တစတစနဲ့ ကျနော်တို့လဲ မြန်မာပြည်မှာ ၁၉၈၈ ကတည်းက အကြမ်းဖက် အင်အားသုံးပြီး အာဏာယူထားတဲ့ (“အာဏာဆုပ်ကိုင်ထားတဲ့”လို့ သုံးရင် ပိုမှန်မယ်) စစ်ဗိုလ်ချုပ်တွေရဲ့ သဘာဝလွန် စိတ်တွေ အမူအကျင့်တွေနဲ့ ယဉ်ပါးလာပါပြီ။ သူတို့ဟာ အင်မတန့်ကို မှတ်မိ ခန့်မှန်းရလွယ်တဲ့အတွက် ကျနော်ဆို အတုအယောင်မှန်း လူမသိစေဘဲနဲ့ သူတို့ထဲကတယောက် ဂိုက်ဖမ်းပြီး ဟန်ဆောင်နိုင်တယ်။ အင်အားပြင်း သဘာဝဘေးဆိုးကြီး ပြီးကာစ မှာ လုပ်ခဲ့တဲ့ လိမ်ဆင်ဆန္ဒခံယူပွဲဟာ ထင်ရှားတဲ့ ဥပမာတခုပဲ။ နိုင်ငံခြားက အထူးသဖြင့် အနောက်တိုင်းက လူသားချင်းစာနာမှု ကယ်ဆယ်ရေး အကူအညီတွေကို သူတို့ နှောင့်နှေးနေတာမျိုးပေါ့။
အမှန်တော့ သူတို့ဟာ နိုင်ငံတကာ အကူအညီတွေကို တိုးမြှင့်လက်ခံရေးကို တဖြည်းဖြည်းနဲ့ လိုက်လျောလာပြီ။ ဒီလိုမှ မလုပ်ရင် အနည်းဆုံး သူတို့ သိပ်ကြောက်တဲ့ ကိစ္စဖြစ်တဲ့ နိုင်ငံခြားက ခြွင်းချက်မရှိ တဖက်သတ် (လူသားချင်း စာနာမှုအရ ဒါမှမဟုတ် စစ်ရေးအရ) ၀င်ရောက်စွက်ဖက်မှုကို ခံရတော့မယ်လေ။ သူတို့ စကားတွေ (ကတိတွေ)ဟာ တခါတလေ လက်တွေ့နဲ့ မကိုက်တတ်ဘူး။
ဥပမာ နိုင်ငံခြား ကယ်ဆယ်ရေးသမားတွေကို ဗီဇာ အကန့်အသတ်နဲ့ပဲ ထုတ်ပေးတာမျိုးပေါ့။ သူတို့ဟာ ဆက်ဟန်ဆောင် စခန်းသွားနေပြီး ပြည်တွင်း မီဒီယာတွေကတဆင့် အလိမ်အညာတွေနဲ့ တ၀က်တပျက် အမှန်တရားတွေ ဖြန့်ချိပေးနေတယ်။ မြန်မာနိုင်ငံသားတွေဟာ သူတို့ သားကောင် ဖြစ်ရပေမယ့် သူတို့ကတော့ သူတို့ကိုယ်သူတို့ပဲ ဂရုစိုက်ကြပါတယ်။ အရေးကြီး ကယ်ဆယ်ရေး ပစ္စည်း အများစုကို ဖြန့်ဝေရာမှာ အချိန်ဆွဲခြင်းနဲ့ နှောင့်နှေးကြန့်ကြာခြင်းဆိုတဲ့ သူတို့ရဲ့ တင်းကျပ်တဲ့ မူဝါဒအောက်မှာ သားကောင်ဖြစ်ရသူတွေ အရေအတွက်ဟာ ဆိုက်ကလုံးမုန်တိုင်းဒဏ် ခံလိုက်ရသူတွေထက် အဆများစွာ ပိုနိုင်ပါတယ်။
မိုးလေ၀သ ခန့်မှန်းချက်
