစ်ပြန်စစ်မှုထမ်းဟောင်း ၁၆ ယောက်က သေနတ် ၁၆ လက်နဲ့ အာဏာသိမ်း နဝတစစ်တပ်ကို ခြုံ ခိုတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ လူထုဘက်တော်သား စစ်သည်ဟောင်း တယောက်ပဲ နိုင်ငံနဲ့ ပြည်သူအ တွက် အသက်ပေးလှူသွားခဲ့ပြီး နဝတစစ်သား ၄-၅-၁၀ ယောက်ထက်မနည်း ကျသွားပါတယ်။ ဒီသေနတ်တွေ ဟာ ကုန်သွယ်ရေးရုံးအရေးအခင်းမှာ သိမ်းရထားတဲ့ လက်နက်တွေ ဖြစ်ပုံရပါတယ်။

တကယ်လို့သာ ဒီထက်မက လက်နက်တွေ ရန်ကုန်မြို့အနှံ့ ဖြန့်ကြက်ပြီး လူထုဘက်တော်သား စစ်သည်တွေ၊ စစ်မှုထမ်းဟောင်းတွေလက်ထဲမှာ ရှိနေရင် တနည်းအားဖြင့် ကျောင်းသားလူငယ် ပထမလှိုင်းနဲ့ ရဟန်းသံဃာ ဒုတိယလှိုင်းမာန်ဟုန်သာမက တတိယလှိုင်းမာန်ဟုန်ကိုပါ အရှိန်ပြည့်စီးနင်းလိုက်ပါဖို့ ပိုင်းဖြတ်ချက်နဲ့ ပြင်ဆင် မှုရှိခဲ့ရင် သမိုင်းဟာ ၁၉၈၈ ခုကတည်းက သစ်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံအတွင်းမှာ လူထုတိုက်ပွဲခေါင်းဆောင်တွေဟာ တပ်မတော် သားတွေ လက်နက်နဲ့တကွ လူထုဘက်ပူးပေါင်းလာဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးရဲ့ တတိယလှိုင်းဟာ အရှိန်ယူစမှာတင် အညွန့်ချိုးခံလိုက်ရပါတယ်။

လှိုင်းဆိုတာမျိုးက လေပင့်ရင် ကြီးသထက်ကြီးလာတတ်တဲ့အပြင် အထူးသဖြင့် စစ်တပ်ပုန်ကန်မှု ဆိုတာ ရေခံ မြေခံမှန်သွားတဲ့အခါမှာ snowballing effect လို့ခေါ်တဲ့ တစက်မှတမျက်နှာ ပျံ့နှံ့သွား တတ်ပါတယ်။ ဒါကြောင့် လူထုတိုက်ပွဲအတွင်းမှာ စစ်အာဏာရှင်စနစ်ကို လက်နက်နဲ့ ပြန်တိုက်တဲ့ တပ်မတော်သားတွေကို သိသာထင် ရှားတဲ့ အရေအတွက် မြင်နေရပြီဆိုရင် နောက်ထပ်တပ်မ တော်သားတွေအပေါ် ဂယက်ရိုက်ပြီး လူထုဘက်ကူး ပြောင်းရေးအတွေးအခေါ် ကူးစက်ပျံ့နှံ့သွား တာဖြစ်ပါတယ်။

အောင်မြင်တဲ့ လူထုတိုက်ပွဲတွေမှာ လှိုင်းသုံးလှိုင်း ယှဉ်တွဲရိုက်ခတ်တာ အမြဲတွေ့ရပါတယ်။ ပထမလှိုင်းဟာ အ ခြေခံရုပ်အင်အားလှိုင်းဖြစ်ပြီး ကျောင်းသားလူငယ်တွေ၊ အလုပ်သမား-လယ်သမားတွေ၊ သာမန်မြို့ပြပြည်သူ ပြည်သားတွေနဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒုတိယလှိုင်းကတော့ ပါ ဝါအပျော့ဖြစ်တဲ့ ရှေ့ဆောင်နာမ်ပိုင်း အင်အားလှိုင်း (သို့မဟုတ်) တွေးခေါ်မြော်မြင်မှု အင်အားလှိုင်းဖြစ်ပြီး ရ ဟန်းသံဃာစတဲ့ သာသနာပိုင်း၊ အဲန်ဂျီအို အပါအဝင် ပညာတတ်ပိုင်း၊ သို့မဟုတ် လွတ်လပ်တဲ့ တရားရေးပိုင်း တို့ပါဝင်ပြီး တချို့အခြေအနေတွေ မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေလည်း ပါဝင်တတ်ပါတယ်။

