ဗိတိသျှကိုလိုနီစနစ် အုပ်ချုပ်မှုအောက်မှာရှိစဉ်က ခလောက်နို့မှာ သူကြီးဟောင်း နှစ်စေ့လို့ သူကြီးရွေးပွဲလုပ်တယ်။ သူကြီးအရွေးခံသူ နှစ်ယောက်ဖြစ်နေလို့ ရွေးကောက်ပွဲ လုပ်ပေးရတာ ဖြစ်တယ်။ အုန်းတပင် ဘုန်းကြီးကျောင်း ဇရပ်ကြီးထဲမှာ ရွေးကောက်ပွဲလုပ်တဲ့နေ့က သက်ဆိုင်ရာ မြို့အုပ်နဲ့ အရာရှိတွေလည်း လာတယ်။ သူကြီးတပိုင် အတွင်းက လူတွေလည်း တအိမ် တယောက် လာကြတယ်။
သူကြီးဆိုတာ ရွာသူရွာသားတွေအပေါ် ကောင်းကျိုး ဆိုးကျိုးပေး တဲ့လူပဲ။ သူကြီးရွေးမှားရင် ရပ်သူရွာသားတွေပဲ ခံကြရမယ် ဆိုတာကို သိကြလို့ မဲဆန္ဒပေးရ အောင် အိမ်တိုင်းလာကြတယ်။ လာတဲ့လူတွေက များတော့ ဇရပ်ကြီးမဆံ့လို့ ဇရပ်ဘေးက အရိပ်ကောင်းကောင်း သစ်ပင်ကြီးတွေအောက်မှာ ဟိုတစု ဒီတစုနဲ့ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကို စောင့်နေကြတယ်။ ယှဉ်ပြိုင်အရွေးခံကြမှာက လက်ရှိသူကြီးဟောင်း ဦးစိန်ကြယ်နဲ့ ထိုးကွင်းဆရာ ဦးပန်းကျော်အေး ဖြစ်တယ်။ ဒီနှစ်ယောက်မှာ လက်ရှိသူကြီးဟောင်း ဦးစိန်ကြယ်က အသိုင်းအဝိုင်းလည်း ကောင်းတယ်။ မကင်းရာမကင်းကြောင်း လူတွေလည်းများတယ်။ ဥစ္စာပစ္စည်းလည်း အသင့်အတင့်ရှိတယ်။ သြဇာတိက္ကမလည်းရှိတုန်းပဲ၊ လူကလည်း တော်တည့်မှန်ကန်တဲ့လူ ဖြစ်တယ်။
ဦးပန်းကျော်အေးကလည်း ကလေးတွေကို ထိုးကွင်းထိုးပေးတဲ့ ထိုးကွင်းဆရာဖြစ်လို့ လူတိုင်းကပဲ သူ့ကို ဆရာလို့ ရိုရိုသေသေ အခေါ်ခံနေရသူ ဖြစ်တယ်။ သူ့လက်ရာနဲ့ မကင်းတဲ့လူတွေ ဒီနယ်မှာ လူရွယ်ပိုင်းက အများကြီးရှိတယ်။ ဆင်းတော့ဆင်းရဲရှာတယ်။ ရိုးတာကတော့ ပါးစပ်ထဲ လက်ထိုးထည့်တာတောင် ကိုက်တတ်တဲ့လူစား မဟုတ်ဘူး။ သူကြီးဟောင်းကလည်း သူကြီးအလုပ်ကို လက်မလွှတ်ချင်ဘူး။ ဒီအလုပ်ကို သာယာနေ တယ်။ မင်းတွေစိုးတွေ မော်တော်ကားကြီးနဲ့ သူ့အိမ်ကို ရောက်လာတာမျိုးကို အင်မတန် ပီတိ ဖြစ်တယ်၊ ဂုဏ်ယူတယ်။ တောရွာမှာ ဒီလိုဂုဏ်ရှိတာမျိုးကို ယှဉ်ပြိုင်အရွေးခံတဲ့ ထိုးကွင်းဆရာ ဦးပန်းကျော်အေးကလည်း ရိုးပေမယ့် လိုချင်တယ်။
