.

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ထုတ်ပြန်ကြေညာချက် (မြန်မာဘာသာ)

Tuesday, 17, 06, 2008. / 14, 03, 1370.

နိုင်ငံတကာကယ်ဆယ်ရေးတပ်ဖွဲ့များ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့
အမြန်ဆုံး အင်အားသုံးဝင်ရောက်ရန်နှင့် မြန်မာစစ်ခေါင်းဆောင်များအား
နိုင်ငံတကာတရားရုံးသို့ ဖမ်းဆီးပို့ဆောင်ရန် တင်ပြတောင်းဆိုခြင်း
မြန်မာနိုင်ငံအတွင်းသို့ မေလ (၂)ရက်နေ့ ညနေ (၆)နာရီက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဟိုင်းကြီးကျွန်းမှ တဆင့် ၀င်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူတစ်သိန်းခွဲခန့် သေဆုံးပြီး လူဦးရေ (၂.၅)သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ အတိဒုက္ခရောက်နေကြသည်ကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံအသီးသီးမှ အစိုးရများ၊ ပြည်သူများ သိရှိခဲ့ကြပြီး ဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ယခုကဲ့သို့ မုန်တိုင်းကြီးများ ဖြစ်ပေါ်ပြီး သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ပြီးပြီဆိုလျှင် ၂၄ နာရီမှ ၄၈ နာရီအတွင်း ကယ်ဆယ်ရေးလုပ်သားများ၊ ရဟတ်ယာဉ်များ၊ အထောက်အကူပြုယာဉ်များ၊ ယန္တရားများနှင့် ပျားပန်းခတ် ကူညီလုပ်ဆောင် နေကြသည်ကို တွေ့ကြရမည် ဖြစ်ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံမှ နာဂစ်မုန်တိုင်း ဒဏ်ခံ ပြည်သူများမှာမူ အကူအညီများ ထိထိရောက်ရောက် မရရှိဘဲ စားစရာမဲ့၊ သောက်စရာမဲ့၊ နေစရာမဲ့ အခြေအနေဆိုးများအပြင် ကူးစက်ရောဂါများ ဖြစ်ပွားပြီး ထပ်မံသေကြေကြရမည့် အန္တရာယ်ဆိုးများနှင့် တွေ့ကြုံရင်ဆိုင် နေကြရသည်ကိုလည်း နိုင်ငံတကာသတင်းဌာနများမှ သတင်းထုတ်လွှင့်ချက်များ၊ ဗွီဒီယို မှတ်တမ်းများ၊ သတင်းဓာတ်ပုံများမှတဆင့် အားလုံးသိရှိကြပြီးဖြစ်မည်ဟု ကျွန်ုပ်တို့အနေနှင့် ယုံကြည်ပါ သည်။

အမှန်စင်စစ် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအနေနှင့် ယခုကဲ့သို့ အတိဒုက္ခနှင့် ရင်ဆိုင်နေရခြင်းသည် နိုင်ငံ တကာ အသိုင်းအ၀ိုင်းမှ မြန်မာပြည်သူများကို အကူအညီပေးရန် မေ့လျော့ထားကြသည့် အတွက်ကြောင့် မ ဟုတ်ဘဲ မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရ၏ တိုင်းသူပြည်သားများအပေါ် တာဝန်မဲ့မှု၊ လျစ်လျူပြုမှု၊ ဖြစ်ရပ်မှန်များကို ဖုံးကွယ်ပြီး မတရားသဖြင့် ရယူထားသည့်အာဏာ ဆက်လက်တည်မြဲရေးကိုသာ ဦးစားပေး လုပ်ဆောင်လိုမှု၊ အကူအညီပေးမည့် သူများအပေါ် ဟန့်တား နှောက်ယှက်မှု၊ ပိတ်ပင်တားဆီးမှု၊ ကန့်သတ် ချုပ်ချယ်မှုများကြောင့်ဖြစ်ကြောင်း သက်သေအထောက် အထားများ အခိုင်အလုံရရှိခဲ့ပြီး ဖြစ်ပါသည်။

မြန်မာစစ်အစိုးရ၏ ထိုသို့သော ရည်ရွယ်လုပ်ဆောင်နေမှုများသည် ယခုအခါတွင် လူအစုလိုက် အပြုံလိုက် သတ်နေသည့် အခြေအနေ (Genocide) နှင့် ပြည်သူလူထုအား လူသားချင်းဆိုင်ရာ ညှာတာထောက် ထားမှုမရှိဘဲ ရက်ရက်စက်စက် ပြစ်မှုကျူးလွန်နေသည့် အခြေအနေ (Crime against Humanity) များဖြစ် နေသည့်အတွက် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့် (Responsibility to Protect) အရ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့များ အမြန်ဆုံး အင်အားသုံးဝင်ရောက်ပါရန်နှင့် ပြစ်မှုကျူးလွန်နေသည့်မြန်မာစစ်ခေါင်းဆောင်များအား နိုင်ငံတကာတရားရုံးတွင် ရုံးတင်စစ်ဆေးရန်အတွက် ဖမ်းဆီးခေါ်ဆောင်ပါရန် အလေးအနက် တိုက်တွန်း ပန်ကြားအပ်ပါသည်။

ခိုင်လုံသည့် အထောက်အထား အချက်အလက်များ ကို အောက်တွင် နံပါတ်စဉ်တပ်၍ အသေးစိတ် ရှင်းလင်းဖော်ပြသွားမည် ဖြစ်ပါသည်။

သက်သေအထောက်အထား (၁) - မြန်မာစစ်အစိုးရမှ မုန်တိုင်းသတင်းကို ကြိုတင်သိရှိသော်လည်း ပြည်သူလူထုအား အမှန်အတိုင်း အသိမပေးဘဲ မှားယွင်းစွာ ထုတ်ပြန်အသိပေးခြင်း၊ မုန်တိုင်းကျ ရောက်မည့် ဒေသများမှ ပြည်သူလူထုအား ကြိုတင်အသိပေး ရွှေ့ပြောင်းခိုင်းမှု လုံးဝမရှိခြင်း။

နာဂစ်မုန်တိုင်းနှင့် ပတ်သက်ပြီး မုန်တိုင်းစတင်ပြီး ဖြစ်တည်နိုင်သည့် ဧပြီလ (၂၆)ရက်နေ့ကတည်းက မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသို့ အိန္ဒိယနိုင်ငံ မိုးလေ၀သဌာနက သတင်းများ ဆက်တိုက် ပေးပို့ခဲ့သည်ဟု သိရပါသည်။

ဧပြီလ(၂၈)ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြစ်တည်ခဲ့ကြောင်း၊ တနာရီလျှင် မိုင် ၁၂၀ နှုန်းအထိ တိုက်ခတ်နိုင်သည့် မုန်တိုင်းအဖြစ် မြစ်ဝကျွန်းပေါ် ကုန်းတွင်းပိုင်းဒေသကို ဖြတ်ကျော်နိုင်ကြောင်းကို ဧပြီလ (၃၀) ရက်နေ့ကတည်းက အိန္ဒိယမိုးလေ၀သဌာနမှ မြန်မာနိုင်ငံသို့ ၄၈နာရီကြိုတင်ပြီး အသိပေး အကြောင်းကြားခဲ့သည်ဟု ပြောခွင့်ရပုဂ္ဂိုလ် B P Yadav က နယူးဒေလီတွင် ရှင်းပြခဲ့ပါသည်။

၂၀၀၄ခုနှစ် ဆူနာမီဒီလှိုင်း ကျရောက်ပြီးနောက်ပိုင်း တည်ထောင်လိုက်သည့် ထိုင်းနိုင်ငံအခြေစိုက် အာရှ အန္တရာယ်ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး Dr. Bhichit Rattakul ကလည်း နာဂစ်မုန်တိုင်းကို ဧပြီလ (၂၇) ရက်နေ့ကတည်းက တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်တော့မည့်အကြောင်း မြန်မာ စစ်အစိုးရကို ကြိုတင်အကြောင်းခဲ့သည်ဟု ဆိုပါသည်။

