.

တိုင်းပြည်လည်း မွဲပြာကျ၊ တပ်မတော်ကြီးလည်း အင်အားမရှိ

Wednesday, 11, 06, 2008./ 08, 03, 1370.

အောင်သူငြိမ်း

၁၉၈၈ ခုနှစ်၊ စစ်အစိုးရ တက်လာချိန်မှစ၍ "တပ်မတော်ကို ခေတ်မီတပ်မတော် ဖြစ်လာအောင် ချဲ့ထွင်ရေး" ဟူ၍ အစဉ် တစိုက် ကြွေးကြော် ပြင်ဆင်လာခဲ့သည်။ ထိုထက် ပိုဆိုးသည်မှာ "တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်" "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဟူသော ကြွေးကြော်သံများ မတန်တရာ တင်လာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တပ်မတော် မော်ကွန်းဌာနမှ "မြန်မာနိုင်ငံနှင့် တပ်မတော်၏ အခန်းကဏ္ဍသမိုင်း" ဟူ၍ အတွဲများစွာ ထုတ်ဝေခဲ့သည်။ နောက်ဆုံး ယခု ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်ပင် "မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး ဦးဆောင်မှု၌ တပ်မတော်က ပါဝင် တာဝန်ယူရန်" ဟူ၍ အတိအလင်း ပြဌာန်း ထည့်သွင်းလာခဲ့ပါသည်။

တင်လာခဲ့သည့်အတိုင်း စစ်တပ်ကိုလည်း တိုးချဲ့လာခဲ့သည်။ ၁၉၅၀ မှ ၁၉၆၉ ခုနှစ်အထိ မြန်မာနိုင်ငံက လက်နက်ဝယ်ယူ တင်သွင်းမှုမှာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ သန်းအောက်မှာသာ ရှိခဲ့သည်။ ၁၉၇၀ မှ ၁၉၈၈ ခုနှစ်အတွင်းတွင် ကြည့်လျှင်လည်း ပျမ်းမျှအားဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၈ သန်းမျှသာ ရှိခဲ့ပါသေးသည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်း ချိန်မှစ၍ တပ်ဖွဲ့များကို တိုးချဲ့ ဖွဲ့စည်းလာခဲ့သလို၊ လက်နက်ဆန်းများကိုလည်း တိုးတက် ၀ယ်ယူလာခဲ့ပါသည်။

အာဏာသိမ်းပြီးစ ကာလတွင်ပင် တရုတ်နိုင်ငံမှ စစ်လက်နက် ဒေါ်လာသန်း ၁,၀၀၀ ကျော်ဖိုး တလုံးတခဲတည်း ၀ယ်ယူတင်သွင်းခဲ့ပြီး၊ နောက်ပိုင်းတွင်လည်း ယူကရိန်း၊ ရုရှားနှင့် အခြားနိုင်ငံများမှ ၀ယ်ယူ တင်သွင်းနေခဲ့ပါသည်။ လေတပ်တွင် MiG-29, Chendu F-7 M, NAMC A-5C, SOKO G-4 Super Galeb, FT-7, Shenyang FT- 6 စသည့် တိုက်လေယာဉ်နှင့် အခြားသုံး လေယာဉ်၊ ရဟတ်ယာဉ် အစီးပေါင်း ၁၈၀ ကျော်ကို ထပ်မံ ဖြည့်ဆီးခဲ့ သည်။ ရေတပ်တွင်လည်း တရုတ်နိုင်ငံမှ ဟိုင်နန် အမျိုးအစား စစ်သင်္ဘောများ အပါအ၀င် စစ်သင်္ဘောသစ် ၃၀ ကျော်ကို ထပ်မံ ဖြည့်ဆီးခဲ့ပါသည်။

