.

ဤမှန်သောသစ္စာစကားကြောင့်

Monday, 02, 06, 2008.
ငါ့တွင် အတောင်ရှိ၏
ပျံကားမပျံနိုင်။
ငါ့တွင် အမိအဘတို့ရှိ၏
ငါ့အား စွန့်ခွာ၍ထားခဲ့လေပြီ။
ဤမှန်သောသစ္စာစကားကြောင့်
တောမီးသည်ဝေးရာသို့
ဖဲစေသတည်း။
(ဝတ္တသုတ်လာ သစ္စာဆိုခန်း)

၂ရက် ၅လ ၂၀၀၈ ည ၈နာရီ
ဧရာဝတီတိုင်း
လေပြင်းမုန်တိုင်းရဲ့ အစဟေ့
မကြောက်ကြနဲ့
ငါတို့ရဲ့ယုံကြည်ရတဲ့
မိုးလေဝသဌာနက
မပြင်းလှဘူးလို့ဆိုသကွ။
၃ရက်နေ့ နံနက်
ဟ,ဟုတ်မှဟုတ်ပါ့မလား
မုန်တိုင်းပြင်းလာပုံက
အဝီစိပွက်သလိုပ
တို့အိမ်၊တို့တဲ တို့ဝင်းထဲရှိသမျှ
လေမှာပျံ ကြွလို့
တနာရီမိုင်လေးဆယ်တော့
မကလှဘူးဟေ့
နောက်တနေ့မိုးသောက်တာ
မမြင်ရရှာတော့မယ့်
လူတွေရဲ့
နောက်ဆုံးစကားသံသာ
လေထဲမှာလွင့်ပျံကျန်ခဲ့တယ်။
ငှက်ပျောတောထဲ
ဆင်ဝင်သွားတာမှ
အစအနမြင်ရဦးမှာပေါ့
မနေ့က
စည်ကားသက်ဝင်ကြတဲ့ရွာတွေ
ဘယ်မှာရှိခဲ့လဲဆိုတာ
ရေပြင်ကြီးအလယ်မှာ
ရှာမရတော့ဘူး
အပျက်အစီးအစအနနဲ့
အလောင်းတွေသာမမြင်ရရင်
သက်သေပြစရာတောင်
မကျန်တော့ပါလား။
မိဘမဲ့သွားတဲ့ကလေးတွေရဲ့ငိုသံ
သားသမီးပျောက်တဲ့
မိဘတွေရဲ့ငိုသံ
ချစ်ခင်သူတွေအတွက်ငိုကြွေးသံ
မိုးလုံးညံနေတာ
ကမ္ဘာပျက်သလိုပါပဲ။
သိန်းချီတဲ့လူတွေသေလို့
သန်းချီတဲ့လူတွေ
ဒုက္ခပင်လယ်ဝေစေတာ
နာဂစ်ဆိုတဲ့
ဆိုင်ကလုံးတခုတည်းရဲ့
အပြစ်တွေလား
ကံကိုယုံတဲ့လူသားတွေမို့
ရှိကြပါစေတော့လေ
တို့တတွေကို
စာနာသူတွေက
တတ်နိုင်သမျှကူညီကြမှာပါ။
ဘယ်လိုလဲ ဟ
ဒီန.အ.ဖ.တွေက
သူတို့ကိုယ်တိုင်ကျ
ဘာမှမလုပ်ပေးပဲ
နိုင်ငံတကာက အကူအညီပေးဖို့
အရေးဆိုနေတာတောင်
ဟိုလူကျ မဝင်ရ
ဒီလူကျ စိတ်မချရလို့ဆိုပြီး
တို့အလောင်းတွေကိုခွလို့
ကြေးများနေကြသေးတယ်။
သူတို့အာဏာရူးဖို့ကျတော့
သိတတ်လိုက်ကြတာ
Referendum ကို
နောက်ဆုတ်မရဘူးတဲ့
ထောက်ခံမဲပေးဖို့
သီချင်းလွှင့်တဲ့အကြိမ်ရဲ့
တဝက်လောက်သာ
တို့တွေကိုစာနာတယ်လို့ပြောရင်
ထောက်ခံမဲတောင်
ပေးလိုက်ချင်ပါရဲ့။
အမှတ်ယူသလိုလိုဘာလိုလိုနဲ့
သူများလာလှူတဲ့ပစ္စည်းတွေမှာ
သူတို့နာမည်တွေကပ်
သူတို့မို့မရှက်တတ်တယ်။
မိန့်ခွန်းခြွေတာနဲ့
အမိန့်ပေးတာကအပ
ဘာမှမလုပ်တတ်တဲ့
ဒီန.အ.ဖ ရဲ့လက်မှာ
မုန်တိုင်းနဲ့ရေဘေးက
ကံသီလို့လွတ်ခဲ့တဲ့တို့တတွေ
ငတ်လို့မသေတောင်
ကူးစက်ရောဂါနဲ့
အကုန်ပြောင်ရတော့မလား
တို့တတွေမှာသစ္စာဆိုယုံမှတပါး
အားကိုးရာမရှိတော့ပါ။
“ငါတို့တွင် ငါတို့မရွေးချယ်ပဲ
အတင်းအာဏာယူထားသော
အစိုးရဆိုသူလူတစုရှိပါသည်
သူတို့ဆွေမျိုးကောင်းစားရေးနှင့်
အာဏာရူးခြင်းမှအပ
ဘာမှသုံးမရပါ ”။
“ငါတို့အား
ဒီမိုကရေစီထွန်းကားသော
နိုင်ငံများနှင့်
ကမ္ဘာ့ပြည်သူများက
စာနာသနားကြသော်လည်း
ဒင်းတို့အားရှုတ်ချရုံမှလွဲ၍
ဘာမှလုပ်မပေးကြပါ”။
“ဤမှန်သောသစ္စာစကားကြောင့်
ဤသို့သောအာဏာရူးများနှင့်
ဘဝဆက်တိုင်းမဆုံရပါစေသား”
“ဖြစ်လေရာဘဝတိုင်းမှာ
ဒီမိုကရေစီထွန်းကားသော
နိုင်ငံတွင်သာ
လူပီသသော
လူဖြစ်ရပါစေသား
လူပီသသော
လူဖြစ်ရပါစေသား” ။ ။

ရွက်စိမ်း

ဤပို့စ်ရဲ့အပေါ်ထင်မြင်သုံးသပ်ချက်

Print this post

0 comments:

Post a Comment

Bookmark and Share
    ဖြတ်သန်းခြင်း(မရေရာမှုများစွာဖြင့်)

    Blog Archive

    အပြုသဘောမျိုးပြောခဲ့ပါ။

    ရွေးချယ် ဖတ်ရှုဖွယ်ရာ

    ဒေါ်လာပေါက်ဈေးသိဖို့

    အလျဉ်းသင့်ရာပေါ့

^ အပေါ်သို့