ဘားမားတူဒေး ၀က်ဘ်ဆိုက်က လက်ခံရရှိသည့် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်၏ လက်မှတ်နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများသို့ ပေးပို့ခဲ့သည့် စာများအရလည်း မြန်မာနိုင်ငံအတွင်းသို့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်တော့မည် ဆိုသည်ကို မေလ (၁)ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ကစပြီး မြန်မာစစ်အာဏာပိုင်များ သိရှိခဲ့သည်ဟု သိရပါသည်။

မေလ (၁)ရက်နေ့ ည ၁၁ နာရီတွင် ပေးပို့သည့်စာ၌ ည ၉ နာရီ တိုင်းထွာချက်များအရ နောက် ၂၄ နာရီအတွင်း ပုသိမ်မြို့အနီး ကုန်းတွင်းပိုင်းကနေ ၀င်ရောက်တော့မည် ဆိုသည်ကို ဖော်ပြထားပါသည်ဟု သိရပါသည်။ မေလ (၂)ရက်နေ့ နံနက် (၇)နာရီ မထိုးမီတွင် ပေးပို့သည့်စာ၌ မေလ (၂)ရက်နေ့ နံနက် (၆)နာရီ တိုင်းထွာချက်များအရ ဟိုင်းကြီးကျွန်းမှတဆင့် ကုန်းတွင်းပိုင်းကို ၀င်ရောက် တိုက်ခတ်တော့မည် ဖြစ်ကြောင်း၊ ရေပြင်မြေပြင်လေသည် တနာရီ မိုင် ၆၀ ခန့်ရှိပြီး မုန်တိုင်းဗဟိုချက်သည် မိုင် ၁၂၀ ခန့်အထိ ရှိကြောင်း၊ မုန်တိုင်းဒီရေသည် ၁၀ ပေမှ ၁၂ ပေအထိ မြင့်တက်နိုင်ကြောင်း အတိအကျ ဖော်ပြထားသည်ကို တွေ့ရှိရသည်ဟု ဘားမားတူဒေးဝက်ဘ်ဆိုက်တွင် ရေးသားထားပါသည်။

မြန်မာစစ်အစိုးရအနေနှင့် ထိုသို့အိမ်နီးချင်းနိုင်ငံများမှ ကြိုတင်သတိပေးချက်များနှင့် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်၏ ကြိုတင်သတင်းပေးပို့ချက်များ လက်ခံရရှိခဲ့သော် လည်း စစ်အစိုးရပိုင် သတင်းစာများတွင် မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းမှန်များကို မထုတ်ပြန်ဘဲ မှားယွင်းသည့် သတင်းအချက်အလက်များကိုသာ ထုတ်ပြန် အသိပေးခဲ့ပါသည်။ မေလ (၁)ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ၌ ဖော်ပြသည့် နေပြည်တော် ဧပြီ ၃၀ ဆိုသည့် မိုးလေ၀သသတင်းတွင် …

“ယနေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ပုသိမ်မြို့၏ အနောက်တောင် ယွန်းယွန်း မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ မုန်တိုင်းကြီးသည် လွန်ခဲ့သော ခြောက်နာရီ အတွင်း ပိုမိုအားကောင်းလာခြင်းမရှိဘဲ အရှေ့မြောက်ယွန်းယွန်းသို့ တဖြည်းဖြည်း ရွေ့လျားလာခဲ့ သည်။ အဆိုပါ မုန်တိုင်းကြီးသည် နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာခြင်းမရှိဘဲ အရှေ့ မြောက်စူးစူးသို့ ဆက်လက်၍ ဖြည်းညင်းစွာ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းနှင့် ရှမ်း ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာမည်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ (သတင်းစဉ်)”ဟု မှားယွင်း သည့် သတင်းအချက်အလက်များ ထုတ်ပြန် အသိပေးခဲ့ပါသည်။

နာဂစ်မုန်တိုင်း ဟိုင်းကြီးကျွန်းကို ၀င်ရောက်ပြီးချိန် မေလ (၂)ရက်နေ့ ညနေ (၆)နာရီကျော်သည့် အချိန်ကျမှ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနက လွှင့်ထုတ်သည့် မုန်တိုင်းသတိပေးချက်ကို ကြားရမြင်ရသည်ဟု ရန်ကုန်မြို့နေ ပြည်သူများက ပြောပြခဲ့ပါသည်။ ထိုသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနက အသိပေးချိန် သည် လပွတ္တာမြို့နယ်တ၀ိုက်မှ ဒေသခံပြည်သူများ လေပြင်းမုန်တိုင်းထဲ လွင့်ပါပြီးချိန်၊ ရေလှိုင်းလုံးများ ရိုက်ပုတ်၍ လွင့်စင်ပြီးစအချိန် ဖြစ်နေပါသည်။

ထို့အပြင် မုန်တိုင်းသတင်းကို ၄၈ နာရီ ကြိုတင်သိရှိခဲ့သည့် မြန်မာစစ်အစိုးရသည် မုန်တိုင်းဖြတ်သန်းမည့် ဒေသတလျှောက်မှ အန္တရာယ်ကျရောက်နိုင်သည့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို အကာအကွယ်ပေးရန်အတွက် ဘေးလွတ်ရာသို့ အလျင်အမြန် ရွှေ့ပြောင်းနိုင်အောင် ပြင်းပြင်းထန်ထန် လိုက်လံသတိပေးခြင်း၊ ကူညီရွှေ့ပြောင်းပေးခြင်းများ လုံးဝမရှိခဲ့ကြောင်း ဒေသခံ ပြည်သူများ၏ ပြောဆိုချက်များအရ သိရပါသည်။

ပြည်သူလူထု ရုတ်ရုတ်သဲသဲ ဖြစ်မည်ကို အမြဲတစေ စိုးရိမ်ထိတ်လန့်နေသည့် မြန်မာစစ်အစိုးရသည် မုန်တိုင်းသတင်းမှန်ကို ထုတ်ပြန်လိုက်ခြင်းဖြင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ပြီး အခြေအနေ မတည်မငြိမ် ဖြစ်ကာ မေလ (၁၀)ရက်နေ့တွင် ကျင်းပရန် တာစူထားသည့် ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ပျက်ပြားသွားမည်ကို စိုးရိမ်ထိတ်လန့်ခဲ့ပုံ ပေါ်ပါသည်။

ထို့အတွက်ကြောင့် မုန်တိုင်းသတင်းမှန်ကို မထုတ်ပြန်ဘဲ ဖုံးကွယ်၍ ၀တ်ကျေတန်းကျေ သတင်းအမှားကိုသာ ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် မြန်မာစစ်အစိုးရသည် သူတို့စိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒကို အတင်းအဓမ္မ အတည်ပြုနိုင်ရေးအတွက် ပြည်သူတစ်သိန်းခွဲ၏ အသက်များနှင့် ပြည်သူနှစ်သန်းခွဲ၏ အိုးအိမ်စည်းစိမ်များကို ရက်ရက်စက်စက် လဲလှယ်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ သက်သေ အထောက်အထားများအရ အခိုင်အမာ ပြောဆိုနိုင်ပါသည်။

ထိုသို့ သတင်းမှန်ထုတ်ပြန်ရန် ပျက်ကွက်ခြင်းနှင့် ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်အောင် အသိပေး လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိခြင်းတို့ကြောင့် ယခုကဲ့သို့ လူတသိန်းခွဲခန့် သေဆုံးပြီး လူနှစ်သန်းခွဲခန့် အိုးမဲအိမ်မဲ့ဖြစ်ကာ အတိဒုက္ခရောက်ရခြင်းသည် သဘာဝဘေးအန္တရာယ်၏ ဖျက်ဆီးမှုထက် မြန်မာစစ်အစိုးရ၏ တာဝန်ပျက် ကွက်မှု၊ လျစ်လျူရှုမှုတို့ကြောင့် အဓိကဖြစ်ရသည်ကို အထင်အရှား တွေ့နိုင်ပါသည်။

သက်သေအထောက်အထား (၂) - ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ချက်ချင်း မလုပ်ဆောင် သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို ရက်မရွှေ့ဆိုင်းဘဲ အတင်းအကျပ် ကျင်းပခြင်း

ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ၂၄နာရီမှ ၄၈နာရီအတွင်း ဒုက္ခရောက်သည့် နေရာဒေသများဆီသို့ ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရောက်အောင် စေလွှတ်ပြီး အလောင်းများ ဆယ်ယူခြင်း၊ အန္တရာယ်စက်ကွင်း ကျရောက်နေသည့် အသက်မသေသေးသူများကို ကယ်ထုတ်ခြင်း၊ အသက်ရှင်ကျန်သည့် ဒုက္ခသည်များကို ဘေးလွတ်ရာသို့ အလျင်အမြန် ရွှေ့ပြောင်းပေးခြင်းများ တရစပ် လုပ်ဆောင်ကြသော်လည်း မြန်မာစစ်အစိုးရသည် မုန်တိုင်းတိုက်ခတ်ပြီး ရက်အတန်ကြာသည်အထိ မည်သည့် အကူအညီမှ လုပ်ဆောင်ပေးခြင်းမရှိကြောင်း မုန်တိုင်းဒဏ်သင့် ပြည်သူများက သတင်းထောက်များအား ဒေါသတကြီး မျက်ရည်လည်ရွဲနှင့် ရင်ဖွင့်ပြောဆိုခဲ့ကြသည်ကို နိုင်ငံတကာ မီဒီယာများတွင် ကြည့်ရှုကြရပါသည်။

မေလ (၄) ရက်နေ့တွင် ရန်ကုန်မြို့မှ မုန်တိုင်းဒဏ်သင့် ပြည်သူများနှင့် မေလ (၅)ရက်နေ့တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းဒဏ်သင့် မြို့နယ်များမှ ဒုက္ခသည်များအား မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ဟန်ပြနှုတ်ဆက် အားပေးနေပုံများကိုသာ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်ကို တွေ့ရပါသည်။

နောက်ရက်များတွင်လည်း မြန်မာစစ်အစိုးရ မီဒီယာများ၌ စစ်သားများ သစ်ပင်ခုတ်နေပုံ၊ လမ်းရှင်းနေပုံများနှင့် စစ်ဗိုလ်ချုပ်များ တိုင်းခန်းလှည့်လည် ကြည့်ရှုနေကြပုံများကိုသာ ဆက်တိုက်ထုတ်လွှင့် ဖော်ပြနေပြီး မုန်တိုင်းသင့် ပြည်သူများအား ကူညီကယ်ဆယ်နေမှုများကိုမူ လုံးဝမတွေ့ခဲ့ရချေ။ စစ်သားများအနေနှင့် စစ်ကားများ သွားလာနိုင်ရေးအတွက် လမ်းမကြီးများကိုသာ ရှင်းလင်းခြင်းဖြစ်ပြီး ကျန်သည့်လမ်းများကို ပြည်သူများ၊ သံဃာများက ကိုယ်ထူကိုယ်ထ ရှင်းလင်းခဲ့ရသည်ဟု သိရပါသည်။ မုန်တိုင်းဒုက္ခသည်များ အနေနှင့် ရပ်မိရပ်ဖများနှင့် စေတနာရှင် ပြည်သူများက လှူဒါန်းကျွေးမွေးသည့် အကူအညီများနှင့် အသက်ဆက် နေကြရသည်ကို တွေ့ရသည်။

မြန်မာစစ်အစိုးရသည် မုန်တိုင်းဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး မလုပ်ဆောင်သည့်အပြင် နိုင်ငံတကာက ဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းရန် တောင်းဆိုမှုများကိုလည်း လက်မခံဘဲ မူလစီစဉ်ထားသည့် မေလ (၁၀) ရက်နေ့တွင် ဇွတ်အတင်း ကျင်းပခဲ့ပါသည်။ မုန်တိုင်းဒဏ်ခံ ဧရာဝတီမြစ်ဝကျွန်းပေါ်မှ မြို့နယ်များနှင့် ရန်ကုန် တိုင်းအတွင်းမှ မြို့နယ်များကိုသာ မေလ (၂၄)ရက်နေသို့ ရွှေ့ဆိုင်းကျင်းပခဲ့ပါသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက “၀မ်းနည်းဖွယ် အဖြစ်ဆိုး ကြုံတွေ့နေရသော မြန်မာပြည်သူတွေအတွက် အတော်ပဲ ပူပင်သောက ဖြစ်ရပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒခံယူပွဲလုပ်ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလည်း မှတ်တမ်းတင်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရအနေနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ဆောင်ခြင်းမရှိဘဲ စစ်တပ်အာဏာ တည်မြဲရေးအတွက် ရည်ရွယ်သည့် ဆန္ဒခံယူပွဲ ဖြစ်မြောက်ရေးကိုသာ ဦးတည်လုပ်ဆောင်နေခဲ့မှုကြောင့် အသက်ရှင်ကျန်သည့် ဒုက္ခသည်များထဲမှ အစာရေစာ ပြတ်လပ်ပြီး အသက်ဆုံးရှုံးရမှုများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်ခဲ့ရပါသည်။ မုန်တိုင်း တိုက်ခတ်အပြီးတွင်မှ ထိုသို့ လူ့အသက်များ ထပ်မံဆုံးရှုံးရခြင်းသည် ဒုက္ခသည် ပြည်သူများအပေါ် အုပ်ချုပ်သူ စစ်အစိုးရ၏ တာဝန်မဲ့မှု၊ လျစ်လျူရှုမှုကြောင့်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုပါသည်။

သက်သေအထောက်အထား (၃) - နိုင်ငံတကာမှ ကယ်ဆယ်အကူအညီပေးရေး အဖွဲ့များ ၀င် ရောက်ခွင့်ပေးရန် ငြင်းဆန်ခြင်း၊ နိုင်ငံတကာ အကူအညီများကို အလွဲသုံးစား ပြုလုပ်ခြင်း၊ ဒုက္ခ သည်များထံ စစ်အစိုးရထုတ် ပစ္စည်းအညံ့များနှင့် လဲလှယ်ဝေငှခြင်း

နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသည့် မြန်မာဒုက္ခသည် (၂.၅)သန်းအနေနှင့် နေ့စဉ် ထမင်းတစ်နပ်၊ သောက်ရေတစ်ခွက်၊ ကျောတခင်းစာအတွက် အသည်းအသန် စိုးရိမ်ပူပန်နေကြချိန်တွင် ဒုက္ခသည်များအား အကူအညီပေးမည့် သူများသည် စစ်အစိုးရ၏ သဘောတူခွင့်ပြုချက်ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပါသည်။

နိုင်ငံချင်း တိုက်ရိုက်ပေးပို့သည့် အကူအညီများမှလွဲ၍ ကုလသမဂ္ဂ အပါအ၀င် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၏ အကူအညီများကို မေလ (၈)ရက်နေ့အထိ လက်မခံခဲ့ပါ။ နိုင်ငံချင်း တိုက်ရိုက် ပေးပို့သည့် အကူအညီများအား စစ်အစိုးရက စိတ်တိုင်းကျ စီမံခန့်ခွဲသည်ကို အယုံအကြည် မရှိသည့်အတွက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံကြီးများက ကယ်ဆယ်ရေး ပစ္စည်းများကို ဒုက္ခသည်များလက်ထဲ ကိုယ်တိုင်ကိုယ်ကျ ပေးပို့ခွင့်ပြုရန် တောင်းဆိုခဲ့ကြပါသည်။ သို့သော် မြန်မာစစ်အစိုးရက ခွင့်မပြုဘဲ တင်းခံနေခဲ့ပါသည်။

ထိုသို့ မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာအစိုးရများ အခြေအတင် ဖြစ်နေချိန် မေလ (၈)ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ရောက်ရှိလာသည့် လေယာဉ်တစ်စင်းကို စစ်အစိုးရက လက်မခံဘဲ ပြန်လွှတ်ခဲ့ပြီး မေလ(၉)ရက်နေ့ကျမှ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကူအညီများကို စစ်အစိုးရက စတင်လက်ခံခဲ့ပါသည်။