တတိယလှိုင်းကတော့ ပါဝါအမာလှိုင်းဖြစ်ပြီး စစ်တပ်၊ ရဲ၊ လုံထိန်း၊ သူပုန်နဲ့ စီးပွားရေးအင်အားစုတွေ ပါဝင်ပါ တယ်။ ဒီထဲမှာ အဓိကကတော့ နိုင်ငံရဲ့ ပင်မလက်နက်ကိုင်အင်အားစုပဲဖြစ်ပါတယ်။ ဒီပါဝါအမာ တတိယလှိုင်း မှာ အကြမ်းဖက်ရေး မဖက်ရေးက အဓိကမကျဘဲ လက်နက်ကိုင်ပြ ထား ဖို့ကပဲ အဓိကဖြစ်ပါတယ်။ အခြေအနေ အရ တချို့နိုင်ငံတွေမှာ အကြီးအကျယ် လက်နက် ကိုင်တိုက်ခိုက်ရတာ ရှိသလို တချို့ကတော့ သေနတ်တချက် မဖောက်ရဘဲ ရတာရှိပြီး တချို့မှာတော့ နည်းနည်းပါးပါး အကြမ်းဖက်ရတာ ရှိတတ်ပါတယ်။ အဓိက ကတော့ လူထုရဲ့နောက်ခံအဖြစ် လက်နက်ကိုင်အင်အားစုရှိနေရေးသာ ဖြစ်ပါတယ်။

ဂေါတမဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးမှာ ပထမအောင်ခြင်းဖြစ်တဲ့ လက်နက်မျိုးစုံကိုင်ထားတဲ့ လက်ရုံးတထောင်နဲ့ မာရ်နတ်နဲ့ နတ်စစ်သည်တွေအပေါ်အောင်ခြင်းဟာ မေတ္တာဓာတ်နဲ့ ဟောပြောဆုံးမ စည်းရုံးနားချပြီး အောင်မြင်တာ မဟုတ်ဘဲ ပထဝီမြေကို သက်သေပြုတဲ့အတွက် ဝသုန္တရီနတ်သမီးက စစ်ကူလာပြီး ဆံရေကိုညှစ်ချလို့ မာရ်နတ်နဲ့ သူ့တပ်ကြီး ရေထဲမျောပါ ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
ပဉ္စမအောင်ခြင်းဖြစ်တဲ့ စိဉ္ဇမာဏကို ဆုံးမ ခန်းမှာတော့ ကိုယ်ဝန်အတုပြုတ်ကျအောင် နတ်တွေက ကြွက်ယောင်ဆောင်ပြီး ဗိုက်အတုချီထားတဲ့ ကြိုးတွေ ကို ကိုက်ဖြတ်ပစ်လို့ အယောင်ဆောင်တာ ပေါ်ပြီး အနိုင်ရတာဖြစ်ပါတယ်။ သတ္တမအောင်ခြင်းမှာဆိုရင် နန္ဒောပနန္ဒနဂါးမင်းကို နှိမ်နင်းဖို့ ရှင်မောဂ္ဂလာန်ကို တာဝန်ပေးလိုက်တဲ့အခါ သူ့ထက်ကြီးတဲ့ နဂါးပုံဖန်ဆင်းပြီး ဖိညှစ် ပစ်တာ၊ ပိုကြီးတဲ့ မီးလျှံလွှတ်'ကျွေး'တာ၊ ဂဠုန်ယောင်ဆောင်ပြီး လိုက်'ဗျင်း'တာ၊ နတ်ဘီလူးကြီးယောင်ဆောင် ပြီး ခြိမ်းခြောက်တာစတဲ့ လက်ရုံးရည်အင်အားကို အထူးတလည် သုံးခဲ့ရပါတယ်။ ကျန်တဲ့အောင်ခြင်း ငါးပါးမှာပဲ မေတ္တာဓာတ် သို့မဟုတ် ဉာဏ်ပညာဆိုတဲ့ နှလုံးရည်နဲ့ သာယာညှင်းပျောင်းစွာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘုရားနဲ့စစ်ပြိုင်လို့ ရှုံးသွားတဲ့ မာရ်နတ်ဟာ နောက်နှစ်ပေါင်း ၂၀၀ အသောကမင်းလက်ထက်မှာ ရဟန္တာရှင်ဥ ပဂုတ်ကို ထပ်မံစိန်ခေါ် တိုက်ခိုက်ပြန်တဲ့အခါ မာရ်နတ်က နွားရိုင်းကြီးပုံ ဖန်ဆင်း တိုက်ခိုက်ရင် ရှင်ဥပဂုတ်က ကျားပုံဖန်ဆင်း တုံ့ပြန်၊ မာရ်နတ်က နဂါးပုံဖန်ဆင်းတိုက်ခိုက်ရင် ရှင်ဥပဂုတ်က ဂဠုန်ပုံဖန်ဆင်း ပြန်ချ၊ မာရ် နတ်က ဘီလူးကြီးပုံ ဖန်ဆင်းတဲ့အခါ ရှင်ဥပဂုတ်က နှစ်ဆပိုကြီးတဲ့ ဘီလူးကြီးပုံ ဖန်ဆင်းပြီး ဘီလူးအယောင်ဆောင် မာရ်နတ်ကို လိုက်ရိုက်၊ မာရ်နတ်က လူကြီးလူကောင်းပုံ ဖန်ဆင်းတဲ့အခါမှာတော့ လောက်တွေဖွေးနေတဲ့ ခွေးသေကောင်ပုပ်ကို လူယောင်ဆောင် မာရ်နတ်လည်ပင်းမှာ ဘယ်သူမှ ချွတ်မရအောင်ဆွဲ၊ နောက်ဆုံး မာရ်နတ်ကို တောင်ခါးပန်းမှာ ကြိုးတုပ် စသဖြင့် အကြမ်းဖက်တိုက်ပွဲဝင် နှိမ်နင်းခဲ့ရပါတယ်။