ဂျိန်းစ် ကာကွယ်ရေးမဂ္ဂဇင်း (Jane's Defence Weekly) မှ ရရှိခဲ့သည့် မြန်မာစစ်တပ်၏ စာရွက်စာတမ်းများအရ ၁၉၉၂ ခုနှစ် နှစ်လည်တွင် ကြည်း-ရေ-လေ စုစုပေါင်း အင်အား ၂၇၀,၀၀၀ အထိ တိုးတက်ခဲ့ပြီး၊ အာဏာသိမ်းပြီးချိန် ၁၉၈၈ မှစ၍ ၆၀% တိုးချဲ့ခဲ့ခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ (ICG) ၏ အစီရင်ခံစာတခုအရ ၁၉၈၈ ခုနှစ်တွင် စစ်သည်အင်အား ၁၉၀,၀၀၀ ရှိရာမှ ၁၉၉၈ ခုနှစ်တွင် ၄၀၀,၀၀၀ အထိ ရှိလာခဲ့သည်။

(န၀တ) စစ်အစိုးရ ကလည်း စစ်အင်အား ၅၀၀,၀၀၀ အထိ ရောက်အောင် တိုးချဲ့မည်ဟု ပြောင်ဖွင့်ပြော ကြေညာခဲ့ပါသည်။ ၁၉၆၀ ခုနှစ်က မြန်မာ့စစ်တပ်တွင် တပ်ရင်း (၅၀) မျှသာ ရှိသေးပြီး၊ ၁၉၇၄ ခုနှစ်တွင် တပ်ရင်း (၁၂၀) မျှသာ ရှိပါသေးသည်။ အပြည်ပြည် ဆိုင်ရာ လုံခြုံရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာန (IISS) ၏ အဆိုအရ မြန်မာစစ်တပ်တွင် ၁၉၉၅ ခုနှစ် နှစ်လယ်တွင် တပ်ရင်း ၂၄၅ ရင်း ရှိလာပြီး၊ ယခုအခါ တပ်ရင်းပေါင်း ၅၀၀ ကျော်အထိ တိုးချဲ့ ထားခဲ့ပါသည်။

မစ်တိုက်လေယာဉ်အသစ်များ၊ လက်နက်များ ထပ်မံ ၀ယ်ယူခဲ့သလို၊ ယူကရိန်း နိုင်ငံနှင့် ရုရှား နိုင်ငံများမှလည်း တီ-၅၂ အမျိုးအစား တင့်ကားများ၊ ရဟတ်ယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ အင်တာနက် ဆိုင်ဘာစစ်ဆင်ရေး အတွက် ထိန်းချုပ်စီမံရေး ကရိယာများ ထပ်မံ ၀ယ်ယူ ခဲ့ပါသေးသည်။ ထိုမျှမက စရိတ် ကုန်ကျမှု များပြားလှသော အဏုမြူ ဓါတ်ပေါင်းဖို စီမံကိန်းများကဲ့သို့သော ကိစ္စများကိုလည်း ချဲ့ထွင် လာခဲ့ပါသေးသည်။ စစ်အသုံးစားရိတ်လည်း တစတစ တိုးတက်လာနေခဲ့သည်။

ထို့အပြင် စစ်တပ်ဖွဲ့စည်းပုံ၊ အမိန့်ပေးဌာနများကိုလည်း တိုးချဲ့လာခဲ့သည်။ ယခင်က အထူး စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့ ၁ ခုသာ ရှိရာမှ ယခုအခါ ၅ ခုသို့ တိုးချဲ့ခဲ့သည်။ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်အသစ်နှင့် ကြည်း-ရေ-လေ တပ်များ၏ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲရေးမှူးချုပ် တာဝန်များကိုလည်း တိုး၍ ခန့်ထားခဲ့သေးသည်။ ထို့အပြင် မြန်မာ့ တပ်မတော်ထံမှ မသိနားမလည်သူများထံ ကြွားလုံးများလည်း ကြားခဲ့ရသေးသည်။ ၁၉၉၁ ခုနှစ် ကေအဲန်ယူက ဘိုကလေး ဒေသသို့ ထိုးဖောက်၍ တိုက်ပွဲများ ဖြစ်လာအပြီး ကာလတွင်၊ ဗိုလ်ချုပ်ခင်ညွန့် အပါအ၀င် တပ်မတော် ခေါင်းဆောင်များထံမှ ယခုအခါ၌ သူတို့ထံတွင် လိုအပ်လျှင် လေကြောင်းချီ တင်ပို့နိုင်သော တပ်မကြီးများ ရှိနေပြီဟု ဆိုခဲ့ကြသေးသည်။