သို့သော် မေလ (၁၂)ရက်နေ့ ၀န်းကျင်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တံဆိပ်များပါသည့် အိတ်များကို ရန်ကုန်မြို့ရှိ ဈေးများတွင် တွေ့လာရပြီး အကူအညီပေးသည့် ဘီစကွတ်များကို စစ်အစိုးရထုတ် ဘီစကွတ်များနှင့် လဲလှယ်ဝေငှခြင်း၊ ထိုင်းနိုင်ငံမှ လှူဒါန်းသည့် ခေါက်ဆွဲခြောက်ထုပ်များ ရန်ကုန်ဈေးကွက်အတွင်း ရောက်ရှိသွားကာ ဒုက္ခသည်များအား စစ်အစိုးရထုတ် ခေါက်ဆွဲခြောက်ထုပ်များနှင့် လဲလှယ်ဝေငှခြင်းများ ပြုလုပ်ခဲ့ပါသည်။

မေလ (၇)ရက်နေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ဗိုလ်ချုပ်ကြီး မြင့်ဆွေနှင့် ဆန်ကုန်သည်ကြီးများ မုန်တိုင်းဒုက္ခသည်များအား အကူအညီပေးရေးအတွက် အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ ထိုအစည်းအဝေး အပြီးတွင် ကုန်သည်ကြီးများ လက်ထဲသို့ နိုင်ငံတကာမှ လှူဒါန်းသည့် ဆန်အကောင်းစားများ ရောက်ရှိသွားပြီး ဆန်ကွဲနှင့် ဆန်ညံ့များသာ ဒုက္ခသည်များထံ ရောက်ရှိခဲ့သည်ကို တွေ့ရပါသည်။

မုန်တိုင်းဖြစ်ပြီး နှစ်ပတ်အကြာ မေလ (၁၇)ရက်နေ့တွင် စစ်အစိုးရထုတ် သတင်းစာများတွင် သေဆုံးသူ ၇၇၇၃၈ ဦး၊ ပျောက်ဆုံးသူ ၅၅၉၁၇ ဦးနှင့် ဒဏ်ရာရသူ ၁၉၃၅၉ ဦးရှိကြောင်း မြန်မာစစ်အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါသည်။ မြန်မာစစ်အစိုးရက ထိုသို့အသေအပျောက်စာရင်း ထုတ်ပြန်လိုက်သည့် နေ့မှာပင် ကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပြင်သစ်စစ်သင်္ဘော Le Mistral (မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့် ရေမိုင် ၁၃မိုင် အကွာ)၊ USS Essex ဦးဆောင်သည့် အမေရိကန် စစ်သင်္ဘော (၃)စီး (ရေမိုင် ၆၀အကွာ)နှင့် ဗြိတိန်စစ်သင်္ဘော HMS Webminster (ရေမိုင် ၁၂မိုင်) အကွာတွင် လာရောက် စောင့်ဆိုင်းနေခဲ့ပါသည်။ သို့သော် မြန်မာစစ်အစိုးရက ကူညီကယ်ဆယ်ရေး လုပ်ဆောင်မည့် အဆိုပါ စစ်သင်္ဘောများကို ကမ်းကပ်ခွင့် မပေးဘဲ ငြင်းဆန်ခဲ့ပါသည်။

ယခုအခါ အကူအညီပေးရန် စောင့်ဆိုင်းခဲ့သည့် ပြင်သစ်နှင့် အမေရိကန်စစ်သင်္ဘောများ ပြန်လည်ထွက် ခွာသွားသည့်တိုင် ဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေးအတွက် လုပ်ဆောင်နေသူများကို မြန်မာစစ်အ စိုးရက နည်းအမျိုးမျိုးဖြင့် ဆက်လက်နှောင့်ယှက် ဟန့်တားလျက် ရှိပါသည်။

ထိုသို့ နိုင်ငံတကာ အကူအညီများကို ငြင်းဆန်ခြင်း၊ အလွဲသုံးစားများ ပြုလုပ်ခြင်းများသည် ဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေးကို ဟန့်တားနှောက်ယှက်ခြင်း ဖြစ်သည့်အတွက် “အပြစ်မရှိသူ တယောက်သည် အေကေ- ၄၇ မောင်းပြန်သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေသည်ဖြစ်စေ၊ နိုင်ငံတကာ အကူအညီများ မရရှိ အောင် ဟန့်တားခံရ၍ အစာငတ်ပြီး သေသည်ဖြစ်စေ အခြေခံအားဖြင့် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့် Responsibility to Protect နှင့် ကိုက်ညီသည်” ဆိုသည့်အတိုင်း မုန်တိုင်းဒုက္ခသည်များကို ကယ်တင်ရေးအတွက် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့များ အမြန်ဆုံး အင်အားသုံး ၀င်ရောက်ပေးပါရန် အလေးအနက် တောင်းဆိုအပ်ပါသည်။

သက်သေအထောက်အထား (၄) - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ဖိတ်ခေါ်ပြီး အချိန်ဆွဲရန် ကြိုးစားခြင်း၊ မြန်မာပြည်သူများက ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် အယုံအကြည် ကင်းမဲ့နေခြင်း

မြန်မာစစ်အစိုးရသည် နာဂစ်မုန်တိုင်းကြောင့် ပြည်သူများ အတိဒုက္ခရောက်နေချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ခြင်းမရှိဘဲ ဒုက္ခရောက်နေသည့် ပြည်သူများအပေါ်အခွင့်ကောင်းယူကာ နိုင်ငံရေး အမြတ်ထုတ်ရန်အတွက် ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးကိုသာ အာရုံစိုက် လုပ်ဆောင်နေခဲ့ပါသည်။

သို့သော် မုန်တိုင်းအသေအပျောက် ကိန်းဂဏန်းများကြောင့် နိုင်ငံတကာ၏ စိုးရိမ်မှုများ မြင့်မားလာပြီး အကူအညီပေးရန် ကယ်ဆယ်ရေး စစ်သင်္ဘောများ မြန်မာရေပိုင်နက်အနီးသို့ ရောက်ရှိလာသည့်အခါမှ အင်အားသုံး ၀င်ရောက်မည်ကို ကြောက်ရွံ့ထိတ်လန့်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို မုန်တိုင်းဒဏ်သင့် နေရာဒေသများသို့ လာရောက်ကြည့်ရှုရန် အလျင်အမြန် ဖိတ်ခေါ်ခဲ့ပါသည်။

ထိုမတိုင်မီက ကုလသမဂ္ဂ အတွင်းအရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မုန်တိုင်းဒုက္ခသည်များအတွက် စိုးရိမ်မကင်းဖြစ်ပြီး မြန်မာစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အခြေအနေ မေးမြန်းရန် ဖုန်း (၃)ကြိမ် ခေါ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မုန်တိုင်းတိုက်ခတ်ပြီးပြီးချင်းတွင်လည်း ဒုက္ခသည်များကို သွားရောက်ကြည့်ရှုအားပေးခြင်း မရှိဘဲ ဘန်ကီမွန်း မလာမီ မေလ (၁၉) နှင့် (၂၀) ရက်နေ့များကျမှ မုန်တိုင်းဒုက္ခသည်များကို ဟန်ပြသွားရောက် ကြည့်ရှုခဲ့ပါသည်။ စစ်အစိုးရပိုင် ရုပ်မြင်သံကြားတွင် ဒုက္ခသည်အတုများအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နှုတ်ဆက်အားပေးနေပုံ လုပ်ကြံရိုက်ကူးထားသည်များ ကို ထုတ်လွှင့်ပြသခဲ့ပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီးမွန်း လာရောက်သည့် အခါတွင်လည်း လုပ်ကြံဖန်တီးထား သည့် ဒုက္ခသည်အတုများရှိရာ နေရာများကိုသာ ခေါ်ယူပြသခဲ့ပြီး လိမ်ညာလှည့်ဖျားမှုများ ပြုလုပ်ခဲ့ပါသည်။ နိုင်ငံတကာ ဖိအားများ လျော့ကျစေရေးအတွက် ယခင်က ပေးမ၀င်ဘဲ တင်းခံထားသည့် နိုင်ငံတကာ အကူအညီများကို လွတ်လွတ်လပ်လပ် ၀င်ရောက် ဆောင်ရွက်ခွင့် ပြုပါမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မစ္စတာဘန်ကီမွန်းကို ကတိပေးခဲ့ပါသည်။