မုန်တိုင်း ခန့်မှန်းချက်ကို အိန္ဒိယက မြန်မာ အဖွဲ့အစည်းတွေနဲ့ အစိုးရဆီ မုန်တိုင်း မဖြစ်ခင် တရက်ကြို ဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ အင်တာနက် သတင်းတွေက ဆိုပါတယ်။ ဒီခန့်မှန်းချက်ဟာ (ဧပြီ လကုန်လောက်က) မြန်မာ့အလင်း သတင်းစာ မိုးလေ၀သ ခန့်မှန်းချက်မှာ ပါခဲ့ပါတယ်။ ဒါပေမယ့် နှိုးဆော်တဲ့ လေသံနဲ့ မဟုတ်သလို သတိပေးခြင်းလဲ မရှိပါဘူး။
စစ်အစိုးရဟာ အရမ်းကို နောက်ကျသွားတဲ့အထိ ဘာမှ မလုပ်ထားခဲ့ဘူး။ ကျနော် စောစောက ဆန်းစစ်ခဲ့သလို စစ်အစိုးရဟာ သူ့ပြည်သူတွေကို လုံးဝ ဂရုမစိုက်ပါဘူး။ သူတို့က ပြည်သူဆိုတာ လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးဖို့ အကျပ်ကိုင်လို့ရတဲ့ ကျေးကျွန်တွေလိုသာ သဘောထားတာပါ။ သူတို့က သူတို့နေရာ ပိုခိုင်မာစေဖို့ လူထုဆန္ဒခံယူပွဲကို သူတို့အတွက် အများကြီး ပိုအရေးကြီးတယ်လို့ ထင်ကြတယ်။
တချိန်တည်းမှာပဲ မြန်မာ့အလင်း သတင်းစာဟာ စစ်နတ်ဘုရားတွေက မုန်တိုင်းဒုက္ခသည်တွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ပေးဝေပြီး အားပေးတဲ့အကြောင်း ဆောင်းပါးတွေနဲ့ ပြည့်နှက်နေတယ်။ သူတို့သာ တပါးတည်းသော ကယ်တင်ရှင်တွေ ဖြစ်လေဟန်ပေါ့။ မုန်တိုင်းရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေ ဖြစ်တဲ့ ဒုက္ခသည်တွေအကြောင်းနဲ့ စစ်ဗိုလ်ချုပ်တွေဆီက လွဲရင် တခြားသူတွေဆီက ကယ်ဆယ်ရေး အကူအညီတွေ အကြောင်းကိုတော့ ဖော်ပြခဲပါတယ်။
သူတို့ရဲ့ ပုံပြင်တွေဟာ စစ်အစိုးရရဲ့ “မွန်မြတ်သော လုပ်ရပ်များ”ကို ဖော်ညွှန်းပြီး အကူအညီတွေ မရသေးတဲ့ နေရာတွေက ဖြစ်ရပ်ပေါင်း များစွာကို လျစ်လျူရှုထားပါတယ်။ စစ်အစိုးရဟာ ခုထိတောင် အကူအညီပေးဖို့ ကမ်းလှမ်းနေတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ အများစုကို ကာဆီးထားဆဲပါ။ မြန်မာ့အလင်း သတင်းစာဟာ အစပိုင်းက ထိုင်းလို အိမ်နီးချင်း အာရှနိုင်ငံတွေက ကယ်ဆယ်ရေး အကူအညီတွေအကြောင်းကိုသာ ဖော်ပြခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီထက်ပိုများတဲ့ အနောက်နိုင်ငံတွေကလဲ ကယ်ဆယ်ရေး အကူအညီတွေနဲ့ အသင့်စောင့်နေတာပါ။
မုန်တိုင်း