အာရှတိုက်ရဲ့ ဒီမိုကရေစီရေး လူထုတိုက်ပွဲကြီးတွေကို ဖိလိပိုင် (၁၉၈၆)၊ မြန်မာ (၁၉၈၈ နဲ့ ၂၀၀၇)၊ တိဘက် (၁၉၈၉ နဲ့ ၂၀၀၈)၊ တရုတ် (၁၉၈၉)၊ နီပေါ (၁၉၉၀ နဲ့ ၂၀၀၆)၊ ထိုင်း (၁၉၇၃ နဲ့ ၁၉၉၂)၊ တောင်ကိုးရီးယား (၁၉၈၀ နဲ့ ၁၉၈၇)၊ အင်ဒိုနီးရှား (၁၉၉၈) တို့မှာ ကြုံခဲ့ကြရပါတယ်။ ဒီထဲမှာ အောင်ပွဲရခဲ့တာတွေက ဖိလိပိုင်၊ နီပေါ (၂၀၀၆)၊ ထိုင်း၊ တောင်ကိုးရီးယား (၁၉၈၇) နဲ့ အင်ဒိုနီးရှား တို့ဖြစ်ပါတယ်။ အာရှအပြင်ဘက်မှာလည်း အရှေ့ဂျာမဏီ (၁၉၈၉)၊ ရူမေးနီးယား (၁၉၈၉)၊ ရုရှား (၁၉၉၁)၊ တောင်အာဖရိက (၁၉၉၄)၊ ဆားဘီးယား (၂၀၀၀)၊ ဂျော်ဂျီယာ (၂၀၀၃)၊ ယူကရိန်း (၂၀၀၄) တို့မှာ ဒီမိုကရေစီ တော်လှန်ရေးတွေ အောင်ပွဲခံခဲ့ကြပါတယ်။
အောင်ပွဲအားလုံး (အားလုံး) ဟာ တိုက်ရိုက်လက်နက်ကိုင်တိုက်ပွဲ သို့မဟုတ် သွယ်ဝိုက်တပ်မတော် အရှိန်သြဇာ၊ တနည်းအားဖြင့် တတိယလှိုင်းကိုစီးနိုင်လို့ အောင်ပွဲရတာတွေချည်းပဲ ဖြစ်ပါတယ်။ တတိယလှိုင်းနဲ့ကင်းကွာတဲ့ မြန်မာ၊ တိဘက်၊ တရုတ်နိုင်ငံ လူထုတိုက်ပွဲတွေကတော့ အရှုံးကိုဘဲ ပွေ့ပိုက်ခဲ့ရပါတယ်။