သို့သော် မစ္စတာဘန်ကီမွန်း ပြန်သွားပြီး ယခုအချိန် (မုန်တိုင်းတိုက်ခတ်ပြီးသည်မှာ တစ်လနှင့် နှစ်ပတ်ကြာချိန်) အထိ နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့များသည် မုန်တိုင်းတိုက်ခတ်ခဲ့သည့် နေရာဒေသများသို့ လွတ်လွတ်လပ်လပ် သွားရောက်ခွင့် မရသေးဘဲ နယ်မြေခံ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့၏ အမျိုးမျိုးသော အနှောင့်အယှက်ပေး၊ ဟန့်တားပိတ်ဆို့မှုများကို ခံနေရဆဲဖြစ်ပါသည်။

အမှန်စင်စစ် မြန်မာစစ်အစိုးရသည် ကုလသမဂ္ဂက ဦးစီးလုပ်ဆောင်ပေးမည့် ကယ်ဆယ်ရေး အကူအညီများကို ရယူချင်၍ မစ္စတာဘန်ကီမွန်းကို ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတကာ ဖိအားများ လျော့ကျစေရေးအတွက် ကုလသမဂ္ဂကို ခုတုံးလုပ် အချိန်ဆွဲရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့ မြန်မာပြည်သူများက ကောင်းစွာ သိရှိခဲ့ကြပြီး ဖြစ်ပါသည်။

မြန်မာစစ်အစိုးရ၏ လူမဆန်သည့် လုပ်ရပ်များနှင့် ပတ်သက်ပြီး ကုလသမဂ္ဂမှ ကြားဝင် ဆောင်ရွက်ခဲ့သည့် ခြေလှမ်းတိုင်းအပေါ် မြန်မာပြည်သူများ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်မှာ အနှစ် (၂၀) ကြာခဲ့ပြီ ဖြစ်ပါသည်။ သို့ဖြစ်၍လည်း မစ္စတာဘန်ကီမွန်း လာရောက်မည့် ခရီးစဉ်ကို မြန်မာမုန်တိုင်း ဒုက္ခသည်များက နွေးနွေးထွေးထွေး မရှိလှဘဲ နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့များ မ၀င်နိုင်စေရေးအတွက် စစ်အစိုးရ အချိန်ဆွဲနိုင်ရန် လာရောက်ကူညီခြင်းဖြစ်သည်ဟုသာ ရှုမြင်ကြခြင်း ဖြစ်ပါသည်။

ကုလသမဂ္ဂနှင့် ပတ်သက်၍ ထိုသို့ရှုမြင်သည့် အကြောင်းအချက်များသည် မြန်မာပြည်သူတို့ထံတွင် အလွန်ပင် ခိုင်ခိုင်မာမာ ရှိနေပါသည်။ ၁၉၈၈ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုတိုင်းတွင် ကုလသမဂ္ဂ၏ ထောက်ခံကူညီမှုကို အဆက်မပြတ် မျှော်ကိုးတောင်းခံရင်းမှ ဖြစ်ပျက်လာခဲ့သည့် ရလဒ်များပေါ်မူတည်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးကို မြန်မာပြည်သူများက ယုံကြည်အားကိုးရန် စိတ်အပျက်ရဆုံး ကမ္ဘာ့အဖွဲ့အစည်းကြီးအဖြစ် ရှုမြင်လာခဲ့ကြခြင်း ဖြစ်ပါသည်။

၂၀၀၀ ခုနှစ် ဧပြီလတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က မလေးရှားလူမျိုး မစ္စတာ ရာဇာလီ အီစမိုင်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပြီး လိပ်ခဲတည်းလည်း ဖြစ်နေသည့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြားဝင်ဆောင်ရွက်ရန် တာဝန်ပေးခဲ့ပါသည်။ ရာဇာလီအီစမိုင် မြန်မာပြည်ကို (၁၂)ကြိမ်တိတိ လာရောက်ခဲ့ပါသည်။

မြန်မာစစ်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ကြိမ် စကားပြောပြီး ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်အောင် ကြိုစားခဲ့သည် ဆိုသော်ငြားလည်း နောက်ဆုံးတွင် မြန်မာစစ်ခေါင်းဆောင်များ၏ အသုံးချ အချိန်ဆွဲခြင်းကိုခံရပြီး မအောင်မမြင်ဖြစ်ကာ ဆုတ်ခွာခဲ့ရပါသည်။

ထို့အပြင် ရာဇလီဥက္ကဌလုပ်သည့် အိုင်းရစ္စနည်းပညာကုမ္ပ္ပဏီက နအဖစစ်အစိုးရထံ အီးပတ်စ်ပို့အတွက် ချစ်ပြားများသွင်းခြင်း၊ အိမ်ယာအရောင်းအ၀ယ်လုပ်သည့် ၀ါရှောင်းကုမ္ပဏီနှင့် ဆက်သွယ်ရေးကိရိယာ၊ အလင်းဖန်မျှင်ကြိုးသွင်းသည့် လီဒါယူနီဗာဆယ် ဦးပိုင်းလုပ်ငန်များတွင် ရာဇာလီ ဒါရိုက်တာအဖြစ် ဆောင်ရွက်ကြောင်း ဖော်ကျွန်းမဂ္ဂဇင်းက ဖွင့်ချလိုက်သည့်အတွက် ရာဇာလီ ရာထူးမှ နှုတ်ထွက်ခဲ့ရပြီး မြန်မာပြည်သူတို့၏ အယုံအကြည် ကင်းမဲ့မှုကို ခံခဲ့ရပါသည်။ ရာဇာလီ နှုတ်မထွက်မီ လာရောက်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ပီညဲရိုးသည်လည်း အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို တွေ့ဆုံစဉ် မြန်မာစစ်ထောက်လှမ်းရေးများက အသံခိုးဖမ်းသည်ကို သိရှိသွားသည့်အတွက် အကြီးအကျယ် စိတ်ဆိုးဒေါသထွက်ကာ ပြန်သွားခဲ့ရပါသည်။ ထိုခိုးကြောင်ခိုးဝှက် လုပ်ရပ်အပေါ် ကုလသမဂ္ဂက မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ငြိမ်ခံခဲ့သည့်အတွက် မြန်မာပြည်သူများက ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် ပို၍ပင် အထင်အမြင် သေးသွားခဲ့ပါသည်။

ရာဇာလီ နှုတ်ထွက်သွားပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က နိုက်ဂျီးရီးယားနိုင်ငံသား မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် အစားထိုး ခန့်အပ်ခဲ့ပါသည်။ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို (၅)ကြိမ်တိတိ လာရောက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထိထိရောက်ရောက် ကြိုးပမ်းနိုင်ခြင်း မရှိခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြား တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်အောင်လည်း မစွမ်းဆောင်နိုင်ဘဲ မြန်မာစစ်ခေါင်းဆောင်များ၏ အချိန်ဆွဲ လိမ်လည်လှည့်ဖျားမှုများကို ခံရပြီး ပြန်သွားသည့် ခရီးစဉ်များသာ ဖြစ်ခဲ့သည့်အတွက် မြန်မာပြည်သူများက ကုလသမဂ္ဂ ကိုယ်စားလှယ်များအပေါ် အထူးပင် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြပါသည်။

အထူးသဖြင့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း မစ္စတာ ဂမ်ဘာရီ လာရောက်မည် ဆိုသည့်အပေါ် မြန်မာပြည်သူများက အလွန်အမင်း အားကိုးမျှော်လင့်ခဲ့ကြပါသည်။ သို့သော် ဂမ်ဘာရီ ပြန်သွားသည့်အခါ ထူးခြားသည့် ရလဒ်များ ထွက်ပေါ်မလာဘဲ စက်တင်ဘာ တော်လှန်ရေး အရှိန်တန့်သွားပြီး ရက်ရက်စက်စက် သတ်ဖြတ်နှိပ်ကွပ်မှုကို ခံခဲ့ရသာသည်သာ အဖတ်တင်ခဲ့သည့်အတွက် မြန်မာပြည်သူလူထုက ကုလသမဂ္ဂ၏ ကြားဝင်ဆောင်ရွက်မှု များကို အထူးစိတ်ပျက်ခဲ့ကြခြင်း ဖြစ်ပါသည်။