အသစ် ၀ယ်ယူထားသော လက်နက်များဖြင့် စစ်ရေးပြ၍ ကြည်း-ရေ-လေ ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်ခန်းများလည်း ပြုလုပ်ခဲ့ကြပြီး ၁၉၉၅ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များတွင် စစ်သည် အင်အား ၃၀,၀၀၀ ကျော် ပါဝင်သည့် ကြည်း-ရေ-လေ ပူးတွဲ စစ်ဆင်ရေးများ ကို ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေနှင့် မိတ္ထီလာတို့တွင် ပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်ခန်းကို "ရွှေပြည်သာ" "ရွှေမြန်မာ" စသဖြင့် သဲမြေပုံ စစ်ဆင်ရေး လေ့ကျင့်ခန်းများ ၂ ခါ လေ့ကျင့်ခဲ့ကြသေးသည်ဟု ဆိုပါသည်။ ထိုမျှမက မိန့်ခွန်းများတွင် နိုင်ငံတကာတပ်များ ကျူးကျော် လာပါက ခုခံရန် ပြည်သူ့စစ် မဟာဗျူဟာ ဖြင့် အသင့်ပြင်ထားကြောင်း ဆိုခဲ့ကြပါသေးသည်။

အချို့သော ပညာရှင်များက မြန်မာနိုင်ငံ၏ စစ်အသုံးစရိတ်သည် ဘဏ္ဍာရေး ဘတ်ဂျက်၏ (၆၀%) မျှ ရှိမည်ဟု တွက်ချက် နေကြပါသည်။ သို့သော် ဆင်ကြီးခြေမခိုင် သကဲ့သို့ တပ်မတော်က အောက်ခြေက ပြိုနေပြီ ဖြစ်သည်။ တပ်တွင်း ဖိနှိပ်မှု၊ အခွင့်အရေး တန်းတူညီမျှ မရှိမှုများ၊ စားဝတ်နေရေး ပြဿနာများကြောင့်လည်း ရဲဘော်များ တပ်ပြေးနေကြပြီ။ ဂျိန်းစ် ကာကွယ်ရေးဆိုင်ရာ မဂ္ဂဇင်း (၂၀၀၆ ဧပြီထုတ်) အဆိုအရ ၎င်းတို့ ရရှိခဲ့သည့် မြန်မာ့တပ်မတော်၏ လျှို့ဝှက် မှတ်တမ်းတခု အရ (အတိအကျ မသိနိုင်သော ကာလအတွင်း) တပ်ပြေးပေါင်း ၈,၇၆၀ ဦး ရှိခဲ့သည် ဆိုသည်။

၎င်းတို့ အထဲတွင် ၄,၇၀၁ ဦးမှာ ခွင့်မဲ့ ပျက်ကွက် ဖြစ်ပြီး၊ စစ်သား ၂,၀၀၀ ကျော်မှာ မည်သည့် အကြောင်းကြောင့် မသိရဘဲ ဖမ်းဆီး ထိန်းသိမ်းခဲ့သည် ဟု ဆိုသည်။ ၎င်းမှတ်တမ်းအရပင် ဖော်ပြထားရာ၌ မြန်မာ့တပ်မတော် တပ်ရင်းတခုတွင် စစ်သား ၇၅၀ ဦး ပုံမှန်ရှိသော်လည်း၊ တပ်ရင်း စုစုပေါင်း ၅၀၄ ခု ရှိသည့်အနက်မှ တပ်ရင်း ၂၂၀ မှာ စစ်သား ၂၀၀ နှင့် ၃၀၀ ကြားသာ ရှိနေပြီး၊ တပ်ရင်း ၂၈၄ ခုတွင် စစ်သား ၂၀၀ အောက် လျှော့နည်း၍သာ ရှိနေသည်ဟု ဆိုထားသည်။ သူတို့ ခိုင်းစားနေရသည့် တပ်မတော်ကလည်း ဟန်သာ ကျန်ပါတော့သည်။