လူထုဆန္ဒခံယူပွဲကာလတ၀ိုက် နိုင်ငံရေး တင်းမာမှုတွေရဲ့ အလယ်မှာ မြန်မာပြည်သူတွေဟာ မုန်တိုင်းစာ မိရပြန်ပါတယ်။ အာဏာရှင်တွေဆီက ခြိမ်းခြောက်မှုတွေ ခံရပြီးတဲ့အပြင် သူတို့ဟာ သူတို့ အသက်တွေ၊ သူတို့မိသားစုတွေ၊ သူတို့အိမ်တွေ၊ သူတို့မြေတွေ၊ သူတို့ ပိုင်ဆိုင်သမျှတွေ၊ သူတို့ဝင်ငွေတွေ၊ အစားအစာနဲ့ ရေလို သူတို့ရဲ့ အခြေခံ လိုအပ်ချက်တွေ ဆုံးရှုံးပျက်သုဉ်းခဲ့ရပါတယ်။ သူတို့ ဒီလို ဖြစ်ထိုက်ပါသလား။ ဒါကို ကျနော် အောက်မှာ ဆွေးနွေးပါ့မယ်။ နဂိုကတည်းက ဆင်းရဲနွမ်းပါးပြီးသား ဖိနှိပ်ခံ လူထုဟာ ခုလို နှစ်ဖက်ညှပ် ထိုးနှက်ခံလိုက်ရတာ မတရားမှု တခုလို့ ခံစားရတယ်။ သတင်းကြားလိုက်ရတဲ့ အချိန်မှာ ကျနော် အရှိုက်ထိုးခံလိုက်ရတယ်။ ဒါပေမယ့် ဒုက္ခသည်တိုင်းက ကျနော့်ထက် အဆတထောင် ပိုပြီး အထိနာပြီးသားပါ။
လူတဦးချင်းအတွက် ဦးစားပေး အကျိုးစီးပွားဟာ ဘာဖြစ်နိုင်မလဲ။ ဆန္ဒခံယူပွဲမှာ မဲပေးဖို့လား၊ အသက်ရှင်သန်ရေးအတွက် ကြိုးစားဖို့လား။ စစ်ဗိုလ်ချုပ်တွေဟာ သာမန် မြန်မာပြည်သူတွေနဲ့ မတူကွဲပြားစွာ တွေးတယ်ဆိုတာ ထင်ရှားလာပါတယ်။ ဗိုလ်ချုပ်တွေဟာ သဘာဝဘေး ပမာဏကို လျှော့ပြပြီး ကယ်ဆယ်ရေး အစီအစဉ်တွေနဲ့ လူသားချင်း စာနာမှု အကူအညီတွေကို ထိန်းချုပ်ဖို့ပဲ ထပ်တလဲလဲ ပြောနေတယ်။ ဒီစာကို ကျနော် ရေးနေတဲ့အချိန် (မေ ၂၇၊ ၂၀၀၈)မှာဒုက္ခသည် အများစုဟာ အကူအညီ ဘာတခုမှ မရဘဲ အထားခံနေရဆဲပါ။ သူတို့ တောင်းဆိုနေလင့်ကစား စစ်အစိုးရဟာ ဒုက္ခသည် အများစုကြီး အရေးကို ဘာမှ ထိန်းချုပ် မလုပ်ဆောင်ပါ။ သူတို့ဟာ အကျိုးဆက်နဲ့ နောက်ဆက်တွဲ ပြဿနာတွေကို အများကြီး လျှော့တွက်ထားပါတယ်။
အတိတ်သမိုင်းနဲ့ ပစ္စုပ္ပန်မှာ မုသားဆင်ခြင်း
မေလ ၂၀ ရက်နေ့ထုတ် New Light of Myanmar (မြန်မာ့အလင်း) သတင်းစာမှာ ကျော်မင်းလူ (ရွှေပြည်သာ)က “ပြည်သူတွေဟာ ရေဒီယိုနဲ့ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ မုန်တိုင်းလာမယ့်အကြောင်း ကြိုသိနေပေမယ့် လူတွေက ဒါကို အလေးအနက် မထားခဲ့ဘူး”လို့ စွပ်စွဲထားပါတယ်။ ဗိုလ်ချုပ်တွေ အဝေးကနေ လုပ်သမျှကို “သူတို့ဟာ သူတို့လုပ်နိုင်သမျှ အားလုံး လုပ်ခဲ့တယ်၊ ဒါဟာ ပြည့်စုံလုံလောက်ပါတယ်”လို့ ရှင်းပြထားပါတယ်။