သမိုင်းကိုပြန်ကြည့်ရင် အိန္ဒိယနိုင်ငံမှာ အကြမ်းမဖက်ရေး အဟိံသဝါဒရဲ့ ဖခင်ကြီးဖြစ်တဲ့ မဟတ္တမဂန္ဓီကြောင့် အိန္ဒိယပြည်သူတွေ၊ ပညာတတ်တွေနဲ့ ဟိန္ဒူ-မွတ်ဆလင် ဘာသာရေး သမားတွေရဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း လုံးကြီးတွေ အရှိန်အဟုန်ကြီးကြီးနဲ့ ထကြွလှုပ်ရှားလာ ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဗြိတိသျှနယ်ချဲ့သမားက အိန္ဒိယနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေး ပေးရတာကတော့ ဆူဘတ်ချန္ဒရာဘို့စ်ရဲ့ လက်နက်ကိုင်လှုပ်ရှားမှုကြောင့် ဗြိတိသျှ ကိုလိုနီစစ်တပ် ထဲက အိန္ဒိယစစ်သားတွေကို စိတ်မချရတော့တဲ့ အခြေဆိုက်လာတာကို ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ သဘောပေါက်ခဲ့လို့ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်တုန်းက ဂျာမဏီလက်ထဲ စစ်သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရတဲ့ ဗြိတိသျှစစ်တပ်တွင်းက အိန္ဒိယအမျိုးသားတွေဟာ ဟစ်တလာနဲ့မဟာမိတ်ဖွဲ့ထားတဲ့ အိန္ဒိယလွတ်မြောက်ရေးတပ်ဖွဲ့ထဲ ထောင်နဲ့ချီဝင်ရောက်ခဲ့ကြတာကို ဗြိတိသျှတွေ တွေ့ရှိသွားခဲ့လို့ အကြီးအကျယ် အံ့သြခြောက်ခြားသွား ခဲ့ပါတယ်။ ဒီဂယက်ဟာ မြန်မာပြည်လွတ်လပ်ရေးအတွက်ပါ အကျိုးပြုသွားခဲ့ပါတယ်။

၁၉၈၆ ခု ဖိလိပိုင်လူထုတိုက်ပွဲမှာ ပထမလှိုင်းအဖြစ် ကိုရာဇန်အကွီနိုက အာဏာရှင်မားကို့စ်ကို အတိအလင်း အန်တုပြီး သောင်းချီတဲ့ လူထုကြီးက ဝိုင်းရံလို့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ တဖက်သတ်လုပ်ခဲ့ပါတယ်။ ဒုတိယလှိုင်းကတော့ ဖိလိပိုင်နိုင်ငံ ဘုရင်ဂျီသာသာနာပိုင် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ဆင်းက ကက်သလစ် အသံလွှင့်ရုံကနေပြီး ဘာသာသူတွေနဲ့ သာသနာ့ ဝန်ထမ်း ဘုရင်ဂျီရဟန်း သီလရှင်အားလုံးကို အန်တုပုန်ကန်သူတွေထံ သွားအားပေးဝန်းရံဖို့ ဆော်သြလှုံ့ဆော်ခဲ့ပါတယ်။