ယခု နာဂစ်မုန်တိုင်း အပြီးကာလတွင် တပ်မတော်၏ ချိနဲ့နေမှု၊ ထိန်းချုပ်မှု စနစ် ပျက်ပြားနေမှု အခြေအနေက ပို၍ သိသိ သာသာ ထင်ထင်ရှားရှား တွေ့လာရပါသည်။ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် စစ်သားများ ချက်ချင်း ရောက်မလာခဲ့ ကြပါ။ စစ်အင်ဂျင်နီယာ (BEME) တပ်ဖွဲ့ဝင်များ၊ စက်ယန္တယားများ မတွေ့မမြင်ကြရသလို၊ စစ်ဆေးတပ်ဖွဲ့များကိုလည်း ကပ်ဘေးသင့် ဒေသများတွင် မမြင်ခဲ့ကြရပါ။

မရှေးမနှောင်း ဖြစ်ပျက်ခဲ့သည့် တရုတ်နိုင်ငံ၏ မေလ ၁၂ ရက် မြေငလျှင်၌မူ တရုတ်နိုင်ငံက တရုတ်ပြည်သူ့ တပ်မတော် တပ်ဖွဲ့ဝင် စုစုပေါင်း (၈၄,၀၀၀) နှင့် ဆေးဝန်ထမ်း၊ ရဲနှင့် အရံတပ်ဖွဲ့ အင်အား ၉၀,၀၀၀ ကျော် ချသုံးခဲ့ပါသည်။ ငလျှင်ဖြစ်ပွားပြီး ၂ နာရီအတွင်းမှာပင် ကယ်ဆယ်ရေး လုပ်သား ၁၅၀ ကျော်နှင့် ကယ်ဆယ်ရေး ခွေးများ လေယာဉ် ၂ စီးဖြင့် ရောက်လာခဲ့ကြသည်။ ရာသီဥတု ဆိုးရွားမှုကြောင့် ရဟတ်ယာဉ် မဆင်းသက်နိုင်သည့် ဒေသများသို့လည်း ချက်ချင်းဆိုသလိုပင် ခြေလျှင်တပ်များ စေလွှတ်ခဲ့ကြသည်။

မေလ ၁၃ ရက်နေ့ နံနက်တွင်မူ အမှတ် ၁၂၇ စက်ယန္တယားတပ် ခြေလျှင်တပ်မမှ စစ်သား ၅,၀၀၀၊ အမှတ် ၁၅ လေကြောင်းချီတပ်မှ လေထီးစစ်သား ၆,၄၂၀ ကို ၂၄ နာရီအတွင်း၊ စစ်တပ်လေယာဉ် ၂၂ စီး၊ အရပ်ဖက်သုံး လေယာဉ် ၁၂ စီးဖြင့် လေယာဉ် ၇၉ ခေါက်တိုင်တိုင် ကြိုပို့ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ သမိုင်းတွင်ပင် အကြီးမားဆုံး လေကြောင်းချီ စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေးခက်ခဲ၊ ရာသီဥတု ဆိုးရွားသည့် ဒေသများသို့ လေထီးများဖြင့်ပင် ချပေးခဲ့ပါသည်။