အချိန်ကျလို့ ရွေးကောက်ပွဲ ကျင်းပတော့မယ့်အခါကျတော့ တာဝန်ရှိတဲ့ မြို့အုပ်မင်းကပဲ "မဲတွေ ဘာတွေ လုပ်မနေကြပါနဲ့ အများသဘောကျတဲ့ လူကိုပဲ ဗြောင်ပဲပြောပြီး ရွေးကြပါ၊ ဒါမှ အချိန်မကုန်ဘဲ လူတွေပြန်ရ သွားရ လွယ်ကူကြမယ်၊ သူကြီးတပိုင်ဆိုပေမယ့် ရှစ်မိုင်ကိုးမိုင်က လာကြတာလည်းရှိတယ်၊ လူတွေပြန်ဖို့ရာလည်း အရေးကြီးပါတယ်" လို့ ထပြီးရှင်းပြတယ်။
ဒီလို ရှင်းပြလိုက်တော့ သူကြီးဟောင်းရဲ့ လူတယောက်က "ကျွန်တော် သူကြီးဟောင်းကိုပဲ ကြိုက်ပါတယ်" လို့ လူပုံအလယ်က ထပြီးပြောတယ်။
အဲဒီလို လူတယောက်က ဈေးဦးဖောက်လိုက်တာနဲ့ ဟိုကတယောက် ဒီကယောက်နဲ့ သူကြီးဟောင်းကို ထောက်ခံကြတယ်။ နောက်ဆုံး လူတိုင်းလူတိုင်းပဲ သူကြီးဟောင်းကို ထောက်ခံပြီးသား ဖြစ်သွားတယ်။
ဒီတင် ဇရပ်တိုင်ကိုမှီပြီး ကွမ်းဝါးနေတဲ့ ဦးသန်းကြူဆိုတဲ့လူက ထပြီး "ကျွန်တော်က ဦးပန်း ကျော်အေးကို သဘောကျပါတယ်" လို့ ထိုးကွင်းဆရာကို ထောက်ခံလိုက်တယ်။
ဒါပေမယ့် သူ့နောက်လိုက်ပြီး ဆက်ထောက်ခံမယ့်သူ တယောက်မှ မရှိဘူး။ ထိုးကွင်းဆရာ ဦးပန်းကျော်အေးကို သူတယောက်တည်း သဘောကျတာဖြစ်လို့ မြို့အုပ်က သူကြီးဟောင်း ကိုပဲ သူကြီးအဖြစ်ခန့်ပြီး ပြန်သွားတယ်။ ပရိသတ်လည်း အသီးသီး ပြန်ကုန်ကြတယ်။
ဦးသန်းကြူ အိမ်ပြန်ရောက်တဲ့ အခါကျတော့ ကြိုတင်သတင်းရထားတဲ့ သူ့မယားက "ရှင့်နှယ်တော် ရန်များအောင် အလကား ဦးပန်းကျော်အေးကို သွားထောက်ခံတယ်၊ အစကတည်းက မနိုင်မှန်းလည်း သိသားနဲ့" လို့ အပြစ်တင်တယ်။
ဒီတော့ ဦးသန်းကြူက "ရှင်မရာ သူ့ခမျာ သနားစရာ၊ ဘယ်သူမှ ထောက်ခံမယ့်သူ မရှိလို့ ငုတ်တုတ်ကလေး ထိုင်နေတာ၊ မနိုင်မှန်းတော့ ငါ အသိသားပဲ၊ မြင်ရတွေ့ရတာ စိတ်မချမ်းသာ လွန်းလို့ ငါထောက်ခံလိုက်တာပဲ" လို့ ပြန်ရှင်းပြလိုက် ပါသတဲ့။
ခလောက်နို့မှာ လူဆန်းတွေရှိတယ် ဆိုပေမယ့်၊ ဒီလိုရိုးတဲ့ လူလည်းရှိပါသေးတယ်။
(လူထုဦးလှ
အရှေ့ပိုင်းကရင်၊ ခလောက်နို့ပုံပြင်များ ဒုတိယတွဲ မှ)
မာယာမှ ကူးယူဖေါ်ပြသည်။
ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်
Print this post
0 comments:
Post a Comment