စာရေးသူဟာ “ကြွယ်ဝတဲ့ တန်ဖိုးတွေနဲ့ ပြည့်ုနေတဲ့ နိုင်ငံမှာ မွေးဖွားကြီးပြင်းရတာ ကျနော်တို့ အလွန်ကံကောင်းပါတယ်”လို့ ပိုပိုကဲကဲ ရေးထားပါသေးတယ်။ ၂၀၀၈ မေ ၂၁ ရက်နေ့ထုတ် New Light of Myanmar သတင်းစာမှာ ကျော်မင်းလူ (ရွှေပြည်သာ)က နိုင်ငံတကာ အသိုင်းအ၀ိုင်း (အထူးသဖြင့် အနောက်နိုင်ငံတွေကို) ရှုတ်ချတဲ့ အစိုးရ ၀ါဒဖြန့်မှုတွေကို ထပ်ပြီး ဖြန့်ပေးတဲ့အနေနဲ့ ကယ်ဆယ်ရေး အထောက်အပံ့ တွေ မလုံလောက်မှုကို အလေးထားဖို့ နိုင်ငံတကာက စွပ်စွဲနေတာတွေဟာ မမှန်ဘူးလို့ ပြောပြန်ပါတယ်။ အစိုးရနဲ့ တပ်မတော်ဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိန်းချုပ်လုပ်ဆောင်သွားမယ် (မြန်မာ့အလင်း မတ် ၂၆၊ အာဆီယံ-ကုလသမဂ္ဂ ကယ်ဆယ်ရေးရံပုံငွေကိစ္စ ညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်သိန်းစိန်ရဲ့ မိန့်ခွန်း)။ ကောင်းပါပြီ။ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်အာဘော် မြန်မာ့အလင်းဟာ ထာဝရ မုသာဝါဒီတွေအဖြစ် ဂုဏ်သတင်း ကျော်စောပါပေတယ်။ ခုတော့ ကျနော်တို့ အမှန်တရားကို သိပါပြီ။
၂၀၀၈၊ မေ ၂၄ ရက်နေ့ထုတ် New Light of Myanmar သတင်းစာမှာ မုန်တိုင်းဒဏ် ခံလိုက်ရတဲ့ ဒေသတွေမှာ အဲဒီနေ့က လုပ်တဲ့ ဆန္ဒခံယူပွဲအကြောင်း တလုံးမှ မပါပါဘူး။ ဘန်ကီမွန်း မြန်မာအစိုးရဆီ လာတဲ့ ခရီးစဉ်အကြောင်း ဆောင်းပါးတချို့ပဲ ပါပါတယ်။ ဘန်ကီမွန်းဟာ အပျက်အစီးတွေကို ရဟတ်ယာဉ်ပေါ်ကနေ ကြည့်တယ်ဆိုတာကလွဲရင် ဆွေးနွေးပွဲမှာ ဘာတွေပြောတယ် ဆိုတာလဲ ဘာမှ မပါပါဘူး။ သူဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ အစိုးရထိန်းချုပ်မှုအောက်က (သေချာ စီစဉ်တင်ဆက်ထားတဲ့) ကယ်ဆယ်ရေးစခန်း တချို့ကို သွားကြည့်ခွင့်ရတဲ့ တဦး တည်းသော ပုဂ္ဂိုလ်ဆိုတာ သတင်းစာမှာ ဖော်ပြမထားပါဘူး။