မေလ ၁၅ ရက်နေ့ (၃) ရက်ကြာ ကာလ ရောက်သောအခါ စစ်သားနှင့် အရံတပ်ဖွဲ့ဝင် တသိန်းကျော် ကပ်ဘေးသင့် ဒေသတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ထို့အပြင် အိုလံပစ်ပွဲတွင် အရေးပေါ် ကပ်ဘေးသင့် အခြေအနေ ဖြစ်လာပါက တရုတ်နိုင်ငံက ပြင်ဆင်ထားသည့် အနေဖြင့် တပ်မတခုကိုလည်း ကယ်ဆယ်ရေး တပ်မအဖြစ် လေ့ကျင့်ထားခဲ့ပါသည်။ ဤတပ်မကိုလည်း ယခု ကယ်ဆယ်ရေးတွင် အဆင်သင့် ချသုံးနိုင်ခဲ့ပါသည်။

သို့သော်လည်း နာဂစ်လေမုန်တိုင်း ကိစ္စ၌မူ အလားတူ အခြေအနေမျိုး မတွေ့ကြရပါ။ အမည်မဖော်လိုသူတဦး၏ အကဲဖြတ် အစီရင်ခံစာအရ မေလ ၁၄ ရက်နေ့တိုင် ဧရာဝတီတိုင်း အတွင်းသို့ တပ်မ ၆၆ ကို စေလွှတ်ရန် လျာထားရာမှ (သုံးပုံတပုံ ခန့်သာ) ရောက်ရှိ သေးသည်ဟု ဆိုသည်။ တပ်မ-၄၄ ကို စေလွှတ်ရန် လျာထားသော်လည်း မတွေ့ရဟု ဆိုပါသည်။ (နောက်ပိုင်းတွင် ရန်ကုန်မှ တပ်မ-၁၁ ကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအစပ် ကွမ်းခြံကုန်းဒေသသို့ တာဝန်ဖြင့် စေလွှတ်ခဲ့ကြောင်း သိရပါသည်။) သို့သော် လည်း စေလွှတ်လိုက်သည့် တပ်များအတွက် ကယ်ဆယ်ရေး လက်နက် ကိရိယာများ ပါမလာခဲ့ပါ။

ရိက္ခာအတွက်ကိုပင် ဒုက္ခသည်များထံမှ ခွဲကျွေးနေရကြောင်း သတင်းများလည်း ကြားသိရ ပါသည်။ ဤသို့ဆိုလျှင် ဧရာဝတီတိုင်း ကပ်ဘေးသင့်ဒေသအတွင်း ပို့လွှတ်ထားသည့် တပ်မမှာ အင်အား ၂,၀၀၀ ကျော်သာ အများဆုံး ရှိနိုင်ပါသည်။ ဧရာဝတီတိုင်းအတွင်း အခြေပြုရာ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိ တပ်ရင်းများ (၂၀၀၇ ခုနှစ် စာရင်းအရ ၁၃ ရင်း) နှင့်ပါ ပေါင်းသော်မှ ၄,၀၀၀ မှ ၅,၀၀၀ ကြားတွင်သာ ရှိနိုင်ပါသည်။ လက်တွေ့တွင်မူ အရေအတွက် ယခုခန့်မှန်းချက်ထက် နည်းနိုင်ပါသေးသည်။

အလားတူ ရန်ကုန်မြို့တွင်လည်း တပ်မတော်သားများကို အားကိုးဖွယ်ရာ မတွေ့မမြင်ကြရပါ။ ရုပ်မြင်သံကြား၌သာ ယူနီဖောင်းဝတ် အချို့ သစ်ပင် ခုတ်ဖြတ်နေသည်၊ ရန်ကုန်လေဆိပ်တွင် ကယ်ဆယ်ရေး ပစ္စည်းများ လေယာဉ်ပေါ်မှ သယ်ချ နေသည်ကို မြင်ကြရပါသည်။ စစ်တပ်၏ အင်ဂျင်နီယာ ယန္တယား တပ်ဖွဲ့များကိုလည်း မမြင်မတွေ့ကြရပါ။ တပ်မတော် ဆေးတပ်ဖွဲ့က ဒုက္ခသည်များကို ဆေးကုပေးနေပုံကို လည်း မမြင်ကြရပါ။ ထို့အပြင် ပျက်စီးသွားသည့် ဧရာဝတီတိုင်းရှိ လမ်း၊ တံတားများကို စစ်တပ် အင်ဂျင်နီယာတပ်၏ တံတားခင်း စက်ယန္တယားများ (Armoured Bridge layers) ဖြင့် ပြင်ဆင် နေကြသည်ကိုလည်း မမြင်ကြရပါ။ လေကြောင်း ချီတပ်မကို မျှော်လင့်ရန်ကား ပို၍ ဝေးပါတော့မည်။ ဧရာဝတီတိုင်းသို့ ခေါက်တုံ့ပြန် ပစ္စည်းသယ်ပို့နေသည့် ရဟတ်ယာဉ်သည်ပင် ၇-၈ စီးမျှ ရှိပါသည်။