မေလ (၂၃) ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့များအားလုံးကို မြန်မာနိုင်ငံသို့ ၀င်ခွင့်ပြုပါမည်”ဟု သဘောတူညီခဲ့သည့်အတိုင်း အကောင်အထည် ပေါ်လာအောင် ဆောင်ရွက်ရမည့် တာဝန်သည် ကုလသမဂ္ဂတွင် အဓိက တာဝန်ရှိပါသည်။

သို့သော် အထက်ပါ သဘောတူညီချက်သည် အကောင်အထည် ပေါ်လာဖွယ်ရာမရှိ ပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီးမွန်း လာရောက်ခဲ့သည့် ခရီးစဉ်သည် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာ ကယ်ဆယ်ရေးတပ်များ ၀င်ရောက်ကူညီတော့မည်ဆိုသည့် မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို ပျက်စီးစေပြီး လူမဆန်သည့် မြန်မာစစ်အစိုးရဘက်မှ အကာအကွယ် ပြုလုပ်ပေးခဲ့သလို ဖြစ်ခဲ့သည့်အတွက် မြန်မာပြည်သူများက မစ္စတာဘန်ကီမွန်းအပေါ် အလွန်အမင်း စိတ်ဆိုး ဒေါသထွက်ခဲ့ကြခြင်း ဖြစ်ပါသည်။

ထိုသို့ ကုလသမဂ္ဂ၏ ကြားဝင်ဆောင်ရွက်မှုများသည် မုန်တိုင်းဒုက္ခသည် မြန်မာပြည်သူများအပေါ် စစ်အစိုးရက ပိုမိုနှိပ် ကွပ်မှုပြုနိုင်ရန် အထောက်အကူ ပေးသလို ဖြစ်နေသည့်အတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးအဖွဲ့များအစား ပို၍ ထိထိရောက်ရောက် အကူအညီပေးနိုင်မည့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီနိုင်ငံကြီးများမှ ကယ်ဆယ်ရေးတပ်ဖွဲ့များ အမြန်ဆုံး အင်အားသုံး ၀င်ရောက် ကူညီပါရန် အလေးအနက် တောင်းဆိုအပ်ပါသည်။

သက်သေအထောက်အထား (၅) - အစုအလိုက် အပြုံလိုက် သေစေနိုင်သော အခြေအနေ (Genocide) နှင့် လူသားချင်းဆိုင်ရာ ညှာတာထောက် ထားမှုမရှိဘဲ ရက်ရက်စက်စက် ပြစ်မှုကျူး လွန်နေသည့် အခြေအနေ (Crime against Humanity) များနှင့် အခြားစိုးရိမ်ဖွယ်ရာ နောက် ဆက်တွဲ အခြေအနေများ

(၅-၁) မုန်းတိုင်းဘေးဒုက္ခသည်များ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ယာယီနေထိုင်ရာ ဒုက္ခ သည်စခန်းများမှ အတင်းအကျပ် မောင်းထုတ်ခံရခြင်း

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ‘နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး တစ်လအကြာ လူ့အခွင့်အရေး အခြေအနေများ’ ဆိုသည့် အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါသည်။ ထိုအစီရင်ခံစာတွင် လေမုန်တိုင်း ဒုက္ခသည်များကို ယာယီစခန်းများမှ အဓမ္မ ပြောင်းရွှေ့ခိုင်းခြင်းများ၊ သွားလာလှုပ်ရှား နေသူများအပေါ် ထိန်းချုပ် ကန့်သတ်ခြင်းများ၊ လူထုဆန္ဒခံယူပွဲအတွက် မဲရုံလုပ်ရန် ဒုက္ခသည်များကို ခိုလှုံရာယာယီ စခန်းများမှ အတင်းအကျပ် မောင်းထုတ်ခြင်းများ၊ ဘုန်ကြီးကျောင်းများမှ အတင်းရွှေ့ပြောင်းခိုင်းခြင်းများ စသည့် အတင်းအဓမ္မ ပြောင်းရွှေ့မှုပေါင်း ၃၀ ပေါ်ပေါက်ခဲ့သည်ဟု အသေးစိတ် ဖော်ပြထားပါသည်။

မေလ (၂၃) ရက်နေ့တွင် ရွှေပေါက္ကံမြို့နယ်မှ လေဘေးဒုက္ခသည်များကို ကျပ်ငွေ ၇၀၀၀ စီပေးပြီး စာသင်ကျောင်းတွေ ပြန်ဖွင့်တော့မည်ဟုဆိုကာ မောင်းထုတ်ခဲ့သည့် အဖြစ်အပျက်၊ မေလ (၁၉)ရက်နေ့တွင် ဘိုကလေးမြို့နယ်အတွင်းမှ ဒုက္ခသည်များကို အတင်းပြန်ပို့သည့်အတွက် လှေမှောက်ပြီး လူ (၃၀) သေဆုံးခဲ့သည့် အဖြစ်အပျက်၊ မေလ (၁၉)ရက်နေ့ကစပြီး မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာမှ ဒုက္ခသည်များကို အတင်းပြောင်းရွှေ့ခိုင်းခြင်းများ၊ ကော့မှူးမြို့နယ်တွင် လမ်းမပေါ်ထွက်ပြီး အကူအညီ တောင်းခံသည့် ဒုက္ခသည်များကို တားမြစ်ပိတ်ပင်မှုများသည် စစ်အစိုးရက အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသည့် ဖြစ်ရပ် (၃၀)ထဲမှ ထင်ရှားသည့် ဖြစ်ရပ်များ ဖြစ်သည်။

(၅-၂) ပုဂ္ဂလိက ပြည်တွင်းအလှူရှင်များ၊ ကားများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ခြိမ်းခြောက်ပြော ဆိုခြင်း

မုန်တိုင်းဒုက္ခသည်များသည် အစောပိုင်းကာလများ ကတည်းက ပြည်တွင်းအလှူရှင်များ၏ ကူညီမှုနှင့်သာ အဓိက အသက်ဆက်နေရခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ပုဂ္ဂလိက အလှူရှင်များကို စစ်အစိုးရ အာဏာပိုင်များက တားဆီးပိတ်ဆို့မှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။ မေလ (၂၅)ရက်နေ့တွင် ပုသိမ်မြို့မှ ဒုက္ခသည်များကို သွားရောက်ကူညီပြီး ရန်ကုန်သို့ ပြန်လာသည့် ပုဂ္ဂလိက အလှူရှင်များ၏ ကားအစီး (၂၀)ကို လှိုင်သာယာ တံတားထိပ်တွင် ဖမ်းဆီးကာ နိုင်ငံတော်ကို အကြည်အညို ပျက်အောင်လုပ်သည့် ပုဒ်မနှင့် တရားစွဲဆိုမှုများ ပြုလုပ်မည်ဟု အာဏာပိုင်များက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ပုဂ္ဂလိက အလှူရှင်များ၊ စေတနာ့ ၀န်ထမ်းများကို ပိတ်ပင်တားဆီးမှုများ ပြုလုပ်နေသည့်အတွက် မုန်တိုင်းဒုက္ခသည်များ တနေ့တခြား အာဟာရ မပြည့်စုံမှုများ၊ ကူးစက်ရောဂါများဖြင့် သေဆုံးရမှုများ ပိုမိုများပြားလာသည်ဟု ဒုက္ခသည်များက ပြောပြကြပါသည်။ ထို့အပြင် ဒုက္ခသည်များအတွက် စေတနာ့ဝန်ထမ်းအလုပ်များ အားကြိုးမာန်တက် လုပ်ဆောင်နေသည့် ပုဂ္ဂလိက အလှူရှင် နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာကိုလည်း စစ်အစိုးရ အာဏာပိုင်များက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထိန်းသိမ်း ခဲ့ပါသည်။