ဘန်ကီမွန်းက နိုင်ငံခြား ကယ်ဆယ်ရေးအဖွဲ့တွေအတွက် ပြည်ဝင်ခွင့်ဗီဇာ တောင်းဆိုတဲ့အကြောင်းလဲ မပါပါဘူး။ ကယ်ဆယ်ရေးလုပ်သား အများစုဟာ ခုထိကို ဗီဇာ မရသေးတာပါ။ အဲဒီက ငတ်မွတ် ဖျားနာပြီး သေလုမျောပါး ဖြစ်နေတဲ့ ပြည်သူတွေ၊ မရှိမဖြစ် ဦးစားပေး အကူအညီတွေ လုံးဝ လိုအပ်နေတဲ့ ပြည်သူတွေအကြောင်းလဲ ဘာမှ မပါပါဘူး။
စစ်အစိုးရဟာ သူ့နိုင်ငံသားတွေကို ကူညီဖို့ သူ မစွမ်းဆောင်နိုင်တာကို ဗြောင်ပဲ ဖုံးဖိချင်နေပါတယ်။ နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာဟာ မုန်တိုင်းသင့် ဒေသအချို့ကို သွားရောက်စစ်ဆေးနေတဲ့ ဗိုလ်ချုပ်တွေရဲ့ ပုံတွေနဲ့ ဇာတ်လမ်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ပြည်သူလူထုကို “အားပေးနေပုံ”နဲ့ “ကယ်ဆယ်ရေး အလှူပစ္စည်းများ” (သူတို့ကိုယ်ပိုင်လား) ပေးဝေနေပုံဆိုတဲ့ အကြောင်းတွေပေါ့။
ဒါဟာ ပြည်သူလူထုနဲ့ သူတို့ လက်ခံရရှိတဲ့ အကူအညီတွေအကြောင်း မဟုတ်ဘဲ ဗိုလ်ချုပ်တွေအကြောင်း၊ လူထုဆီ သွားပြီး အားပေးတာ သူတို့ ဘယ်လို ကောင်းပုံ အကြောင်းပဲ ဖြစ်နေပါတယ်။ တကယ်တော့ ဗိုလ်ချုပ်တွေဟာ အစိုးရ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာမှာ အမြဲတမ်း တလေးတစား ဂုဏ်ပြုခံရပြီးသား ပါ။ ဒါဟာ မြန်မာ့အလင်းသတင်းစာက သူ့ရဲ့ ပြည်တွင်းသတင်း အလုံးစုံပါပဲ။
မေ ၂၅၊ အေအက်ဖ်ပီ
ရွှေပေါက်ကန်မြို့နယ်တွင် သံဃာများ ဝေငှသည့် ဆန်ကို တန်းစီလက်ခံနေသည့် ဒုက္ခသည်များ
မေ ၂၅ ရက်ထုတ် NLM သတင်းစာက ဘန်ကီမွန်းရဲ့ ခရီးစဉ်အကြောင်းကို ဆွေးနွေးပွဲမှာ ဘာတွေ ပြောတယ်ဆိုတာ မပါဘဲနဲ့ အတိုချုံးပဲ ဖော်ပြပါတယ်။ စိစစ်ရေးက အချိန်ယူဖို့ လိုပုံရတယ်။ ဘာလို့လဲဆိုတော့ မေ ၂၆ သတင်းစာမှာကျမှ ဘန်ကီမွန်း ခရီးစဉ်အကြောင်းနဲ့ မေ ၂၄ ရက်နေ့ အလှူရှင်တွေ အစည်းအဝေးအကြောင်း ပါလို့ပါပဲ။ ဗိုလ်ချုပ်သိန်းစိန် မိန့်ခွန်းကိုတော့ တော်တော် ပြည့်ပြည့်စုံစုံ ဖော်ပြထားပုံပဲ။