၁၉၈၆ ခု ဖေဖော်ဝါရီ ၂၄ ရက်မှာ ပုန်ကန်တဲ့ တပ်မတော်သားတွေက ချယ်နယ်-၄ ရုပ်သံလွှင့်ရုံကို တိုက်ခိုက် သိမ်းပိုက်ပြီး ဖိလိပိုင်အာဏာရှင်မားကို့စ်ရဲ့ ကြေညာချက်တွေ မထုတ်လွှင့်နိုင်အောင် အောင်မြင်စွာပိတ်ဆို့နိုင်ခဲ့ပါတယ်။ ပုန်ကန်တဲ့ တပ်မတော်သားတွေနဲ့ ပြည်သူလူထုကို တိုက်ခိုက် ချေမှုန်းဖို့ အာဏာရှင်မားကို့စ် လွှတ်လိုက်တဲ့ လေတပ်ရဟတ်ယာဉ်တွေဟာ ပုန်ကန်သူတွေနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ဘက်တော်သား စစ်ရဟတ်ယာဉ်တွေက ဗီလာမော်လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ပြီး မားကို့စ်ဘက်သား စစ်ရဟတ် ယာဉ်တွေနဲ့စစ်ကားတွေကို ဖျက်ဆီးပစ်ခဲ့ သလို မားကို့စ်နေတဲ့ မာလာကာနန်နန်းတော်ကိုလည်း ပြည်သူ့ဘက်တော်သား စစ်ရဟတ်ယာဉ် တစီးက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒီညနေမှာပဲ ဖိလိပိုင်စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ်အများစုဟာ ကာကွယ်ရေးဝန်ကြီး အွန်ရင်လီ၊ ဒုဦးစီးချုပ် ဗိုလ်ချုပ်ရားမို့စ်တို့ရှိရာ ပြည်သူလူထု ဘက်ကူးပြောင်းခဲ့ကြပါတယ်။ နောက်တရက်မှာ မားကို့စ်သစ္စာခံတပ်တွေ နေရာယူပစ်ခတ်နေတဲ့ ချယ်နယ်-၉ ရုပ်သံလွှင့်ရုံကို သူပုန်တပ်မတော်သား တွေက တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တယ်။ မကြာခင်မှာပဲ နောက်ထပ် ရုပ်သံလွှင့်ရုံတွေကိုပါ ပြည်သူ့ဘက်တော်သား စစ်တပ်တွေနဲ့ ပြည်သူတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၉၉၈ ခု အင်ဒိုနီးရှားနိုင်ငံလူထုတိုက်ပွဲမှာ အာဏာရှင်ဆူဟာတိုသစ္စာခံတပ်မတော်က လူမျိုးရေး အဓိကရုဏ်း တွေဖြစ်အောင် အသေအချာစီစဉ်လှုံ့ဆော်ပေးခဲ့ပေမယ့် သမ္မတဆူဟာတို ပြည်ပရောက် နေချိန် လက်အောက်ခံဗိုလ်ချုပ်အချင်းချင်း အဝေမတည့် စားခွက်လုရာက ဒီမိုကရေစီတိုက်ပွဲဝင် လူထုပထမလှိုင်းနဲ့ ဗိုလ်ချုပ်ဝီရန်တို တတိယလှိုင်း မရှောင်မလွဲသာ ပေါင်းစည်းမိသွားတာဖြစ်ပါတယ်။
ဆူဟာတို့သားမက် ဗိုလ်ချုပ် စီစဉ်ဖန်တီးတဲ့ လူထုနှိမ်နင်းဖြိုခွဲရေး အကြမ်းဖက်မှုတွေဟာ တခြား ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားတွေကို သွားထိခိုက်သွားစေတဲ့အတွက် တခြားဗိုလ်ချုပ်တွေဟာ လူထုနဲ့ ပေါင်းသွားပြီး အင်ဒိုနီးရှားမှာ ဒီမိုကရေစီအောင်ပွဲခံသွားတာဖြစ်ပါ တယ်။ ထိုင်းနိုင်ငံမှာလည်း ၁၉၇၃ ခုနဲ့ ၁၉၉၂ ခုတို့မှာ အဲသလို အခြေအနေမျိုးနဲ့ကြုံပြီး ဒီမိုကရေစီထွန်းပေါ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခု မေလမှာ နီပေါဘုရင်က စစ်အုပ်ချုပ်ရေးကြေညာ၊ အာဏာကုန်ယူလိုက်တဲ့အခါ အတိုက်အခံ နိုင်ငံရေးပါတီ ၇ ပါတီက မဟာမိတ်အဖွဲ့ဖွဲ့ပြီး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီ ၇ ပါတီဟာ ပါလီမန် လွှတ်တော်ထဲမှာ အမတ်နေရာ ၉၀ ရာခိုင်နှုန်းရထားတဲ့ ပါတီတွေဖြစ်ပါတယ်။ ၇ ပါတီမဟာမိတ် အဖွဲ့က မော်ဝါဒီ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့နဲ့ ဒီဇင်ဘာလမှာ ၁၂ ချက် နားလည်မှုစာချုပ် ချုပ်နိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ လူထုတိုက်ပွဲနဲ့လက် နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီပေါင်းစပ်နိုင်ခဲ့ပါတယ်။ ၂၀၀၆ ဧပြီ အထွေထွေသပိတ်ကြီးဖြစ်တဲ့အခါ မော်ဝါဒီ သူ ပုန်တပ်တွေက ၇ ပါတီ မဟာမိတ်အဖွဲ့နဲ့ ညှိနှိုင်းနားလည်မှုအရ အပစ်အခတ်ရပ်စဲပေးထားပြီး မြို့တော်ပတ်လည်မှာ အစိုးရတပ်တွေ မြို့တော်ကို ချီတက်ပြီး လူထုကို မနှိမ်နင်းနိုင်အောင် လမ်းတွေပိတ်ဆို့ခြိမ်းခြောက်ထားတာပဲ လုပ်ခဲ့ပါတယ်။
မော်ဝါဒီတော်လှန်ရေးတပ်တွေရဲ့ စစ်ရေးထိုးစစ်တွေကြောင့် အထိနာ စစ်ပန်းနေရုံမက မော်ဝါဒီ တွေနဲ့အတူ အတိုက်အခံပါတီအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးကပါ ဘုရင်ကို တခဲနက် တညီ တညွတ်တည်း ဆန့်ကျင်နေတာ မျက်ဝါးထင်ထင် တွေ့နေရတဲ့အတွက် နီပေါဘုရင့်တပ်မတော် ဟာလည်း ဘုရင်ကို တက်တက်ကြွကြွထောက်ခံဖို့ စိတ်မပါတော့ပါဘူး။
နီပေါတော်လှန်ရေးမှာ ထူးခြားတာက နီပေါနိုင်ငံရဲ့နယ်နိမိတ်ချင်းစပ် အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ နီပေါဘုရင်ကို ထောက်ခံခဲ့တာပဲ ဖြစ်ပါတယ်။ နီပေါစစ်တပ်အတွက် လက်နက် ခဲယမ်းကအစ ထောက်ပံ့ကူညီပေးပြီး နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ) ကို ဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲကနေ နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ)နဲ့ ပြည်သူတွေက ဘုရင်ကို ဖြုတ်ချပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရစ်ယာန်သမ္မာကျမ်းစာထဲက ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ အခန်းငယ် ၁၂ မှ ၁၄၊ ရှင်မာကု ခရစ်ဝင် အခန်းကြီး ၁၁ အခန်းငယ် ၁၅ မှ ၁၇၊ ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ အခန်းငယ် ၄၅ မှ ၄၆ တို့မှာ အခုလိုဆို ထားပါတယ်။ "ဂျေရုဆလင်မြို့သို့ ရောက်ကြသောအခါ ယေရှုသည် ဘုရားသခင် ၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူအပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာများကို၎င်း၊ တွန်းလှဲ တော်မူလျက်၊-ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည့်အကြောင်း မြစ်တားတော်မူလျက်၊- ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ္တ့ဟု ကျမ်းစာ ၌လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီတကားဟု ဆုံးမသြဝါဒ ပေးတော်မူ၏။-"
ခရစ်ယာန်ဓမ္မဟောင်းကျမ်းမှာဆိုရင် ထာဝရဘုရားသခင်က မိစ္ဆာဒိဋ္ဌိတွေ၊ အပြစ်သားတွေကို လောင်မီးလက်နက် (သောဒုံနဲ့ ဂိုမိုးရ)၊ ရေလွှမ်းမိုးဘေး (နောဧ) စသည်ဖြင့် အစုလိုက် အပြုံလိုက် အကြမ်းဖက်သုတ်သင်ပစ်တဲ့ သာဓကတွေ ပိုလို့တောင် အများကြီးရှိခဲ့ပါတယ်။