(၅-၃) မုန်တိုင်းဘေးသင့်သည့် မိဘမဲ့ကလေးများကို ခေါ်ဆောင်ပြီး ကလေးစစ်သားများ စု ဆောင်းခြင်း

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်က ဒုက္ခသည် ကလေးသူငယ်များကို ကာကွယ်စောင့် ရှောက်ရန် ကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် မုန်တိုင်းကျခဲ့သည့် ဒေသများတွင် ကလေးသူငယ် အထူးပြု ကယ်ဆယ်ရေး စခန်း (၅၀)ကျော် ဖွင့်လှစ်ထားသည်ဟု သိရပါသည်။ သို့သော်လည်း အစောင့်အရှောက် မဲ့နေသည့် ကလေးသူငယ်များ အနေနှင့် စစ်သားအဖြစ် စုဆောင်းခံရမှုများ ရှိနေသည်ဟု လပွတ္တာ၊ ဖျာပုံနှင့် ဘိုကလေး မြို့နယ်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများ တပိုင်တနိုင် လုပ်ကိုင်နေသည့် စေတနာရှင်များက ပြောပြကြ ပါသည်။

“အဲဒီမအူပင်တို့ ဘာတို့ကနေ သူတို့ ရွာကို ပြန်လွှတ်တယ်လေ။ ပြန်လွှတ်တဲ့ အခါကျတော့ အဲဒီက ရွာသားတွေက ပြောပြတာ၊ မိဘမဲ့ ကလေးတွေ အဲဒီမှာ ခေါ်သွားတာတွေ ရှိတယ်။ ကလေးတွေ ပျောက်သွား တယ်ပေါ့နော်၊ အသက် (၁၅)နှစ် (၁၄)နှစ် အဲလိုမျိုးတွေ ပျောက်ပျောက်သွားတယ်။ တပ်မ (၆၆)ထဲ လိုက်သွားရ တယ်လို့ ပြောပြတယ်။” (သတင်း - အာရ်အက်ဖ်အေ၊ ဇွန်လ - ၅ရက်)

(၅-၄) နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကို ဆက်လက်ဟန့်တား နှောက်ယှက်နေခြင်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံခြားသား ကျွမ်းကျင်သူ ကယ်ဆယ်ရေး လုပ်သားများကို မြန်မာနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာ ဆောင်ရွက်ခွင့်ပြုမည်ဟု ကတိပေးခဲ့ပါသည်။ သို့သော် လက်ရှိမြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသား ကူညီရေးလုပ်သားများ အနေနှင့် ရန်ကုန်မှ မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ရန် စစ်စိုးရ၏ ဗြူရိုကရက်တစ် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ဖြတ်သန်းနေရသည့်အတွက် စိတ်အနှောက်အယှက် ဖြစ်နေရသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံတကာကပ်ဘေးဒုက္ခ ကူညီထောက်ပံရေးဆိုင်ရာ ညွှန်ကြားရေးမှူး ကိုင်လူး (Ky Luu)က အောက်ပါအတိုင်း ပြောဆိုခဲ့ပါသည်။

“အခု ရက်ပေါင်း ၃၅ ရက်သာ တိုင်သွားတယ်။ ကျနော်တို့နဲ့ လက်တွဲလုပ်နေတဲ့ အဲန်ဂျီအို အဖွဲ့တွေဆီက သတင်းအရ ရန်ကုန်ကနေ မြစ်ဝကျွန်းပေါ်ကိုသွားဖို့ ဗြူရိုကရက်တစ် အနှောက်အတားတွေ ရှိနေပါတယ်။ အခုအခြေအနေမှာ ကျနော်တို့သိရသမျှ မုန်တိုင်းဒဏ်ခံရတဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းလောက်ဟာ လူသားချင်းဆိုင်ရာ အကူအညီတွေ မရသေးပါဘူး” (သတင်း - ဗွီအိုအေ၊ ဇွန်လ - ၆ရက်)

(၅-၅) အင်အားချိနဲ့နေသည့် မုန်တိုင်းဘေးဒုက္ခသည်များကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေ ခြင်း

မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်းအတွင်းမှ ကျေးရွာများတွင် စစ်တပ်ရဟတ်ယာဉ်များ ဆင်းသက်နိုင်ရန်အတွက် မြို့နယ်အာဏာပိုင်များက အစာရေစာ ပြတ်လပ်ပြီး အင်အားချိနဲ့နေသည့် မုန်တိုင်းဒုက္ခသည်များကို ကွင်းရှင်းလုပ်အားပေး စေခိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရပါသည်။ ဘိုကလေးမြို့နယ် ကဒုံကနိရွာတွင် တပ်စွဲထားသည့် တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းသည် ဒုက္ခသည်များကို စစ်တပ်အတွက် လိုအပ်သည့် အလုပ်များတွင် ခေါ်ခိုင်းနေသော်လည်း ထိရောက်သည့် အကူအညီများ လုပ်ဆောင်ပေးခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် မုန်တိုင်းဒဏ်ခံရသည့် မြစ်ဝကျွန်းပေါ်မှ ကလေးများသည် ပျောက်ဆုံးသွားသည့် မိဘဆွေမျိုးများကို လိုက်လံရှာဖွေစဉ် လုပ်အားခ အနည်းငယ်သာပေး၍ ခိုင်းစေခံရခြင်းများလည်း ဖြစ်ပေါ်နေကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ၌ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသူ မာဗင်ပါဗက်က ပြောဆိုသည်။

(၅-၆) ကယ်ဆယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် မလုပ်ဆောင်သည့်အတွက် အစာရေ စာများ မရရှိဘဲ ကူးစက်ရောဂါများ ခံစားနေကြရခြင်း၊ အငတ်ဘေးကြုံနေရခြင်း

မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်က ကျေးရွာတရွာတွင် သောက်ရေသန့် မလုံလောက်သည့်အတွက် မသန့်ရှင်းသည့် ရေများကိုသာ သောက်သုံးပြီး ရေစိုစပါးများကို ထောင်းစားနေရသည့်အတွက် ၀မ်းပျက်ဝမ်းလျော ရောဂါများ ဖြစ်ပွားပြီး သေဆုံးမှုများ ရှိနေသည်ဟု ဒေသခံများက ပြောပြကြပါသည်။ ကနစိုချောင်းရွာက အသက် (၇)နှစ်အရွယ် မောင်ဖိုးငယ်နှင့် အသက် ငါးဆယ်ကျော်အရွယ် ဒေါ်တင်ရီဆိုသည့် အမျိုးသမီးသည် ၀မ်းလျောရောဂါနှင့် သေဆုံးခဲ့ကြပြီး မြစ်တိုရွာ၊ ငွေဇင်ယော်၊ ပေါင်နှစ်ချောင်းရွာတွေမှာလည်း ၀မ်းရောဂါတွေ ဖြစ်ပွားနေသည်ဟု ရွာခံများက ပြောပြကြပါသည်။ (သတင်း - ဗွီအိုအေ၊ ဇွန်လ - ၉ရက်)

ဘိုကလေးမြို့နယ် အတွင်းရှိ မုန်တိုင်းကြောင့် အသက်မသေဘဲ ကျန်ခဲ့သူအများစုသည် မုန်တိုင်းတိုက်ခတ်ပြီး တစ်ပတ်ကတည်းက အစာငတ်နေကြသူများဖြစ်ပြီး မကြာမီ အာဟာရချိုတဲ့သည့် ရောဂါများ ဖြစ်လာတော့မည်ဟု Action against Hunger/ Action Contre la Faim (ACF) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြပါသည်။ အသက်မသေ ရှင်ကျန်ခဲ့သူ အများစုသည် နေ့စဉ် အစာရှာဖွေနေရသလို ရသည့်အစာကို မည်သို့ ချက်ပြုတ်ရမည်ကိုလည်း နည်းလမ်းရှာနေရသည်ဟု ဆိုသည်။ ၇၅ %သည် ပင်လယ်ရေနှင့် တိရိစ္ဆာန် အသေကောင်များကြောင့် မသန့်သည့် ရေကန်များမှ ရေကိုသုံးနေရပြီး အိမ်သာ ၉၆ %မှာ ပျက်စီးကုန်သည်ဟု ACF အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။