ဤသို့သော ကပ်ဘေးသင့် အရေးပေါ် အခြေအနေတွင် "ပြည်သူ့စစ် မဟာဗျူဟာ" ဆိုသည့် စစ်ဗျူဟာကြီးနှိုး၍ ပြည်သူများကို ကယ်တင်ရန် မသင့်ပါသေးသလော။ လူတသိန်းနီးပါး သေဆုံးရ၊ သန်းကျော် အိုးအိမ်မဲ့ရသည့် အခြေအနေသည် အမှန်တကယ် အရေးပေါ်နေပြီ ဖြစ်သည့် အခြေအနေ မဟုတ်ပါသလော။ မေးခွန်းထုတ်ရန် ရှိနေပါသည်။ လေကြောင်းချီ တပ်မကြီးများဖြင့် တရုတ်နိုင်ငံက ဆောင်ရွက်သကဲ့သို့ ပြည်သူများ အသက်ကယ်ဆယ်ရေး လုပ်ငန်းများ မဆောင်ရွက်ကြတော့ပြီလော။

တပ်မတော်၏ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ၊ ဆေးတပ်ဖွဲ့ဝင်များ မည်သည့် အချိန်မှ တွေ့ကြရမည်လော မေးခွန်းထုတ်ရန် ရှိနေပါသည်။ သို့သော်လည်း မေးခွန်းသာ အဖတ်တင်ပါလိမ့်မည်။ ဓါတ်ပုံများတွင် တွေ့နေရသည်မှာ ရဟန်း သံဃာများကသာ ဦးဆောင်၍ သစ်ပင်ခုတ် လမ်းရှင်းသည်မှစ၍ ဒုက္ခသည် ကယ်ဆယ်ရေးအဆုံး လုပ်ဆောင်နေကြပါသည်။ တပ်မတော်ကတော့ ဆန္ဒခံယူပွဲ မဲအနိုင် ရရှိရေးအတွက်၊ ရေရှည် အာဏာတည်မြဲရေးအတွက် လုံးပမ်းနေကြပါသည်။

အမှန်ကတော့ ဖွဲ့စည်းထားပုံအရပင် ပြဿနာရှိနေပြီ ဖြစ်သည်။ တပ်မများ၊ စစ်ဌာနချုပ်များက အခြားနိုင်ငံမှ တပ်များ ကဲ့သို့ ယန္တယားတပ် တပ်မများ (Mechanised Brigades) မဟုတ်ကြပါ။ ထို့အပြင် ဤသို့အရေးပေါ် ကပ်ဘေးများ ကယ်ဆယ်နိုင်ရန်၊ အရေးပေါ် အခြေအနေများကို တုံ့ပြန်နိုင်ရန်အတွက် ပြင်ဆင် လေ့ကျင့်ထားခြင်းလည်း မရှိပါ။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ဆိုလျှင် ဗိုလ်ချုပ်ကြီးအဆင့် ဦးဆောင်သည့် "နွေဖတ်ထနား ခလင့်ထိ" ခေါ် နယ်လှည့် ဖွံ့ဖြိုးရေး တပ်ဖွဲ့များ ရှိနေပါသည်။ ထိုင်းတပ်မတော်၏ ၂၀ ရာခိုင်နှုန်းမျှ (အင်အား ၂၀,၀၀၀ နီးပါးခန့်) ရှိနေပါသည်။ သူတို့က နယ်စပ်ဒေသများတွင် စာသင်၊ ဆေးကုပေးကြသလို ဘုရင့် ဖွံ့ဖြိုးရေး စီမံချက်များနှင့် အခြား အရေးပေါ် အခြေအနေများတွင်လည်း အသုံးပြုနိုင်ကြပါသည်။ မြန်မာ့ တပ်မတော်တွင်မူ ဤမျှအထိ ပြည်သူအပေါ် စေတနာရှိရှိ စဉ်းစား ဖွဲ့စည်းထားသည့်ပုံ မတွေ့ရသေးပါ။