၂၀၀၀ ခု ဆားဘီးယားတော်လှန်ရေးမှာ အော့ပ်တော်လို့ခေါ်တဲ့ ကျောင်းသားလူငယ်လှုပ်ရှားမှု ပထမလှိုင်းကို အတိုက်အခံ ၁၈ ပါတီညွန့်ပေါင်းဖြစ်တဲ့ ဆားဘီးယားပြည် ဒီမိုကရက်တစ် အတိုက် အခံအဖွဲ့ ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။ မေ ၅ ရက် နေ့လည် ပါလီမန်ဘေးမှာ ဆန္ဒပြလူထုကြီးနဲ့ လုံထိန်းတွေဟာ ဒုတ်တွေ ခဲတွေ မျက်ရည်ယိုဗုံးတွေနဲ့ အပြန်အလှန် တိုက်ခိုက်ကြပါတယ်။ ညနေပိုင်းရောက်တော့ လူထုကြီးက ပါလီမန်ကို အ တင်းဝင်စီးနင်းတဲ့အခါ လုံခြုံရေးယူနေတဲ့ လုံထိန်းရဲတချို့ဟာ လက်နက်နဲ့တကွ လူထုကြီးနဲ့ ပူးပေါင်းလိုက်ပါတယ်။ တချို့ရဲတွေလည်း ထွက်ပြေးသွားပါတယ်။ ပါလီမန်လွှတ်တော်ကို မီးရှို့ပစ်လို့ တခြမ်းလောက်လောင် သွားပါတယ်။ အဲဒါပြီးတော့ လူထုကြီးဟာ သမ္မတ မီလိုဆီဗစ် တပြည်လုံးသို့ အဓိကဝါဒဖြန့်ချိဆက်သွယ်ရာ အာဏာ ရှင်စနစ်ရဲ့ အဓိကပြယုဂ်ဖြစ်တဲ့ ဆားဘီးယားရေဒီယိုနဲ့ ရုပ်သံလွှင့်ရုံကို သွားဝိုင်းခဲ့ပါတယ်။
ဘူဒိုဇာ မောင်းသမား လျူဘိုဆက်ဗ်ဂျိုးကစ်က သူ့ဘူဒိုဇာကိုမောင်းပြီး ဆားဘီးယား ရေဒီယိုနဲ့ ရုပ်သံလွှင့်ရုံကို အကြမ်းဖက်ဝင်တိုက် ဂိတ်တံခါးတွေ နံရံတွေ ဖြိုချခဲ့ရာကနေ အသံလွှင့်ရုံလုံခြုံရေး လုံထိန်းတွေကတဖက် ပြည်သူ့ ဘက်တော်သားလုံထိန်းတွေ အပါအဝင် လူထုကြီးကတဖက် အပြန် အလှန်ပစ်ခတ် တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး နောက် သိပ်မကြာခင်မှာပဲ အသံလွှင့်ရုံတခုလုံးကို လူထုကြီးက စီးမိသွားခဲ့ပါတယ်။
အသံလွှင့်ရုံကိုလည်း မီးတင်ရှို့လိုက်လို့ မီလိုဆီဗစ်ရဲ့ ရုပ်သံလွှင့်အစီအစဉ်တွေ ရပ်ဆိုင်းသွားပါတယ်။ (မကြာခင်မှာပဲ ပြည်သူလူထု ဘက်က ရုပ်သံလွှင့်အစီအစဉ်တွေကို စတင်ထုတ်လွှင့်နိုင်ခဲ့တယ်။) ဂျိုးကစ်ကို အသံလွှင့်ရုံထဲက မီလိုဆီဗစ်ရဲ့ လုံခြုံရေးတပ်တွေက သေနတ်တွေနဲ့ ဝိုင်းပစ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ တချက်မှမထိခဲ့ပါ။ ဆားဘီး ယားတော်လှန်ရေးဟာလည်း ဘူဒိုဇာ တော်လှန်ရေးလို့ နာမည်တွင်သွားခဲ့ပါတယ်။