တခြားသူတွေ (ဥပမာ ဘန်ကီမွန်း)ရဲ့ စကားတွေကတော့ (အကုန်လုံး မပါဘဲ) အကျဉ်းချုံးပြီး အနည်းနဲ့အများ ဆင်ဆာဖြတ်ထားတယ်။ ကယ်ဆယ်ရေး လုပ်သားတွေကို မြန်မာပြည်ထဲ အပြည့်အ၀ ၀င်ခွင့်ပေးဖို့ ဘန်ကီမွန်းကို သန်းရွှေက ကတိပြုတဲ့ အကြောင်းတော့ မပါပါဘူး။ မေ ၂၇ ရက်ထုတ် NLM သတင်းစာဟာ ပြည်သူ့ဆန္ဒခံယူပွဲ ရလဒ်အကြောင်း သတင်းတွေနဲ့ အဆောက်အအုံတွေ ပြန်တည်ဆောက်တာကို သက်ဦးဆံပိုင်တွေက စစ်ဆေးနေတာတွေ၊ ပြိုလဲသွားတဲ့ သစ်ပင်တွေကို ရှင်းလင်းနေတာတွေ၊ အမျိုးမျိုးသော “ရက်ရောစွာ” လှူဒါန်းမှုတွေနဲ့ မုန်တိုင်းဘေးသင့် ဒေသတွေကို သက်ဦးဆံပိုင် တွေက သွားရောက်တဲ့ အကြောင်းတွေကိုပဲ တိုင်းပြည်ကို အပြည့်အ၀ ထိန်းချုပ်ထားနိုင်ကြောင်း ပြောတဲ့အနေနဲ့ သတင်းဖော်ပြထားပြီး ကြမ်းကြုတ်တဲ့ ဖြစ်ရပ်မှန်တွေကို ဖုံးဖိထားပါတယ်။
ညစ်ညမ်းပျက်စီးသွားတဲ့ ကယ်ဆယ်ရေးပစ္စည်းများကို ဆယ်ယူခြင်း
တရားဝင် ၀မ်းနည်းကြောင်း သတ်မှတ်တဲ့ သုံးရက်ကာလမှာ စစ်အစိုးရက ကျပြတဲ့ မိကျောင်းမျက်ရည်ဟာ ယုတ္တိတော်တော်လေးကို မတန်ဘူး။ ဒီနေရာမှာ NLM သတင်းစာမှာ “ကျန်းမာတဲ့ ဘ၀နေထိုင်မှုအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်ရေသန့်” လိုမျိုး စီးပွားရေး ကြော်ငြာတွေ ထင်ထင်ရှားရှား ပါနေတာကို ကျနော် အံ့သြမိတယ်။ ဒါပေမယ့် ၂၀၀၈၊ မေ ၁၄ ရက်နေ့ NLM သတင်းစာမှာပါတဲ့ မေ ၁၁ ရက်နေ့တုန်းက ကြက်ခြေနီသင်္ဘော မြစ်ဝကျွန်းပေါ်ဒေသမှာ နစ်တဲ့အကြောင်း ဆောင်းပါးကို ကျနော် အအံ့သြဆုံးပဲ။
နိုင်ငံတကာ သတင်းဌာနပေါင်း များစွာက သင်္ဘောပေါ်မှာ ပါလာတဲ့ ရိက္ခာနဲ့ တခြား ကယ်ဆယ်ရေးပစ္စည်းတွေ မြစ်ရေထဲမှာ ညစ်ညမ်းသွားရပြီး အသုံးပြုလို့ မရနိုင်တော့တဲ့အကြောင်း သတင်းပို့ကြတယ်။ အခုတော့ မြန်မာ့အလင်းက သူ့ရဲ့ဆောင်းပါးကို “ကယ်ဆယ်ရေးပစ္စည်းတင်သင်္ဘော နစ်မြုပ်သည့်သတင်း မမှန်ကန်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားပြီး သင်္ဘောနဲ့ သင်္ဘောပေါ်ပါ ခရီးသည်တွေ ဘာဖြစ်တယ်ဆိုတဲ့အကြောင်း ပိုအသေးစိတ်ကျတဲ့ ဇာတ်လမ်းကို ရေးထားပါတယ်။ သင်္ဘောဟာ မနစ်မြုပ်ခဲ့ဘဲ ပြုပြင်ပြီးတော့ မူလရည်ရွယ်ထားတဲ့ နေရာကို ဆက်လက် မောင်းနှင်သွားနိုင်ခဲ့တယ်ဆိုပဲ။