ထို့အပြင် မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံ ပြင်ပ ကျူးကျော်ရန်ကို ကာကွယ်နိုင်ရန် ကာကင်းအဖြစ် တပ်ချထားသည့် ပမ္မ၀တီ ရေတပ်စခန်း ဌာနချုပ်လည်း ရစရာ မရှိအောင် ပျက်စီးခဲ့ရကြောင်း ဧရာဝတီ မဂ္ဂဇင်းပါ သတင်းတပုဒ်အရ သိရှိရ ပါသည်။ ရန်လွန်းအောင်၊ ရန်တိုင်းအောင်၊ ရန်စစ်အောင် စသည့် A Class ကမ်းခြေကာကွယ်ရေး ရေယာဉ်များ ဆုံးရှုံးရ သကဲ့သို့၊ တရုတ်နိုင်ငံမှ ၀ယ်ယူထားသည့် ချန်ဂီ အမျိုးအစား ရေငုတ်သင်္ဘောဖျက် ယာဉ်များ (Jianghuclass frigates) လည်း ပျက်စီးခဲ့ရပါသည်။

ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ NDD ၏ သတင်းများအရ ဆိုင်ကလုံးကြောင့် ရေတပ်သင်္ဘော ၂၅ စီး နစ်မြုပ်ရပြီး၊ အနည်းဆုံး အရာရှိ ၃၀ ဦးနှင့် ရေတပ်သား ၂၅၀ ကျော် ပျောက်ဆုံးနေသည်ဟု ဆိုပါသည်။ ဤအချက်ကပင် စနစ်ကိုယ်တိုင်က ပြိုလဲ ကျဆုံးနေကြောင်း သိသာစေပါသည်။

ရေတပ် သင်္ဘောများ ဆိုသည်မှာ ရေထဲ၊ မိုးထဲ ရှင်သန်ကြံ့ခံအောင် ပြင်ဆင် တည်ဆောက်ထားကြသည် ဖြစ်ပြီး၊ မုန်တိုင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်သာမက၊ ရန်သူအနံ့ခံ ရေဒါကဲ့သို့သော ကရိယာများပါ တပ်ဆင်ထားကြပါသည်။ ဤရေ တပ်ကြီး မုန်တိုင်းဒဏ်သင့် ပြိုလဲသွားသည်ကို မြင်ရသည်မှာ မည်မျှ အားကိုးအားထားစရာ မရှိကြောင်း ဖော်ပြနေပါသည်။

ထိုမျှမကပါ၊ အခြား အားကိုးချင်စရာ သတင်းများလည်း ရှိပါသေးသည်။ အတည်မပြုနိုင်သော သတင်းများအရ အသစ်ဝယ် ယူထားသော တင့်ကားများ၊ လေယာဉ်များလည်း အိုမင်း ပြိုဆင်းနေကြပြီ ဆိုပါသည်။ တရုတ်နှင့် ယူကရိန်းမှ ၀ယ်ယူထားသည့် T-69 II နှင့် T- 63 တင့်ကားများမှာလည်း အက်ကြောင်း ထင်နေကြပြီဟု ဆိုသည်။ အမြောက်ပင် စမ်း၍ မပစ်ရဲဟု ဆိုနေကြပါသည်။ ၀ယ်ယူခဲ့သည့် မစ်တိုက်လေယာဉ် ၆ အုပ် (အစီး ၆၀ ကျော်) အနက် ၂၁ စီးမှာ ပျက်ကျခဲ့ပြီ ဖြစ်သည်။