ဖက်ဆစ်အာဏာရှင် မီလိုဆီဗစ်လက်အောက်မှာ ဘော့စနီးယား-ဟာဇီဂိုဗီးနား၊ ခရိုအေးရှားနဲ့ ကိုဆိုဗိုမှာ အဓိပ္ပာယ်မရှိတဲ့ လူမျိုးကြီးဝါဒနယ်ချဲ့စစ်ပွဲတွေ တိုက်ခဲ့ရပြီး လက်နက်ကိုင် ဘော့စနီးယားနဲ့ ခရိုအေးရှား ပြည်သူတွေ၊ လက်နက်ကိုင် ကိုဆိုဗိုပြည်သူတွေနဲ့တကွ နေတိုးတပ်တွေရဲ့ အပြင်းအထန် လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို မရှုမလှခံခဲ့ရ၊ အော့နှလုံးနာစရာကောင်းလှတဲ့ လူမျိုးတုံးသတ်ပွဲတွေကို ကျူးလွန်ခဲ့ရလို့ စစ်ပန်းပြီး ဂုဏ်သိက္ခာကျနေရတဲ့ ဆားဘီးယားစစ်တပ်ကလည်း ဒီလူထုအုံကြွမှုမှာ မီလိုဆီဗစ်ခိုင်းသမျှကို မလုပ်တော့ဘဲ လက်ရှောင်ခဲ့ပါတယ်။
စစ်တပ်ကို စည်းရုံးနိုင်ခဲ့လို့ စစ်တပ်ထိပ်သီးတချို့က ဆန္ဒပြလူထုကို ပစ်မှာမဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလိုနဲ့ လက်နက်ကိုင်တပ်နဲ့ လက်နက်ကိုင်လှုပ်ရှားမှုဆိုတဲ့ တတိယလှိုင်းက ပွဲသိမ်းပေးသွားတာဖြစ်ပါတယ်။

၂၀၀၃ နိုဝင်ဘာလ ဂျော်ဂျီယာနိုင်ငံရဲ့ နှင်းဆီတော်လှန်ရေးမှာ ပထမလှိုင်းခေါင်းဆောင် ဆာကာ့ရှ် ဗီလီ ဦးစီးတဲ့ ပြည်သူလူထုတွေဟာ ပါလီမန်လွှတ်တော်ကို အတင်းဝင်စီးတဲ့အခါ ဂျော်ဂျီယာအာဏာ ရှင် ရှဗာ့ဒ်နာဇေက အရေးပေါ်အခြေအနေ ကြေညာ၊ စစ်တပ်နဲ့ လုံထိန်းတွေ ဆင့်ခေါ်ပြီး အင်အားသုံး ရှင်းလင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အတိုက်အခံတွေနဲ့ ဂျော့ဆိုးရော့စ်ရဲ့ အဲန်ဂျီအိုတွေ ဒေါ်လာ ၄၂ သန်းအကုန်ခံ ထိုးဖောက် စည်းရုံးထားတဲ့ ဂျော်ဂျီယာတပ်မတော်က အမိန့်နာခံဖို့ ငြင်းဆန်ခဲ့တဲ့အတွက် တတိယလှိုင်းသြဇာအောက်မှာ သမ္မတရှဗာ့ဒ်နာဇေ အာဏာ စွန့်ခဲ့ ရပါတော့တယ်။