မြန်မာ့အလင်းဟာ ဘာကြောင့် ဒီလောက် ရှင်းနေတဲ့ သတင်းကြီးကို ဖော်ပြရတာလဲဆိုတာနဲ့ မြန်မာ့အလင်း သတင်းစာရဲ့ ဇာတ်လမ်းဟာ တကယ် အမှန်ပဲလားဆိုတာ ကျနော် တွေးကို မတွေးတတ်တော့ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နိုင်ငံတကာ သတင်းတွေထဲမှာ ဒီအကြောင်း အတည်ပြုချက်တခုခု ရမလား ကျနော် ရှာကြည့်တယ်။ ဘယ်လိုမှ အတည်ပြုချက် လုံးလုံးမတွေ့ရတော့ ညစ်ညမ်းပျက်စီးသွားတဲ့ ပစ္စည်းတွေကို ဘာပဲဖြစ်ဖြစ် တပ်မတော်က သင်္ဘောပေါ်ကနေ သယ်ဆောင်သွားတာဖြစ်ပြီး မြန်မ့ာအလင်းမှာ ပါတဲ့ သတင်းဟာ ဒီလုပ်ရပ်အတွက် ဆင်ခြေတခုအဖြစ် သုံးထားတာလားလို့ ကျနော် သံသယ ဖြစ်မိပါတယ်။
ဒီသံသယက တပ်မတော်ဟာ ညစ်ညမ်းပျက်စီးသွားတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေကို မုန်တိုင်းဒုက္ခသည်တွေဆီ ဖြန့်ဝေလိုက်တယ်လို့ အဓိပ္ပာယ် ထွက်တယ်။ ဒါပေမယ့် ကျနော် မှားယွင်း သံသယ ၀င်မိတာ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာ ကယ်ဆယ်ရေး အထောက်အပံ့တွေကို တပ်မတော်က သိမ်းထားပြီး အညံ့စားတွေ၊ အပုပ်အသိုး အဆွေးအမြေ့တွေနဲ့ အစားထိုးပေးတဲ့အကြောင်း (နိုင်ငံခြား သတင်းတွေကနေ) ကျနော် ခုထိ ဖတ်နေရပါတယ်။
NLM သတင်းစာကို ဖတ်တဲ့အခါမှာ မြန်မာပြည်အကြောင်း၊ သူ့ရဲ့ ခေါင်းဆောင်တွေအကြောင်းနဲ့ သူ့ပြည်သူတွေအကြောင်း ရေးထားသမျှကို ကျနော့်မှာ ယုံစရာ ဘာမှ မရှိပါဘူး။ သူတို့ရဲ့ ၀ါဒဖြန့်ချိရေးကို အယုံအကြည် ရှိစေချင်ရင် သူတို့ဟာ သတင်းစာရဲ့ သွင်ပြင်တခုလုံးကို လုံးဝ ပြောင်းပစ်ဖို့ စဉ်းစားသင့်ပါတယ်။
သူတို့ ခင်းတဲ့ လမ်းအတိုင်း သူတို့ ဆက်အသုံးတော်ခံနေတာဟာ လူအယုံကြည်မခံရအောင် ကိုယ့်ကိုယ်ကိုယ် လုပ်နေကြတာပဲ။ မြန်မာ့အလင်း သတင်းစာထဲက အက်ကြောင်းထင်နေတဲ့ ဖြစ်ရပ်မှန်တွေကို တကယ့်အမှန်တရားအကြောင်း ထင်မြင်ချက်တခု ရစေဖို့ ရည်ရွယ်ပြီး ကျနော် တကြောင်းပြီးတကြောင်း သေချာ ဖတ်ပါတယ်။ အဲဒီနောက်တော့ နိုင်ငံတကာ သတင်းတွေမှာ ကျနော် ဖတ်ရ မြင်ရတာတွေဟာ တကယ်ပဲ အမှန်ဆိုတာ ကျနော် သိလာပါတယ်။