ကျန် အစီး ၂၀ ကျော်မှာ မြေပြင်ပေါ် ဆင်းသက် ရပ်နားနေရပြီး၊ အစီး ၂၀ ခန့်သာ ပျံသန်းနိုင်ပါတော့သည်။ ဤလေယာဉ်များ အတွက်လည်း ပြုပြင် ထိန်းသိမ်းရန် ပစ္စည်းများ အလျှင်အမြန် လိုအပ်နေပြီ ဖြစ်ပါသည်။ အမှန်တွင်တော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်များက တပ်မတော်ကိုယ်လည်း အမှန်တကယ် အင်အားကြီးအောင် တည်ဆောက်ခဲ့ခြင်း မဟုတ်ဘဲ၊ ပေါချောင်ကောင်း လက်နက်များဖြင့် ခဏတာ ကြွားလုံးထုတ် ဟန်ရေးပြခဲ့ခြင်းသာ ဖြစ်ပါသည်။

သြစတြေလျမှ မြန်မာ့စီးပွားရေး လေ့လာနေသူ ပညာရှင် ရှောင်တာနဲက တခါက သုံးသပ်ခဲ့ဖူးပါသည်။ အခြား အာဏာရှင်များကတော့ မာဖီးယားနှင့် တူသည်။ အခြားပြည်သူတို့၏ အကျိုးအမြတ်များပေါ်မှ အညွန့်ဖူးကို ခူးစားရုံသာ စားသည်။ မြန်မာ စစ်အစိုးရကတော့ ဖုတ်သဘက်တစ္ဆေနှင့် တူသည်၊ အားလုံး ရသမျှကို သိမ်းကျုံး၍ စားနေသည်ဟု သုံးသပ်ထားခဲ့ပါသည်။ ဤသဘက်ကြီးက ဖုတ်သက်ငင်နေဆဲ ဖြစ်ပါသည်။

ဤဖုတ်သဘက်ကြီးကြောင့် တပ်မတော်ကြီးလည်း အင်အား ကြီးထွားမလာခဲ့ပါ။

တိုင်းပြည်လည်း မွဲပြာကျခဲ့ရပါသည်။

အောင်သူငြိမ်း
မဇ္ဈိမ မှ ကူးယူဖေါ်ပြသည်။

အကိုးအကား
၁။ Samuel Blythe, Army Conditions Leave Myanmar Under Strength, Jane's Defense Weekly, April 5, 2006.
၂။ Andrew Selth, Transforming the Tatmadaw: The Burmese Armed Forces Since 1988, Australian National University, 1996.
၃။ MYANMAR: THE FUTURE OF THE ARMED FORCES, International Crisis Group, 27 September 2002.
၎။ Sino-Defense Blog, PLA Mobilised for the Quake Rescue Operation, May 18, 2008. avialable online at http://sinodefence.blogspot.com/2008/05/pla-mobilised-for-quake-rescue.html
၎။ အေးချမ်းမြေ့၊ နာဂစ်ကြောင့် မြန်မာ့ အဓိက ရေတပ်စခန်း ပျက်စီးဆုံးရှုံးမှု များပြား။ ဧရာဝတီ အွန်လိုင်း မဂ္ဂဇင်း၊ မေ ၂၆၊ ၂၀၀၈။
၅။ အေးချမ်းမြေ့၊ မြန်မာ့ရေတပ် သင်္ဘောများလည်း မုန်တိုင်းဒဏ်သင့်၊ ဧရာဝတီအွန်လိုင်း မဂ္ဂဇင်း၊ မေ ၁၂၊ ၂၀၀၈။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့