၂၀၀၄ ခု ယူကရိန်း လိမ္မော်ရောင်တော်လှန်ရေးမှာ အာဏာရှင်ကို အန်တုတဲ့ သမ္မတလောင်း ယူရှင်ကိုရဲ့ ရွေး ကောက်ပွဲယှဉ်ပြိုင်မှုနဲ့ ပြည်သူလူထုအုံကြွမှုပထမလှိုင်းကို တရားရုံးချုပ်ရဲ့ မဲလိမ်မှုစီရင်ချက် ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။ ဒီလိမ္မော်ရောင်တော်လှန်ရေးမှာ တတိယလှိုင်းအဖြစ် (ယခင် ကေဂျီဘီထောက်လှမ်းရေး) ယခု ယူကရိန်းလုံခြုံရေးရာဌာနကနေ အတိုက်အခံတွေနဲ့ ပြည်သူလူထုဆီကို အရေးကြီး သတင်းအချက်အလက်တွေ၊ မဲမသမာမှု နဲ့ပတ်သက်တဲ့ အတိအကျအချက်အလက်တွေ ပေးခဲ့သလို ဒီ (အက်စ်ဘီယူ) ယူကရိန်း ထောက်လှမ်းရေးဌာနကြီးမှူး ဗိုလ်ချုပ်စမက်ရှ်ကို၊ ဂျီအာရ်ယူ တပ်မတော်ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ် အလက်ဇန်းဒါးဂါလာကာ၊ တပ်မတော် တန်ပြန်ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ်ရိုမန်ရှင်ကိုတို့က လူထုကိုနှိမ်နင်းဖို့ အမိန့်ပေးခံရတဲ့ လုံထိန်းတပ်တွေကို နောက်ပြန်ဆုတ်အောင် တင်းတင်းမာမာ ပြတ်ပြတ်သားသား သတိပေးတားမြစ်ခဲ့ကြလို့ လူထုတိုက်ပွဲ ဖြိုခွဲမခံရဘဲ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ဒီဗိုလ်ချုပ်တွေဟာ ရာဇဝတ်မှုနဲ့ ထောင်ကျဖူးတဲ့ ဂျလေဘီ ဖိုးတွမ်တီးဟောင်း ယာနူကိုဗစ်ခ်ျ သမ္မတဖြစ်လာရင် သူ့အမိန့်နာခံလုပ်ကိုင်ရမှာကို မလိုလားကြတဲ့အတွက်လည်း အတိုက်အခံ သမ္မတလောင်း ယူရှင်ကိုဘက် ထောက်ခံကြတာဖြစ်ပါတယ်။

ကျနော်တို့မြန်မာနိုင်ငံမှာ ၁၉၈၈ တုန်းက ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုတွေရဲ့ ပထမလှိုင်း ထကြွခဲ့ပါတယ်။ ၁၉၉၀ မှာ နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲအောင်ပွဲနဲ့ သံဃာတော်တွေ ကံဆောင်ပွဲ ဒုတိယလှိုင်း စကြွခဲ့ပြီး ၂၀၀၇ စက်တင်ဘာမှာတော့ သံဃာတွေရဲ့ ဒုတိယလှိုင်းဟာ တနိုင်ငံလုံးသာမက တကမ္ဘာလုံး တုန်ခါသွားအောင် အရှိန်အဟုန်ကြီးမားစွာနဲ့ရိုက်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီတော်လှန်ရေးရဲ့ ပွဲသိမ်းလှိုင်းဖြစ်တဲ့ လက်နက်ကိုင်စစ်တပ် အရှိန်သြဇာ မပါဝင်သေးလို့ အောင်ပွဲမရခဲ့ကြပါဘူး။

နောက် မလွဲမသွေလာရမယ့် တတိယလှိုင်းအတွက် တဖက်မှာ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ အရှိန်အဟုန်ကို ကြီးထွားပြင်းထန်အောင်လုပ်ရင်း နောက်တဖက်မှာ မြန်မာ့တပ်မတော်ကို စီမံကိန်းရှိရှိ နားလည်မှုရှိရှိ ထိုးဖောက်သိမ်းသွင်းဖို့ အကြီးအကျယ် လိုအပ်ပါတယ်။ ဒီ တတိယလှိုင်းမထသရွေ့ မြန်မာနိုင်ငံမှာ ဘယ်တော့ မှ ဒီမိုကရေစီအပြောင်းအလဲ ဖြစ်မှာမဟုတ်ပါ။

ဂါမဏိ

(ကွယ်လွန်သူ ရဲဘော်မြင့်အောင် (ခေါ်) ဂုရု ABSDF ၏ 'တတိယလူထုလှိုင်းဆီသို့ ...' စာတမ်း၊ ဆရာလူထုစိန်ဝင်း၏ ဆောင်းပါးနှင့် Mandela ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတို့ကို ထပ်ဆင့်ခံစားခြင်း ဖြစ်ပါသည်။)

ဒေါက်တာလွဏ်းဆွေမှ ကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့