ထူထဲတဲ့ စစ်အရေခွံနဲ့ ပင်းနေတဲ့ နားတွေ
မုန်တိုင်းနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ နောက်ပိုင်း ကြားကာလမှာ မြန်မာပြည်မှာ နိုင်ငံရေးအရ ဘာဆိုဘာမှ မပြောင်းလဲခဲ့ပါဘူး။ စစ်အစိုးရဟာ လူသားချင်းစာနာမှု အကူအညီတွေကို သူ့ပြည်သူတွေဆီ ထိထိရောက်ရောက် ရောက်အောင် မလုပ်နိုင်ဘူးဆိုတာ ပိုပြီးတောင် ထင်ရှားလာပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေ အထူးသဖြင့် အနောက်နိုင်ငံက လူတွေကို မနှစ်မြို့ ဖြစ်နေချိန်မှာ ကမ်းလှမ်းနေတဲ့ နိုင်ငံတကာ အကူအညီတွေကို လက်ခံဖို့မယ့်အစား သူ့ပြည်သူတွေကို အကူအညီမဲ့ အသက်ဆုံးခံနေတယ်။
ကျနော့်ရဲ့ ၂၀၀၈၊ မေ ၂၄ ရက်ထုတ် ကျနော့်ရဲ့ စင်ပြိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့သလိုပဲ သူတို့ဟာ “ခင်ဗျားကို ညင်ညင်သာသာနဲ့ သတ်ဖြတ်”နေတာပါ။ လူသားချင်းစာနာမှု အကူအညီတွေကို ကျနော် နိုင်ငံရေးနဲ့ မရောယှက်လိုပါဘူး။ ဒါပေမယ့် စစ်အစိုးရဟာ သူ့နိုင်ငံသားတွေရဲ့ ကံကြမ္မာကို လုံးဝ စိတ်မ၀င်စားဘဲ သူ့ရဲ့ အာဏာနဲ့ တန်ခိုးရှိန်စော်ကိုပဲ ခေါင်းထဲ ထားတဲ့အကြောင်း ကမ္ဘာမှာရှိတဲ့လူတိုင်း ခုချိန်ထိ သဲသဲကွဲကွဲ မသိသေးရင်တောင် သိလာစေဖို့ မျှော်လင့်ပါတယ်။ ဒါဟာ သူတို့ရဲ့ မူဝါဒ တကိုယ်ကောင်း ဆန်လွန်းတယ်ဆိုတဲ့ ကောက်ချက်တခုသာ ကျန်ရတဲ့ အကြောင်းရင်းပါပဲ။ သူတို့ ချုပ်ငြိမ်းပျောက်ကွယ်သင့်ပြီဆိုတဲ့ အဖြေရလဒ်သာ ကျန်ရတဲ့ အကြောင်းရင်းပါပဲ။ စစ်အစိုးရ ပြန်ပါတော့။
(ဆက်ရန်)
('Junta, go home!' by James Russell Brownwood)
(ဆောင်းပါးရှင်သည် မြန်မာနိုင်ငံ၏ ပြင်ပနိုင်ငံတခုရှိ မြန်မာ့အရေးကို စာနာအားပေးသူတဦး ဖြစ်ပါသည်။)
x x x
ဟစ်တိုင်မှ ကူးယူဖေါ်ပြသည်။
ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်
Print this post
0 comments:
Post a Comment