(၅-၇) သေဆုံးသူများ၏ အလောင်းများကို ကောင်းမွန်စွာ မြှုပ်နှံသဂြိုလ်မှု မပြုသည့်အပြင် လူသတ်မှုနှင့် လုယက်မှုများကို ထပ်မံကျူးလွန်စေလျက် ကပ်ရောဂါများ ထပ်မံဖြစ်ပွားအောင် ဟန့်တားပိတ်ဆို့ နှောက်ယှက်နေခြင်း

လေမုန်တိုင်းကျပြီး နောက်ပိုင်းတွင် သားတကွဲ၊ မယားတကွဲဖြင့် အသက်ရှင်သန် ကျန်ရစ်သူများက မိမိတို့၏ မိသားစု ဆွေမျိုးသားချင်းများ၏ အလောင်းများကို ရှာဖွေခဲ့ကြပါသည်။ ထိုအလောင်းများအနီးသို့ မည်သူ့ကိုမျှ ကပ်ခွင့်မပေးဘဲ ပစ်မိန့်ထုတ်ထားခဲ့ပါသည်။ မိမိတို့မိသားစု ဆွေမျိုးသားချင်းများ၏ အလောင်းများကို ရှာဖွေလိုသူများသည် နေ့ခင်းတွင် မရှာရဲသဖြင့် ညပိုင်းတွင် ခိုးကြောင်ခိုးဝှက်ဖြင့် ရှာကြရပါသည်။

ထိုသူများအနက်မှ ၁၅ ဦးကျော်မှာ ဘိုကလေးမြို့နယ်တွင် နအဖစစ်တပ်များ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါသည်။ အလောင်းများအနီးသို့ သက်ဆိုင်သူများကို ကပ်ခွင့်မပြုသော်လည်း အလောင်းများရှိ ရွှေငွေ လက်ဝတ်လက်စားများကို နအဖ တပ်သားများက လုယက်ယူငင်ခဲ့ကြပါသည်။ ယခုအခါ အလောင်းများမှာ မုတ္တမပင်လယ်ကွေ့ အတွင်းရှိ မွန်ပြည်နယ် သထုံခရိုင်၊ ပင်လယ်ကမ်းခြေများအထိသို့ပင် ရောက်ရှိလာကြ ပါသည်။ အချို့အချို့သော အလောင်းများမှာ ပင်လယ်ထဲသို့ မျောပါခြင်းမရှိဘဲ ရေတွင်းရေကန် ချောင်းမြောင်းများ အတွင်း၌ ပုပ်ပွရုံမျှမက မြင်မကောင်းအောင်ပင် အရိုးနှင့်အသား ကွဲပြားကာ ပုပ်ဆွေးလာလျက် ရှိပါသည်။ ဤကဲ့သို့ဖြင့် ကပ်ရောဂါများ ထပ်မံဖြစ်ပွားလာတော့မည် ဖြစ်ပါသည်။

မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရသော ဧရာဝတီတိုင်းသည် ကရင်အမျိုးသားများ အများစုနေ ထိုင်ရာ ဒေသတစ်ခု ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ် လွန်ကာလများက ဖြစ်ပွားခဲ့သည့် ကရင်အမျိုးသား များနှင့် န၀တ/နအဖအကြား ဘိုကလေး အရေးအခင်းတွင် ကရင်အမျိုးသားများ အများစုအပါအ၀င် ပြည်သူလူထုအား နအဖက ရက်ရက်စက်စက် နှိပ်ကွပ်သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါသည်။

ယခုတစ်ကြိမ် တွင်လည်း နာဂစ်မုန်တိုင်းနှင့် ရော၍ နိုင်ငံရေးအရ တက်ကြွ၊ အားကောင်းသော ဧရာဝတီတိုင်းမှ ပြည်သူ များအား အစုလိုက် အပြုံလိုက် သေစေလိုသည့် (Genocide) သဘောဖြင့် နအဖက အညှိုးအတေးကြီးကြီး ရက်ရက်စက်စက် နှိပ်ကွပ်နေခြင်း ဖြစ်သည်ကို အထင်အရှား တွေ့မြင်နိုင်ပါသည်။

တိုက်တွန်းတောင်းဆိုချက်

အထက်တွင် ဖော်ပြခဲ့သည့် အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ရလျှင် မြန်မာစစ်အစိုးရသည် မုန်တိုင်းဒုက္ခသည်များကို ကူညီရေးထက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို အောင်မြင်စွာကျင်းပပြီး အာဏာဆက်လက် တည်မြဲနိုင်ရေး၊ ပြည်တွင်းပြည်ပမှ အလှူရှင်များကို ဒုက္ခသည်များနှင့် မတွေ့ဆုံအောင် ပိတ်ဆို့တားဆီးရေး၊ နိုင်ငံတကာ အကူအညီများကို စစ်အစိုးရ အာဏာပိုင်များကသာ အဆင့်ဆင့် လက်ဝါးကြီးအုပ် စီမံခန့်ခွဲနိုင်ရေး၊ ဒုက္ခသည်များကို ကန့်သတ်ထိန်းချုပ်ပြီး အများအမြင်တွင် ဒုက္ခသည်များ မရှိတော့သည့်အတွက် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ ၀င်ရောက်ရန်မလို ဟူသည့် အခြေအနေများ ဖန်တီးရန်သာ ဦးတည်လုပ်ဆောင်နေခြင်း ဖြစ်သည်ကို ရှင်းလင်းစွာ သိမြင်နိုင်ပါသည်။

ထိုသို့ မြန်မာစစ်အစိုးရ၏ မုန်တိုင်းဒုက္ခသည်များအပေါ် တာဝန်မဲ့မှု၊ လျစ်လျူရှုမှု၊ ဖိနှိပ်ရက်စက်မှု၊ ဖြစ်ရပ်မှန်များကို ဖုံးကွယ်ပြီး မတရားသဖြင့် ရယူထားသည့် အာဏာဆက်လက်တည်မြဲရေးကိုသာ ဦးစားပေး လုပ်ဆောင်နေမှု၊ အကူအညီပေးမည့် သူများအပေါ် ဟန့်တားနှောက်ယှက်မှု၊ ပိတ်ပင်တားဆီးမှု၊ ကန့်သတ်ချုပ်ချယ်မှုများကြောင့် ယခုအခါတွင် နောက်ထပ် လူအစုလိုက် အပြုံလိုက် သေကြေပျက်စီးနေသည့် အခြေအနေ (Genocide) နှင့် မြန်မာစစ်ခေါင်းဆောင်များ အနေနှင့် ပြည်သူတွေအပေါ် လူသားချင်းဆိုင်ရာ ညှာတာထောက်ထားမှု မရှိဘဲ ရက်ရက်စက်စက် ပြစ်မှုကျူးလွန်နေသည့် အခြေအနေ (Crime against Humanity) များ ဖြစ်ပေါ်နေပြီ ဖြစ်သည့်အတွက် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့် (Responsibility to Protect) အရ နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့များ အမြန်ဆုံး အင်အားသုံး ၀င်ရောက်ပေးပါရန်နှင့် ပြစ်မှုကျူးလွန်နေသည့် မြန်မာစစ်ခေါင်းဆောင်များအား နိုင်ငံတကာ တရားရုံးတွင် ရုံးတင်စစ်ဆေးရန်အတွက် ဖမ်းဆီးခေါ်ဆောင်ပါရန် အလေးအနက် တိုက်တွန်းပန်ကြားအပ်ပါသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုက
၎င်းတို့ကိုယ်စား လုပ်ပိုင်ခွင့်အာဏာ Mandate အပ်နှင်းထားသည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ


ရက်စွဲ ။ ။ ၂၀၀၈ ခုနှစ်၊ ဇွန်လ (၁၆) ရက်။

ဖြန့်ဝေခြင်း -
၁။ ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့အစည်းများ။
၂။ နိုင်ငံတကာ အစိုးရများ။
၃။ လူ့အခွင့်အရေး အဖွဲ့အစည်းများ။
၎။ သတင်းဌာနများ။

ဒေါက်တာလွမ်းဆွေမှ ကူးယူဖေါ်ပြသည်။

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့